ကယားပြည်နယ် ဒီမော့ဆိုမြို့နယ် အနောက်ခြမ်းက စစ်ရှောင်စခန်းတခုကို ဒီနေ့ မနက်အစောပိုင်းက စစ်လေယာဉ် ၂ စင်း လာပြီး ဗုံးကြဲလို့ အသက် ၂ နှစ်ကျော်အရွယ် ကလေးငယ် တဦး အပါအ၀င် လူ ၃ ဦး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေနဲ့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။ ဒီရက်ပိုင်း တိုက်ပွဲတွေ ငြိမ်နေတဲ့အချိန်၊ လူ ၃,၀၀၀ လောက် ရှိတဲ့ ကိန်းဒိန်း စစ်ရှောင်စခန်း တိုက်ခိုက်ခံရတာလို့လည်း ပြောပါတယ်။ ကရင်နီပြည်ဘက်က အခြေအနေ သတင်းပေးပို့ချက်ကို မဆုမွန် က တင်ပြပေးပါမယ်။
ဒီကနေ့ ဇူလိုင်လ ၄ ရက် မနက်အစောပိုင်း ၂ နာရီလောက်မှာ ဒီမော့ဆိုမြို့နယ် အနောက်ခြမ်းက စစ်ရှောင်ပြည်သူတွေနဲ့ ရွာခံတွေ ရှိနေတဲ့ လိုပူကျေးရွာအုပ်စု၊ ကိန်းဒိန်းစစ်ရှောင်စခန်းကို စစ်ကောင်စီတပ်ဖွဲ့တွေက လေယာဉ် ၂ စင်းနဲ့လာပြီး ဗုံးကြဲ တိုက်ခိုက်သွားတာလို့ စစ်ရှောင်ဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။
“ကလေးငယ် ၁ ယောက်ပါတယ်ဗျ။ စစ်ရှောင်တွေ နေတဲ့ရွာပေါ့နော်။ ရွာဆိုပေမဲ့လည်း စစ်ရှောင်တွေက ရွာဘေးတွေမှာ သွားနေ နေတဲ့ အခါကျတော့ အဲ့ဒီမှာ သူတို့က စစ်ရှောင်စခန်းကိုပဲ မဲပြီးတော့ ချတဲ့ သဘောရှိတယ်ဗျ။ စစ်ရှောင်စခန်းအနေနဲ့ နေ နေကြပြီးတော့ ပညာသင်ကြားတဲ့ ကလေးတွေအတွက်ဆိုပြီးတော့ ယာယီပုံစံမျိုးနဲ့ မိုးကာအမိုးနဲ့ စာသင်ကျောင်း ဆောက်ထားတာမျိုး ရှိတယ်ဗျ။ အဲ့ဒီနေရာပဲ ကျသွားတယ်ဗျ။”
စုစုပေါင်း ဗုံး ၃ လုံး ကြဲခံရတာဖြစ်ပြီး တလုံးက စစ်ရှောင်စခန်းနဲ့ ကပ်လျက် ဘောလုံးကွင်းမှာ ကျရောက် ပေါက်ကွဲတာကြောင့် ဒေါငံခါး ကျေးရွာကနေ စစ်ရှောင်လာတဲ့ အသက် ၂၇ နှစ်အရွယ် အမျိုးသား ညာဘက်ပေါင်မှာ ဒဏ်ရာ ရပြီး အသက် (၃၀) ရွယ် ဒေါ်မနွဲ့မှာ ဘယ်ဘက် လက်ချောင်း ၃ ချောင်း ပြတ်ထွက် ဒဏ်ရာရပြီး သားဖြစ်သူ အသက် (၃) နှစ်အရွယ် ကလေးငယ်ကတော့ ဦးခေါင်းဒဏ်ရာ ရရှိခဲ့ပါတယ်။ ကလေးငယ်ဟာ နှလုံးရောဂါအခံရှိသူ ဖြစ်တယ်လို့လည်း သိရပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ယာယီ စာသင်ဆောင် ၂ ဆောင်၊ ခန်းမဆောင် တဆောင်ပျက်စီးပြီး စစ်ရှောင်တဲ အချို့လည်း ဗုံးစ ထိမှန်ပျက်စီး ခဲ့တယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ကိုဗညားက ဗွီအိုအေကို စာနဲ့ ပြောပြပါတယ်။
ဒီကနေ့ စစ်လေယာဥ်နဲ့ တိုက်ခိုက်ခံရတဲ့ နေရာမှာ စစ်ရှောင်နဲ့ရွာခံ ၃,၀၀၀ လောက် ရှိနေပြီး ဒီရက်ပိုင်း တိုက်ပွဲ ငြိမ်နေတဲ့အချိန်မှာ ထင်မှတ်မထားဘဲ တိုက်ခိုက်ခံရတာလို့ စစ်ဘေးရှောင်ဒေသခံက ပြောပါတယ်။
“ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာတော့ ဒီနေ့ထိပေါ့နော် တိုက်ပွဲတွေ အဲ့လိုမျိုးတွေ မရှိဘူးဗျ။ ညက အဓိက အခု ဗုံးကြဲ သွားတဲ့ နေရာကျတော့ တိုက်ပွဲလုံးဝ မဖြစ်ဖူးသေးတဲ့ နေရာဗျ။ ပြီးတော့ တိုက်ပွဲဖြစ်တဲ့ နေရာနဲ့လည်း ၁၅ မိုင် ၁၆ မိုင်ဝန်းကျင်လောက် ဝေးတယ်ဗျ။”
တိုက်ပွဲတွေ ငြိမ်နေချိန်မှာ ခုလို လေကြောင်းက လာပစ်တာဟာ အကြောင်းမဲ့ တမင်သက်သက် တိုက်ခိုက်တာ ဖြစ်ပြီး လက်ခံနိုင်စရာ မရှိဘူးလို့လည်း အဲ့ဒီ စစ်ဘေးရှောင်တွေက ပြောပါတယ်။
“ဘယ်လိုပြောလို့ ပြောရမှန်းကို မသိတော့ဘူးဗျ။ ဘာလို့ဆိုရင် ဒါက လုံးဝမဖြစ်သင့်တဲ့ နေရာမျိုးပေါ့နော်။ ပြည်သူတွေကလည်း တော်တော်များများလည်း အခုဆိုရင် တော်တော်လေး ဒုက္ခရောက်နေတဲ့ အနေအထားမှာ ရှိနေပြီးလေ။ ဘာလို့ဆိုရင် စစ်ရှောင်နေရတာလည်း တချို့ဆိုရင် နှစ်နဲ့ချီနေကြပြီးဆိုတော့ နောက် တနေရာပြီး နေရာ အဲ့လို ရှောင်နေကြတာပေါ့နော်။ နောက်တိုက်ပွဲ ဖြစ်ပွားတဲ့ နေရာမျိုးမှာ လေယာဉ်နဲ့ ဗုံးကြဲတာတို့ လေယာဉ်နဲ့ပစ်တာတို့ဆိုရင် ဒါတော့ လက်ခံနိုင်သေးတာပေါ့နော်။ အခုက လုံးဝကြီး စစ်ရှောင်တွေ နေတဲ့နေရာကိုမှ ပစ်မှတ်ထားပြီးတော့ တိုက်ခိုက်တာတွေကတော့ ဒါလုံးဝ မခံမရပ်နိုင်တဲ့ အနေအထားမျိုး။”
ဒီမော့ဆို နယ်တခွင်မှာ တိုက်ပွဲ ဖြစ်နေချိန် မဟုတ်ဘဲ လေကြောင်းကနေ ခုလို လာရောက်ပစ်ခတ်တာတွေ မကြာခန ကြုံရလို့ စစ်ရှောင်တွေ ဒုက္ခမျိုးစုံ ရောက်နေကြတာလို့လည်း ဒေသခံတွေက ပြောပါတယ်။ အခုလို မိုးရာသီကာလမှာ တနေရာပြီးတနေရာ ပြောင်းရွှေ့ တိမ်းရှောင်ရတဲ့အခါ ပိုပြီး ဒုက္ခရောက်ကြရတယ်လို့ ဒီမော့ဆိုမြို့ကနေ မကြာသေးခင်က စစ်ဘေး တိမ်းရှောင်လာသူတဦးက ပြောပါတယ်။
“ဒုက္ခရောက်ပါတယ်။ ဘာလို့လဲဆို ဒီလိုမျိုး မိုးရာသီဆို ပိုပြီးတော့ အဆင်မပြေဖြစ်တယ်။ နေရထိုင်ရလည်း အဆင်မပြေဖြစ်တယ်။ အဲ့လက်နက်ကြီးက တမျိုး၊ လေယာဉ်ကလည်း တမျိုးဆို ပိုဆိုးတာပေါ့။ မပစ်ရင် မဖြစ်ရင် အကောင်းဆုံးပေါ့။ ကိုယ်က ဘာမှမတတ်နိုင်တဲ့ အခြေအနေ။ ကိုယ်ပြောလည်း ဘာမှ မထူးခြားသွားတဲ့ အခြေအနေပဲဆိုတော့ အတတ်နိုင်ဆုံး ဒီလို ပြည်သူလူထုတွေ နေတဲ့ စစ်ရှောင်တွေနေတဲ့ ဘက်ကို လက်နက်ကြီး မပစ်ရင်တော့ ပိုကောင်းမှာပေါ့။ ဘာလို့လဲဆို တိုက်ပွဲဖြစ်ရင် ဖြစ်တဲ့နေရာပဲ လက်နက်ကြီးပစ်ရင်တော့ ကိစ္စမရှိဘူးလေး။ ဘာတိုက်ပွဲ မဖြစ်ဘဲနဲ့ ပစ်တယ်ဆိုတော့ ကလေးတွေရော သက်ကြီးမိဘတွေရော အဆင်မပြေဘူးပေါ့။ ဘယ်လိုပြောမလဲ နှလုံးရောဂါတွေတောင် ရနိုင်တယ်။ ကလေးတွေဆိုလည်း စိတ်ဒဏ်ရာတွေ ရကုန်ပြီ။ အဲ့ဘက် တကြောလုံးရှင့်။”
စစ်တပ် အာဏာသိမ်းမှုနောက်ပိုင်း ကရင်နီပြည်မှာ အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်သူတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ တနေ့တခြား ပိုမို ပြင်းထန်လာခဲ့သလို၊ စစ်ရေး ပဋိပက္ခတွေကြောင့် ဒေသခံတွေ သောင်းနဲ့ချီ အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြရပြီး အခက်အခဲမျိုးစုံ ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5