ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ပြည်ဝင်ခွင့် အာဖဂန်တာလီဘန်တွေ တားမြစ်

အာဖဂန် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Richard Bennett (မေ ၂၆၊ ၂၀၂၂)

ကုလသမဂ္ဂက ခန့်အပ်ထားတဲ့ အာဖဂန် လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Richard Bennett ကို အာဖဂန်နစ္စတန် နိုင်ငံထဲ ဝင်ရောက်ခွင့် တာလီဘန် အစိုးရက ပိတ်ပင်လိုက်ပါတယ်။ လူ့အခွင့်အရေး အခြေအနေတွေကို စောင့်ကြည့်စစ်ဆေးတဲ့ အထူးကိုယ်စားလှယ်ဟာ ဝါဒဖြန့်နေတယ်လို့ စွပ်စွဲပြီး ပြည်ဝင်ခွင့် ပိတ်ပင်လိုက်ကြောင်း တာလီဘန်အစိုးရ ပြောခွင့်ရက အာဖဂန် ဒေသတွင်း Tolo အသံလွှင့်ဌာနကို ပြောခဲ့တာပါ။ ၂၀၂၁ ခုနှစ်က အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန် အစိုးရ အာဏာယူခဲ့ပြီးတဲ့နောက် တနှစ်အကြာ ၂၀၂၂ ခုနှစ်မှာပဲ အာဖဂန်နိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာ စောင့်ကြည့်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက Richard Bennett ကို အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့တာပါ။

အာဖဂန် အမျိုးသမီးနဲ့ မိန်းခလေးငယ်တွေ အပေါ် တာလီဘန်အစိုးရရဲ့ ဆက်ဆံမှုတွေဟာ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု ကျူးလွန်ရာ ရောက်နိုင်တယ်လို့ ပြောဆိုထားတဲ့ အထူးကိုယ်စားလှယ် Bennett ဟာ အာဖဂန်နိုင်ငံကို အကြိမ်များစွာ သွားရောက်ခဲ့ပြီး လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာခဲ့သူ ဖြစ်ပါတယ်။ ခုတကြိမ် အာဖဂန်နိုင်ငံထဲ ဝင်ရောက်ဖို့ တာလီဘန်အစိုးရက ပိတ်ပင်လိုက်တာနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေး ကောင်စီဘက်က တုံ့ပြန်ချက်တော့ လောလောဆယ် ထွက်မလာသေးပါဘူး။

တာလီဘန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ Abdul Qahar Balkhi ကတော့ အထူးကိုယ်စားလှယ် Bennett အနေနဲ့ အာဖဂန်နိုင်ငံထဲ ပြည်ဝင်ခွင့် ဗီဇာ ရဖို့ အကြိမ်ကြိမ် တောင်းဆိုနေပေမဲ့ ရမှာမဟုတ်ကြောင်း၊ သူ့ရဲ့ အစီရင်ခံစာတွေက အာဖဂန်ပြည်သူတွေရဲ့ အကျိုးစီးပွားကို ထိခိုက်စေတဲ့ ပြောဆိုမှုတွေ၊ မလိုမုန်းတီးမှုတွေကို အခြေခံ ပြောဆိုနေတာတွေကြောင့် ဖြစ်တယ်လို့ ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

Your browser doesn’t support HTML5

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ပြည်ဝင်ခွင့် အာဖဂန်တာလီဘန်တွေ တားမြစ်