လေကြောင်းတိုက်ခိုက်မှုကြောင့် မောင်တောမှာ အကျဉ်းသား ၅၀ ကျော် သေဆုံးကြောင်း AA အဖွဲ့ သတင်းထုတ်ပြန်

မောင်တောမြို့က အကျဉ်းစခန်းတခုမှာ စစ်ကောင်စီတိုက်ခိုက်မှုကြောင့်အကျဉ်းသားတွေသေဆုံးခဲ့ကြောင်း AA ထုတ်ပြန်ခဲ့ (စက်တင်ဘာ ၁၀၊ ၂၀၂၄)

တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့က အကျဉ်းစခန်းတခုမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖမ်းဆီးထားသူ ၅၀ ကျော် သေဆုံးကြောင်း အာရက္ခတပ်တော် (AA) အဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားသေကျေထိခိုက်မှုတွေအတွက် ကုလသမဂ္ဂနဲ့ နိုင်ငံတကာက သတိပေးနေတဲ့ ကြားမှာပဲ အသေအပျောက်သတင်းတွေ ဆက်လက် ထွက်ပေါ်နေတာပါ။ ရခိုင်ပြည်နယ်က စစ်ရေးပဋိပက္ခ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ ထားတာကို အခြေခံပြီး တင်ပြထားပါတယ်။

အာရက္ခတပ်တော် (AA) အဖွဲ့ထိန်းချုပ်ထားတဲ့ မောင်တောမြို့က စစ်သုံ့ပန်းတွေနဲ့ အရပ်သားတွေကို ထိန်းသိမ်းထားတဲ့ အကျဉ်းစခန်းမှာ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူ ၅၀ ကျော် သေဆုံးကြောင်း ဒီကနေ့ပဲ သတင်းထုတ်ပြန်ခဲ့တာပါ။ AA အဖွဲ့က ထုတ်ပြန်ထားတဲ့ Video ဖိုင်ထဲမှာတော့ အဆောက်အဦအပျက်အစီးတွေကြားထဲကနေ ဒဏ်ရာတွေနဲ့ အကူအညီတောင်းနေတဲ့ လူတချို့ကိုလည်း တွေ့ရပါတယ်။ တိုက်ခိုက်မှုကြောင့် ဖမ်းဆီးထားသူ အများအပြားသေဆုံးပြီး ထိခိုက်သေကျေမှု အတိအကျကိုတော့ မသိရေးသဘူးလို့လည်း AA တာဝန်ရှိသူ တဦးက ဗွီအိုအေကို ပြောပါတယ်။

“၂၀၂၄ခုနှစ် စက်တင်ဘာလ ၉ရက်နေ့ ည၉နာရီခွဲမှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လာ ရောက်ပစ်ခတ်လို့ ကျနော်တို့ ဆီမှာ ဖမ်းဆီးခံထားရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ပြီးတော့ မွတ်ဆလင် လက်နက်ကိုင်တွေကို ထိန်းသိမ်းထားတဲ့ အချုပ်ခန်းကို ကျရောက် ပေါက်ကွဲ ခဲ့တာဖြစ်တယ်။ ဒီမှာ လူဘယ်နှစ်ယောက် သေပြီးတော့ ဘယ်နှစ်ယောက် ဒဏ်ရာ ရတယ် ဆိုတာ မသိသေးဘူး၊ အဆောက်အဦတွေ အားလုံးပြိုသွားတယ်၊ လူတွေလည်း အဲဒီထဲမှာ ပိတ်မိနေကြတယ်။”

သေဆုံးသွားသူတွေထဲမှာတော့ မောင်တောတိုက်ပွဲ အတွင်း ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေ၊ ARSA၊ RSO ရိုဟင်ဂျာ လက်နက်ကိုင်တွေ၊ စစ်ကောင်စီသင်တန်းပေးထားသူတွေ၊ ရခိုင်လက်နက်ကိုင်အဖွဲ့ ALPနဲ့ဆက်စပ်သူတွေ အပါအဝင် သံသယအမျိုးမျိုးနဲ့ စစ်ဆေးမေးမြန်းဖို့ ဖမ်းဆီးထားသူတွေ ပါဝင်တယ်လို့လည်း AA အဖွဲ့က သတင်းထုတ်ပြန်ထားတာပါ။

တချိန်တည်းမှာပဲ မနေ့နှောင်းပိုင်းက မောင်တောမြို့အနီး ဝေသာလီကျေးရွာက ကုလသမဂ္ဂ ရုံးအဆောက်အဦကိုလည်း လေကြောင်းက တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ တိုက်ခိုက်ခံရတဲ့ သတင်းတွေနဲ့ သေကျေထိခိုက် ပျက်စီးမှု အတိအကျကိုတော့ ဗွီအိုအေက သီးခြားအတည်ပြုလို့ မရသလို၊ စစ်ကောင်စီက လတ်တလော သတင်းထုတ်ပြန်တာတော့ မတွေ့ရသေးပါဘူး။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကြီးထွားလာတဲ့ လက်နက်ကိုင် ပဋိပက္ခတွေမှာ ဆုံးရှုံးခဲ့တဲ့ နယ်မြေတွေကို တန်ပြန်ထိုးစစ်ဆင်မယ်လို့ စစ်ကောင်စီအကြီးအကဲက မကြာသေးခင်ကပဲ သတိပေးပြီးနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှုတွေ တိုးမြှင့်လာခဲ့တာပါ။

AA အဖွဲ့ ထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ တိုးလာတာကြောင့် ဒေသခံတွေ သွားရေးလာရေး သတိထားဖို့လည်း တိုက်တွန်းထားပါတယ်။ ဒေသခံ နိုင်ငံရေးအကဲခတ် ဦးထွန်းကြည်ကတော့ မြေပြင်တိုက်ပွဲတွေမှာ အထိနာနေတဲ့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေကို သိသိသာသာ အရှိန်မြှင့်လာနေတာလို့ သုံးသပ်ပါတယ်။

“ စစ်ကောင်စီအနေနဲ့ မြေပြင်အခြေအနေမှာ တိုက်ခိုက်ရေး အင်အားတွေ အရမ်းနည်း သွားပြီဆို တာ သိသာတယ်၊ တိုက်တဲ့ တိုက်ပွဲ တိုင်းမှာလည်း မြို့တွေကို လက်လွတ်ဆုံးရှုံးရ တယ်၊ ဆိုတော့ရခိုင်က သံတွဲ မောင်ရွှေလေး ရေတပ်စခန်းဆိုရင်လည်း မြန်မာစစ်ကောင်စီ အတွက် အရေးကြီးရေတပ်စခန်းကို ဆုံးရှုံးလိုက်ရတာဖြစ်တယ်။ ဆိုတော့ သူတို့ရဲ့ တပ်ဖွဲ့ဝင် စစ်သား တွေကို စိတ်ခွန်အားဖြည့်တဲ့ သဘောလားတော့ မသိဘူးပေါ့လေ၊ လေကြောင်းကို အသုံးပြုပြီး တော့ လူနေတဲ့ ပတ်ဝန်းကျင်တွေကို တိုက်ခိုက်လာတာကို တွေ့နေရတယ်။ ဒီနေရာမှာလည်း စစ်ပွဲနဲ့ မသက်ဆိုင်တဲ့ အရပ်သားတွေ အများကြီးသေ ဆုံးနေရတယ်၊ ရခိုင်မှာလည်း ဒီအခြေ အနေကို တွေ့လာရတယ်။”

လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ ထိခိုက်သေကျေမှုတွေအတွက် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက သတိပေးနေချိန်မှာပဲ တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေတာပါ။ ဦးထွန်းကြည် ကတော့ နိုင်ငံတကာ အသိုင်းအဝိုင်းက ထိထိရောက်ရောက် ဟန့်တားဖို့ လိုတယ်လို့ မြင်ပါတယ်။

“ စစ်နဲ့ မဆိုင်တဲ့နေရာတွေကို လေယာဉ်နဲ့ ဗုံးကြဲနေတဲ့ အပေါ်မှာ နိုင်ငံတကာအနေနဲ့ အာဆီယံအနေနဲ့ ပြန်ပြီးတော့ တုန့်ပြန်သတိပေးရမယ့် အခြေအနေရှိလာတယ်လို့ ကျနော်မြင်တယ်၊ဒါကို နိုင်ငံတကာအနေနဲ့ မကိုင်းတွယ်ဘူးဆိုလို့ရှိရင်တော့ ကျနော်တို့ပြည်သူတွေအနေနဲ့ ဒါကို ကိုင်တွယ်ဖို့ အရမ်းခက်မယ်ပေါ့လေ၊ ပြီးတော့ ဒီအခြေအနေက လုံးဝမဖြစ်သင့်တဲ့ ကိစ္စလို့ ကျနော်မြင်တယ်၊ စစ်ပွဲဆိုတာက လက်နက်ကိုင်ထားတဲ့ သူတွေ တိုက်ကြတဲ့ပွဲ အရပ်သား ပြည်သူနဲ့ မဆိုင်ဘူးလေ ဒါပေမယ့် စစ်ကောင်စီက အရပ်သားတွေကို ဦးတည်ပြီးတော့ သူတို့ရဲ့ ရက်စစ်မှုတွေကို ပြသနေတာကတော့ ကမ္ဘာကြီးအနေနဲ့ လက်ခံလို့မရတဲ့ ကိစ္စဖြစ်တယ်။”

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ထိခိုက်သေကျေမှုတွေ တိုးလာနေတာဟာ စိုးရိမ်စရာကောင်းကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) အကြီးအကဲ Nicholas Koumjian ကလည်း မနေ့ကပဲ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို အစီရင်ခံစာ တင်သွင်းရာမှာ ပြောဆိုထားတာပါ။ တချိန်တည်းမှာပဲ ပဋိပက္ခတွေမှာ ပါဝင်နေတဲ့ အဖွဲ့အစည်းတွေရဲ့ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှုတွေကို တွေ့ရှိရကြောင်းလည်း IIMM အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Your browser doesn’t support HTML5

လေကြောင်းတိုက်ခိုက်မှုကြောင့် မောင်တောမှာ အကျဉ်းသား ၅၀ ကျော် သေဆုံးကြောင်း AA အဖွဲ့ သတင်းထုတ်ပြန်