ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုနဲ့ သီပေါမြို့နယ်တွေမှာတိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာကြောင့် နောင်ချိုမြို့နယ်က အနည်းဆုံး ကျေးရွာ ၈ရွာက အရပ်သားတွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြရပါတယ်။ လားရှိုးမှာတော့ ကိုးကန့်တပ် MNDAA က လူထုအစည်းအဝေးခေါ်ယူပြီး မြို့မှာ ပြန်လည်နေထိုင်လို့ရကြောင်း အသိပေး ပြောဆိုခဲ့တယ်လို့ လားရှိုးမြို့ခံက ပြောပါတယ်။ ရန်ကုန်က သတင်းပေးပို့တာကို အခြေခံပြီး တင်ပြထားပါတယ်။
ညီနောင်မဟာမိတ်တွေရဲ့ ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂မှာ လားရှိုး၊ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်၊ မိုးကုတ်မြို့တွေကို သိမ်းယူလိုက်ပြီးတဲ့နောက် ကျန်ရှိနေတဲ့ သီပေါမြို့မှာ စစ်ကောင်စီတပ်နဲ့ တအန်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA အကြားတိုက်ပွဲတွေ ပြင်းထန်ခဲ့သလို နောင်ချိုမြို့နယ်အတွင်းမှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာပါ။ လတ်တလော နောင်ချိုမြို့နယ်အတွင်းဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေကို ဒေသခံတဦးက ဗွီအိုအေ ကို အခုလို ပြောပါတယ်။
“ နောင်ချိုဘက်မှာ အခုက အင်းဝိုင်းဘက်၊ အင်းဝိုင်း ၊ ဘန့်ဘွေးဘက်မှာ တွယ်နေတယ်။ ၅ရက်လောက်ရှိပြီပေါ့။ အခု ရွှေမုဋ္ဌောဟိုဘက် တောင်ခမ်းဘက်ပေါ့။ ရွှေမုဋ္ဌော - တောင်ခမ်းကြား။ စကခ သူတို့ချထားတဲ့ အထိုင်စခန်းတွေပေါ့။ ယာယီ အထိုင်တွေပေါ့။ သူတို့ ရပ်စောက်ဘက်ကို မလာအောင်ကာထားတဲ့နေရာတွေပေါ့။ ယာယီ ကင်းချထားတဲ့နေရာတွေ။ ”
နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲကြောင့် အနီးအနားက ကျေးရွာ ၈ ရွာထက်မနည်း ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်နေရကြောင်းလည်း သူက ဆက်ပြောပါတယ်။
“ အနီးအနားကျေးရွာတွေကတော့ ရွာလုံးကျွတ်ပြောင်းတာတွေ များတာပေါ့။ လောလောဆည် ရွာတွေကတော့ စကစက လေယာဉ်နဲ့ ဗုံးလာကြဲတော့ အထိအခိုက်တွေတော့ ရှိတာပေါ့။ မနေ့က ကြဲတာ။ ပြောင်းတဲ့ရွာက ဘန့်ဘွေးရွာ၊ ရွှေမုဋ္ဌောရွာ၊ ရေဖြူရွာ၊ နောက် သဲခေါ်၊ ရေမောင်းတန်း၊ နောင်တော၊ ယာပြင်၊ သရက်ချို။ ”
SEE ALSO: ရှမ်းမြောက်စစ်ဆင်ရေးနဲ့ နိုင်ငံတကာသုတေသီတွေအမြင်သီပေါမြို့မှာတော့ ဒီလ ၁၀ရက်နေ့က စတင်ပြီး တိုက်ပွဲပြင်းထန်ခဲ့သလို ၁၁ ရက်နေ့ညပိုင်းထိ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပါတယ်။ ၁၁ ရက်နေ့ညပိုင်းမှာ သီပေါမြို့နဲ့ အနီးတုံစင့်ကျးရွာတွေကို စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်ခဲ့ကြောင်းနဲ့ မြို့ခံအချို့သေဆုံးတာရှိတယ်လို့ ဗွီအိုအေက ဖုန်းဆက်သွယ်လို့ ရရှိတဲ့ လုံခြုံရေးအရ အမည်မဖေါ်လိုတဲ့ သီပေါနယ်ခံတဦးက ပြောပါတယ်။ လောလောဆယ်မှာတော့ သီပေါထောင်ပွင့်သွားပြီဖြစ်သလို စံဖိတ်ရွာကိုလည်း TNLA က သိမ်းယူသွားပြီဖြစ်ကြောင်း သူက ပြောပါတယ်။
သီပေါမြို့မှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေပြတ်တောက်နေတာကြောင့် အခြေအနေအသေးစိတ်ကို စုံစမ်းဖို့ အခက်အခဲတွေ ရှိနေပါတယ်။
သီပေါမြို့ခံတွေနဲ့ နီးစပ်သူအချို့ကတော့ သီပေါမြို့ကို TNLA က တနင်္ဂနွေနေ့က သိမ်းယူလိုက်ကြောင်း ၊ မြို့ခံပြည်သူ အားလုံးနီးပါးဟာ မန္တလေး၊ ပြင်ဦးလွင်နဲ့ ကျောက်မဲမြို့ဘက်ကတွေကို တိမ်းရှောင်သွားကြကြောင်း ပြောပေမဲ့ သီးခြားအတည်ပြုလို့တော့ မရသေးပါဘူး။
ဒေသတွင်းအခြေစိုက် ရွှေဖီမြေသတင်းဌာနကတော့ သီပေါထောင်ကနေ နိုင်ငံရေးအကျဉ်းသား ၂၉ဦးအပါအဝင် အကျဉ်းသား ၁၀၀ကျော်ကို TNLA က ကယ်ထုတ်နိုင်ကြောင်း သတင်းဖော်ပြထားပါတယ်။
TNLA ရဲ့ တယ်လီဂရမ် ပြန်ကြားရေးစာမျက်နှာမှာတော့ နောင်ချိုမြို့နယ် တောင်ခမ်းနဲ့ မက်မန်းတော ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားနေကြောင်း၊ နောင်ချိုမြို့နယ်အတွင်းကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ၃ကြိမ်၊ Y12 လေယာဉ်နဲ့ ၃ကြိမ် စုစုပေါင်း ဗုံး အလုံး ၂၀ ကြဲချခဲ့ကြောင်းနဲ့ သီပေါမြို့မှာတော့ တိုက်ပွဲဖြစ်ပွားနေတဲ့ ခလရ ၂၃ တပ်စခန်းနေရာမှာ Y12 လေယာဉ်နဲ့ ၁၂ကြိမ်၊ ဗုံးအလုံး ၈၀ကျော် ကြဲချခဲ့ကြောင်း ဖော်ပြထားပါတယ်။
သီပေါမြို့ကို သိမ်းယူလိုက်ပြီဆိုတဲ့သတင်းကိုတော့ TNLA က သတင်းထုတ်ပြန်ထားတာ မတွေ့ ရသလို TNLA ပြောခွင့်ရသူကို ဆက်သွယ်ရာမှာလည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။
လားရှိုးမြို့မှာတော့ MNDAA ကိုးကန့်တပ်တွေက ဒီလ ၁၀ရက်နေ့က မြို့ခံပြည်သူတွေကို အစည်းအဝေးခေါ်ယူပြီး နေရပ်ပြန်နေထိုင်လို့ ရပြီဖြစ်ကြောင်း အသိပေးခဲ့တယ်လို့ လားရှိုးမြို့ခံ တဦးက ပြောပါတယ်။
“ သူတို့အဖွဲ့က အစည်းအဝေးလာလုပ်ပြီးမှ လူတွေ ပြန်နေလို့ ရတယ်ပေါ့နော်။ ရဲရှိတယ်ပေါ့၊ တခုခုဖြစ်ရင် ရဲကိုအကြောင်းကြား၊ လူသေရှိရင်လည်း သူတို့ လုပ်ပေးမယ်၊ အမှိုက်တွေဘာတွေလည်း ရှင်းပေးမယ်။ Wifi တွေ တပ်ပေးမယ် အဲဒါ လာပြောတာ။ မန်ဆူရှမ်းကျောင်းမှာကျတော့ ဆန်ပေးတယ်။ Wifi သုံးလို့ ရတယ်။ ရပ်ကွက် ၄နားက အောင်ဆေးခန်းမှာလည်း wifi လွှင့်ထားပေးတယ်။ အဲဒါတွေ လာပြောသွားတာ။ ပြီးရင် သူတို့ အလံထောင်ထားပြီးပြီ။ ဘယ်နားဖြစ်ဖြစ် သူတို့ အလံထောင်လိုက်ပြီ။ ”
တိမ်းရှောင်နေတဲ့ လားရှိုးဒေသခံအချို့ကတော့ စစ်ကောင်စီက လားရှိုးမြို့ကို လေကြောင်းက တိုက်ခိုက်တာတွေ ရှိလာမှာ စိုးရိမ်တာကြောင့် မပြန်ရဲသေးကြောင်း ပြောဆိုတာတွေလည်း ရှိနေပါတယ်။ လောလောဆယ်မှာတော့ လားရှိုးမြို့တွင်းကို ဖုန်းခေါ်ဆိုလို့ မရသေးဘဲ မြို့ခံတွေအနေနဲ့ ဖုန်း ပြောချင်ရင် မြို့ပြင် ၁၂မိုင်မှာ လာရောက် ခေါ်ဆိုနေရတာဖြစ်ပါတယ်။
ဒီရက်ပိုင်းမှာတော့ TNLA ထိန်းချုပ်ထားတဲ့ နမ္မတူမြို့နဲ့ MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို မော်တော်ယာဉ်တွေ ပြေးဆွဲမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ စစ်ကောင်စီဘက်ကတော့ သီပေါ တိုက်ပွဲနဲ့ ပတ်သက်လို့ သတင်း ထုတ်ပြန်ခြင်းမရှိသေးပါဘူး။
Your browser doesn’t support HTML5