ရှမ်း−ကယားနယ်စပ်တိုက်ပွဲမှာ စစ်ကောင်စီ လေကြောင်းကပါ တိုက်ခိုက်နေ

  • ဇော်ဝင်းလှိုင်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အတွင်း ထိုးစစ်မှာ မီးရှို့ခံရတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - KNDF/မတ်လ ၁၁၊ ၂၀၂၃)

ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်၊ ဒေသအခေါ် ကရင်နီနယ်စပ်တကြောမှာ နေ့စဉ် ရက်ဆက်ဆိုသလို တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတယ်လို့ KNDF တာဝန်ရှိသူတွေက VOA ကို ပြောပါတယ်။ ကယားနယ် ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းနဲ့ ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်၊ ခေါင်းအိ ကျေးရွာဖက်မှာ ဖြစ်ပွားနေတာပါ။ မနေ့ မတ်လ ၁၆ ရက်နေ့က ဒီးမော့ဆိုတိုက်ပွဲအတွင်းမှာ စစ်ကောင်စီဖက်က လက်နက်ကြီးအပြင် ရဟတ်ယာဉ်နဲ့ပါ ဗုံးကြဲ တိုက်ခိုက်နေပါတယ်။ ဒီသတင်းပေးပို့ချက်ကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က ပြောပြပါမယ်။

ကယားပြည်နယ်၊ ဒေသအခေါ် ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်ဖွဲ့တွေအကြား ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့ထဲက တိုက်ပွဲ စတင်ခဲ့ပြီး မနေ့ မတ်လ ၁၆ ရက်နေ့အထိ ဆက်လက် ဖြစ်ပွားနေတာလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ပြန်ကြားရေးတာဝန်ခံတစ်ဦးက VOA ကို ပြောပါတယ်။
အလားတူ ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာမှာလည်း တိုက်ပွဲဖြစ်နေတယ်လို့ ပြောပါတယ်။

“ဒီးမော့ဆိုအရှေ့ဖက်ခြမ်းပေါ့နော်၊ အဲ့မှာ ဒီနှစ်ဖက် စစ်ကြောင်းညှပ်ထိုးနေတာရှိတယ်။ ဒီ ဘောလခဲကနေ ဒေါ်သမကြီးဖက်ကို ထိုးနေတဲ့ စစ်ကြောင်းနဲ့ တိုက်ပွဲပြင်းထန်ဖြစ်နေတာ ဒီနေ့ အထိပဲပေါ့နော်။ နောက် ဒီဖက်မှာလည်း နန်းဟူတွေတို့၊ ဒေါစဲတို့ အဲ့ဖက်ခြမ်းကနေ ထိုးစစ် ဆင်နေတဲ့စစ်ကြောင်းနဲ့လည်း တိုက်ပွဲဖြစ်နေတာ ဒီနေ့အထိပဲပေါ့နော်။ ပြီးတော့ ဒီကျနော်တို့ ဖယ်ခုံမြို့နယ်ထဲက ခေါင်းအိတို့ ဘာတို့ဖက်မှာလည်း ဖြစ်နေတယ်ပေါ့နော်။ ခေါင်းအိ ကျေးရွာတို့ဖက်မှာလည်း တိုက်ပွဲဖြစ်နေတာ ရှိတယ်ဟုတ်။”

ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းဖြစ်တဲ့ တိုက်ပွဲမှာ စစ်ကောင်စီဖက်က ရဟတ်ယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ KNDF က ပြောပါတယ်။

“ဒီနေ့ဆိုလို့ရှိရင် ဒီးမော့ဆိုမြို့နယ်အရှေ့ဖက်ခြမ်းပေါ့လေ၊ အရှေ့ဖက်ခြမ်းဆိုလို့ရှိရင် နေ့လည် ၂နာရီ နဲ့ ၃နာရီလောက်ကြာထင်တယ်။ ကျနော်ခန့်မှန်ခြေပေါ့လေ။ ကျနော်တို့ အချိန်မမှတ်ထားရလို့ပါ။ လေယာဉ်နဲ့ လာပစ်တာရှိတယ် လေယာဉ်တော့ မဟုတ်ဘူး။ ဒီရဟတ်ယာဉ်နဲ့ပေါ့လေ။ ရဟတ်ယာဉ်နဲ့ ၅ခေါက်လောက် ထပ်ပြီးတော့မှ လာပစ်သွားတာ ရှိတယ်ပေါ့နော်။”

ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းမှာ တိမ်းရှောင်နေတဲ့ စစ်ရှောင်တစ်ဦးကတော့ မနေ့က နေ့ခင်းပိုင်းတည်းက လက်နက်ကြီးပစ်ခတ်သံတွေ တောက်လျှောက် ကြားနေသလို လေယာဉ်နဲ့လည်း တိုက်ခိုက်တဲ့အကြောင်း ပြောပါတယ်။

“အစက ၁၁ နာရီ ၁၂ နာရီမထိုးခင်က အသံစကြားရတာ သူက လက်နက်ကြီးနဲ့ လှမ်းထုနေတယ် အဲ့အချိန်ကတည်းက၊ နောက် ၁နာရီမထိုးလောက်ထင်တယ်။ အဲ့ချိန်က သူတို့ လေယာဉ်နဲ့ လာပတ်ရမ်းနေတာ နာရီဝက်လောက်ရှိမယ်ထင်တယ်၊ လေယာဉ် ပတ်ရမ်းတာလေ။ ပစ်တာတော့ အဲ့လောက်ထိ အကြာကြီးမပစ်ဘူး ၁၀ မိနစ် ၁၅မိနစ်လောက်ပဲ။ လေယာဉ်လိုက်ပတ်ရမ်းနေတဲ့အချိန်ဆို ကျနော်တို့က ခြုံအောက် ဝင်ပုန်းနေတာပဲ၊ အပြင်မထွက်ရဲတော့ဘူး။ တဲအောက်မှာလည်း မနေရဲတော့ဘူး အဲ့ချိန်ဆို။”

ဒီတိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်တာ မရှိပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်း ပင်းလောင်းနယ်၊ လုံပျဉ်ရွာနဲ့ စောင်းပြောင်းရွာဘက်မှာ ပြည်သူ့ကာကွယ်ရေးတပ်က စစ်ရေးလှုပ်ရှားနေတာကြောင့် စစ်ကောင်စီဘက်က နယ်မြေရှင်းလင်းရေး လုပ်ငန်းတွေ လုပ်ဆောင်နေတာရှိတယ်လို့ စစ်ကောင်စီပြောခွင့်ရ ပုဂ္ဂိုလ်က VOA ကို ပြောထားပါတယ်။

နေ့စဉ်ဖြစ်နေတဲ့ တိုက်ပွဲတိုင်းမှာ စစ်ကောင်စီဖက်က အကျအဆုံးများ အထိနာနေတာကြောင့် လေကြောင်း ပစ်ကူတွေ အဓိကထား အသုံးပြုနေတာလို့ KNDF ပြန်ကြားရေးတာဝန်ခံက ခုလို ပြောပါတယ်။

“တိုက်တဲ့တိုက်ပွဲတွေတိုင်းမှာ ကျနော်တို့က အကောင်းဆုံးရလဒ်တွေ ရထားတယ်ပေါ့နော်။ ရလဒ်ကောင်းတွေ ရထားတယ်။ ဒီလိုအခြေအနေကြောင့်ပဲ စစ်ကောင်စီက အကျအဆုံးများတယ်၊ အထိအခိုက်များတယ်။ အဲ့လို အထိခိုက်များလာပြီ အကျအဆုံးများလာပြီဆို စစ်ကောင်စီက ဒီ လေကြောင်းကို အဓိကထားပြီး အသုံးပြီး တိုက်ခိုက်တတ်တယ်ပေါ့လေ။ အဲ့ဒါကြောင့်မို့လိုပဲ ကျနော်တို့ကို ဒီလေကြောင်းနဲ့ အသုံးပြုပြီးတော့ လာရောက်ပစ်ခတ်တာမျိုးတွေ လုပ်တယ်ပေါ့နော်။”

တိုက်ပွဲကြောင့် သောင်းနဲ့ချီတဲ့ ရွာသူရွာသားတွေဟာ အိုးမဲ့အိမ်မဲ့ဘဝအနေနဲ့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာ ဆေးဝါး အဝတ်အထည် စောင်၊ အမိုးအကာစတဲ့ အကူအညီတွေ အလွန်အမင်း လိုအပ်နေကြပါတယ်။

{Unicode}










