AA ထိန်းချုပ်နယ်မြေတချို့ စစ်ကောင်စီ လေကြောင်းကတိုက်ခိုက်

တောင်ကုတ်မြို့ ကင်းထောင်စံပ ရွာ ဗုံးကြဲခံရအပြီး မြင်ကွင်း (အောက်တိုဘာ ၄၊ ၂၀၂၄)

ရခိုင်ပြည်နယ်အတွင်းက အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ စစ်ကောင်စီက ဒီနှစ်ဆန်းပိုင်းကစလို့ လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲနေလို့ အရပ်သားထိခိုက်သေဆုံးတာတွေ တိုးလာနေတယ်လို့ ဒေသခံတွေက ဗွီအိုအေကိုပြောပါတယ်။ မနေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ်က ကျေးရွာတချို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် အရပ်သားလေးဦးထက် မနည်းသေဆုံးပြီး အများအပြား ဒဏ်ရရှိခဲ့ပါတယ်။ ရခိုင်ပြည်နယ်က စစ်ရေးနောက်ဆုံးအခြေအနေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းက အာရက္ခတပ်တော် AA ထိန်းချုပ်မြို့နယ်တွေကို ဒီနှစ်ဆန်းပိုင်းကစလို့ စစ်ကောင်စီလေကြောင်းက ဆက်တိုက်ဆိုသလို ဗုံးကြဲတိုက်ခိုက်နေတာကြောင့် တပတ်အတွင်း အရပ်သားကိုးဦးထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ဗွီအိုအေကိုပြောပါတယ်။

မနေ့ကဆိုရင်လည်း ရခိုင်မြောက်ပိုင်း ပုဏ္ဏားကျွန်းမြို့နယ်က အောင်ဇုံပြင်ကျေးရွာနဲ့ တောင်ပေါက် ကျေးရွာကို စစ်ကောင်စီလေကြောင်းက ဗုံးကြဲခဲ့တာကြောင့် ဒေသခံလေးဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တာပါ။ ဒါ့အပြင် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ် ကျေးရွာကို စစ်ကောင်စီ လေကြောင်းက ဗုံးကြဲခဲ့တာကြောင့် အရပ်သားငါးဦးသေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီအနေနဲ့ အခုလို AA အာရက္ခတပ်တော် ထိန်းချုပ်မြို့နယ်တွေကို ဆက်တိုက် လေကြောင်း တိုက်ခိုက်နေတာကြောင့် ဒေသခံတွေအနေနဲ့ အသက်အန္တရာယ် စိုးရိမ်နေကြရတယ်လို့ အသက် ၂၀ ကျော်အရွယ် ရခိုင်ဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။

“အဓိကတော့ ဒီလွတ်မြောက်နယ်မြေမှာ နေထိုင်တဲ့ ဒေသခံတယောက်အနေနဲ့ လေကြောင်းအန္တရာယ် တွေကို စိုးရိမ်မှုကတော့ အများကြီးရှိတာပေါ့နော်၊ ဒီတပတ်အတွင်းမှာတောင် လေကြောင်းပစ်ခတ်မှု က သုံးလေးကြိမ်လောက်ရှိတယ်ပေါ့နော်။ ဆိုတော့ ညဘက်တောင်အိမ်မပျော်ဘူး။ လေယာဉ်သွားတဲ့ အသံတွေကြားရတဲ့နေ့တွေဆိုရင် ပိုဆိုးတယ်။ ပြီးတော့ ဆိုင်ကယ်သံတို့၊ ကားသံတို့ ကြားရင်တောင်မှ လေယာဉ်လာနေပြီလား၊ လေယာဉ်သံလားဆိုပြီး စိုးရိမ်တာတွေအများကြီးရှိတယ်။ ထမင်းစားနေရင်းနဲ့ ပြေးပုန်းရတာတို့၊ အိပ်နေရင်း အောက်ကိုဆင်းပြေးရတာတို့ အများကြီးရှိပါတယ်။”

အာရက္ခတပ်တော် AA အနေနဲ့ ရခိုင်ပြည်နယ် ၁၇ မြို့နယ်ထဲက ၁၄ မြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ထား ပြီးနောက်ပိုင်း လက်ရှိဖြစ်ပွားနေတဲ့ပဋိပက္ခတွေကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းလိုကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်ပြန်ထားပါတယ်။ အခုလို AA ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ တစုံတရာ တုံ့ပြန်ပြောဆိုထားတာမရှိသလို AA ထိန်းချုပ်မြို့နယ်တွေကို လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲနေတာလည်းဖြစ်ပါတယ်။

စစ်ကောင်စီအနေနဲ့ AA ထိန်းချုပ်မြို့နယ်တွေမှာ တည်ငြိမ်မှုမရှိအောင် အခုလို လေကြောင်းဗုံးကြဲ နေတယ်လို့လည်း လက်ရှိရခိုင်မှာ နေထိုင်တဲ့အသက် ၃၀ အရွယ် ဒေသခံ အမျိုးသား တဦးကပြောပါတယ်။

“ရခိုင်ပြည်နယ်မှာ စစ်ကောင်စီထိန်းချုပ်ထားတဲ့မြို့တွေက မရှိသလောက် နည်းသွားပြီပေါ့နော်။ အာရက္ခတပ်တော်AA ရဲ့ထိန်းချုပ်မှုက တော်တော်လေး ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေပြီ။ ဒီအချိန်မှာ စစ်ကောင်စီအနေနဲ့ အာရက္ခတပ်တော်ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုကို မလိုလားတဲ့အတွက် ဒီလိုမျိုး လေ ကြောင်းဗုံးကြဲတာတွေကို ဆက်တိုက်လုပ်လာတာလို့ မြင်တယ်။ နောက်တခုကကျတော့ ဒီ AA ထိန်း ချုပ်ထားတဲ့ နယ်မြေတွေကို တည်ငြိမ်မှုမရှိအောင် လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတာလို့ ပြောလို့ရတယ်။”

လက်ရှိမှာတော့ ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြား နှစ်ဘက် တိုက်ပွဲဖြစ်ပွားတာ မတွေ့ရသေးပေမယ့် စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်တဲ့ ကျောက်ဖြူ၊ မာန်အောင်နဲ့ စစ်တွေမြို့နယ်တွေမှာတော့ နှစ်ဘက်စစ်ရေးတင်းမာမှုတွေရှိနေတာပါ။

စစ်တွေမြို့မှာဆိုရင်လည်း စစ်ကောင်စီရေတပ်နဲ့ လက်နက်ကြီးတပ်တွေက လက်နက်ကြီးတွေနဲ့ မကြာခဏပစ်ခတ်နေတာတွေရှိနေတယ်လို့လည်း ဒေသတွင်းသတင်းဌာနတွေမှာ ဖော်ပြထား တာတွေ့ရပါတယ်။ ကျောက်ဖြူနဲ့မာန်အောင်မြို့နယ်တွေမှာလည်း အခုအချိန်ထိ ပစ်ခတ်သံတွေ မကြားရသေးဘူးလို့ ဒေသတွင်းနေထိုင်သူတွေက ပြောပါတယ်။ ရခိုင်ပြည်နယ်ဘက်က စစ်ရေး အခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

Your browser doesn’t support HTML5

AA ထိန်းချုပ်နယ်မြေတချို့ စစ်ကောင်စီ လေကြောင်းကတိုက်ခိုက်