အမေရိကန်အစိုးရယန္တရား ပြန်လည်ပတ်နိုင်တော့မည်

လွှတ်တော်အတွင်း ဆွေးနွေးနေစဉ်

အမေရိကန်အစိုးရ အသုံးစရိတ်မူကြမ်းအတည်ပြုရေးဟာ လူဝင်မှုကြီးကြပ်ရေးကိစ္စနဲ့ပတ်သက်လို့ ဒီမိုကရက်နဲ့ ရီပတ်ဘလီကင် လွှတ်တော် အမတ်တွေကြား သဘောတူညီမှု မရရှိနိုင်ခဲ့တဲ့အတွက် ပြီးခဲ့တဲ့ သောကြာနေ့ည သန်းကောင်ယံက အမေရိကန်အစိုးရ ယန္တရားတစိတ်တပိုင်း ပိတ်ပစ်ရတဲ့ အခြေအနေ ဆိုက်ရောက်ခဲ့ရပါတယ်။ တနင်္လာနေ့မှာတော့ အထက်လွှတ်တော်မှာ နှစ်ပါတီခေါင်းဆောင်တွေကြား ညှိယူနိုင်ခဲ့ တဲ့အတွက် နောက်သီတင်းသုံးပတ်အတွက် အစိုးရယန္တရားပြန်လည် လည်ပတ်နိုင်ဖို့ သဘောတူညီချက် ရရှိခဲ့ပါတယ်။ အစိုးရ အသုံးစရိတ် ယာယီခွင့်ပြုချက်မူကြမ်းကို အထက်လွှတ်တော်အပြင် အောက်လွှတ်တော်ကလည်း အတည်ပြုလိုက်ပြီး အခု သမ္မတထရမ့် လက်မှတ်ရေးထိုးဖို့ ရှိပါတယ်။ အကြောင်းစုံကို မခွာညို က ပြောပြပေးပါ့မယ်။

အမေရိကန်အထက်လွှတ်တော်က ဗဟိုအစိုးရယန္တရား သုံးရက်ကြာ တစိတ်တပိုင်း ပိတ်ပစ်ရတဲ့အခြေအနေကနေ အပြည့်အဝ ပြန်လည် လည်ပတ်နိုင်ဖို့ ယာယီအသုံးစရိတ်အစီအစဉ်အတည်ပြုနိုင်ရေးအတွက် တနင်္လာနေ့ နေ့ခင်းပိုင်းက မဲခွဲအတည်ပြုလိုက်ပါတယ်။ လူဝင်မှု ကြီးကြပ်ရေးကိစ္စနဲ့ ပတ်သက်လို့ ဒီမိုကရက်နဲ့ ရီပတ်ဘလီကင် လွှတ်တော်အမတ်တွေကြား အခြေအတင် အငြင်းပွားမှုကနေ ဗဟိုအစိုးရ တစိတ်တပိုင်း ပိတ်ပစ်ရတဲ့အခြေအနေ သောကြာနေ့ သန်းကောင်ယံမှာ စတင် ဆိုက်ရောက်ခဲ့ပါတယ်။ အမတ် ၁၀၀ ရှိတဲ့ အထက်လွှတ်တော်မှာ ဒီမိုကရက်အမတ် ၃၃ ဦးတို့က ရီပတ်ဘလီကင်အမတ် ၄၈ ဦးတို့နဲ့ အတူတကွ ပူးပေါင်းပြီး လက်ရှိ အခြေအတင် အငြင်းပွားမှုကို အဆုံးသတ်ဖို့ သဘောတူခဲ့ကြပါတယ်။ အထက်လွှတ်တော်အမတ် ၈၁ ဦးတို့က ထောက်ခံခဲ့ကြပြီး ၁၈ ဦးတို့က ကန့်ကွက်ခဲ့ကြတာ ဖြစ်ပါတယ်။

အခုလို အခြေအတင် အငြင်းပွားမှု အဆုံးသတ်လိုက်ခြင်းအားဖြင့် အထက်လွှတ်တော်က ဖေဖော်ဝါရီလ ၈ ရက်နေ့အထိ အစိုးရအသုံးစရိတ် တိုးချဲ့ပေးနိုင်မယ့် ဥပဒေကြမ်းကို အတည်ပြုနိုင်ဖို့ လမ်းဖွင့်ပေးရာ ရောက်ခဲ့ပါတယ်။ အခုလို သဘောတူညီမှု ရရှိလိုက်တာနဲ့ပတ်သက်ပြီး သမ္မတက ဒီမိုကရက်တွေဟာ အသိတရားပြန်ရလာကြတဲ့အတွက် ဝမ်းသာတဲ့ အကြောင်း ပြောခဲ့ပါတယ်။ အိမ်ဖြူတော်ပြောခွင့်ရ Sarah Sanders က သတင်းစာရှင်းလင်းပွဲမှာ သမ္မတရဲ့တုံ့ပြန်တဲ့ ကြေညာချက်ကို အခုလို ဖတ်ပြခဲ့ပါတယ်။

“သမ္မတရဲ့ကြေညာချက်ကို ကိုးကားပြီး ဖတ်ပြရရင် လွှတ်တော်ရှိ ဒီမိုကရက်တွေက အသိတရားရလာကြတဲ့အတွက် သိပ်ကိုဝမ်းသာမိပါတယ်။ အခု နိုင်ငံ့ရဲ့စစ်တပ်၊ နယ်ခြားစောင့်တပ်၊ အရေးပေါ်ကယ်ဆယ်ရေးတပ်နဲ့ အကာအကွယ်မဲ့နေတဲ့ကလေးတွေအတွက် ကျန်းမာရေးအာမခံအတွက် အသုံးစရိတ်ကျခံဖို့ သဘောတူခဲ့ကြပါပြီ။ ကျနော် အစဉ်အမြဲ ပြောခဲ့တဲ့အတိုင်း အစိုးရအသုံးစရိတ် အတည်ပြုချက်ရခဲ့ပြီးရင် သိပ်ကိုတရားနည်းလမ်းမကျနေတဲ့ လူဝင်မှုကြီးကြပ်ရေးကိစ္စရပ်တွေကို ဖြေရှင်းဖို့ ကျနော် ကြိုးပမ်းပေးမှာဖြစ်ပါတယ်။ လူဝင်မှုကြီးကြပ်ရေးကိစ္စနဲ့ပတ်သက်လို့ ရေရှည်ခံမယ့် သဘောတူညီမှုရနိုင်ဖို့ ကြိုးပမ်းပေးမှာဖြစ်ပေမယ့် အဲဒီဖော်ဆောင်မှုမှာ နိုင်ငံ့အတွက် အကျိုးရှိရမှာဖြစ်ပါတယ်။”

DACA ခေါ် ကလေးဘဝအရွယ်က အမေရိကန်ပြည်ထောင်စုကို တရားမဝင်ရောက်ရှိလာသူ သိန်းနဲ့ချီတဲ့လူတွေ အရေးနဲ့ပတ်သက်လို့ အခြေ အတင်အငြင်းပွားမှုကို အဆုံးသတ်ပြီး အစိုးရယန္တရား ပိတ်ပစ်ရတဲ့အခြေအနေက ကျော်လွှားနိုင်ဖို့ ရီပတ်ဘလီကင်ခေါင်းဆောင်တွေနဲ့ အစိုးရ အသုံးစရိတ် သီတင်းသုံးပတ်အတွက် သဘောတူဖို့ ဆုံးဖြတ်ခဲ့တယ်လို့လည်း နယူးယောက်ပြည်နယ်၊ ဒီမိုကရက် အထက်လွှတ်တော် လူ နည်းစု အမတ်ခေါင်းဆောင် Chuck Schumer က ပြောကြားခဲ့ပါတယ်။

“ဆွေးနွေးပွဲတွေ၊ အပြန်အလှန် ကမ်းလှမ်းချက်အတော်များများအပြီးမှာ ရီပတ်ဘလီကင်ခေါင်းဆောင်တွေနဲ့ ကျနော့်ကြား သဘောတူညီမှု ရရှိခဲ့ပါတယ်။ အစိုးရကို ပြန်ဖွင့်နိုင်ဖို့ ကျနော်တို့ မဲခွဲဆုံးဖြတ်ဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် လူဝင်မှုကြီးကြပ်ရေးနဲ့ပတ်သက်ပြီး ဆက်လက် ဆွေးနွေး သွားမှာဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၈ ရက်နေ့ရောက်လို့ သဘောတူညီမှုမရဘူးဆိုရင် အထက်လွှတ်တော်က DACA ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး လေ့လာစဉ်းစားရမှာ ဖြစ်ပါတယ်။ ဒီဖော်ဆောင်မှုမှာ သမာသမတ်ကျရမယ်။ ဘက်အားလုံးအတွက် တရားမျှတရမှာ ဖြစ်ပါ တယ်။ DACA နဲ့ပတ်သက်လို့ ပါတီနှစ်ရပ်လုံးက မျှတစွာ လေ့လာသုံးသပ်ပြီး လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

အခုလို သဘောတူညီမှုရရှိဖို့ညှိနှိုင်းရာမှာ နှစ်ပါတီကြား ပါဝင်ခဲ့တဲ့ Maine ပြည်နယ်က ရီပတ်ဘလီကင် အထက်လွှတ်တော်အမတ် Susan Collins က ဒီနေ့ဟာ အောင်ပွဲခံနိုင်တဲ့နေ့တနေ့ဖြစ်တယ်၊ အစိုးရယန္တရားပိတ်ပစ်ရတဲ့ အခြေအနေဆိုက်ခြင်းဟာ အုပ်ချုပ်ရေးမှာ မအောင်မြင်မှုကို ပြသရာ ရောက်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

စောစောပိုင်းကတော့ Kentucky ပြည်နယ်က ရီပတ်ဘလီကင် အမတ်အများစုခေါင်းဆောင် Mitch McConnell က DACA ခေါ် အမေရိကန်နိုင်ငံကို ကလေးဘဝက ရောက်ရှိလာခဲ့ကြတဲ့ သိန်းနဲ့ချီတဲ့ တရားမဝင် အခြေချသူများကိစ္စအပါအဝင် လူဝင်မှုကြီးကြပ်ရေး အကြောင်းအရာ အတော်များများကို အထက်လွှတ်တော်အနေနဲ့ ကိုင်တွယ်ဖြေရှင်းပေးမယ်လို့ ဒီမိုကရက်တွေကို နားချပြောဆိုနိုင်ခဲ့ပါတယ်။ လက်ရှိ အစိုးရယန္တရားပိတ်ပစ်ရတဲ့အခြေအနေကနေ ရခဲ့တဲ့ သင်ခန်းစာကိုလည်း ရီပတ်ဘလီကင် အမတ်အများစုခေါင်းဆောင် Mitch McConnell အခုလို ထောက်ပြခဲ့ပါတယ်။

“အခုလို အစိုးရယန္တရားပိတ်ပစ်ရအောင်လုပ်တဲ့ ဗျူဟာကနေ ကျနော်တို့ရရှိခဲ့တဲ့ သင်ခန်းစာက တရားမဝင်အခြေချနေထိုင်မှုနဲ့ပတ်သက်တဲ့ လူဝင်မှု ကြီးကြပ်ရေးပြဿနာကြောင့် အစိုးရယန္တရားလည်ပတ်မှု ပိတ်ပစ်ရတဲ့အထိ အခြေအနေဆိုက်စေခဲ့တာဟာ အမေရိကန်နိုင်ငံသားတွေ အနေနဲ့ နားလည်ဖို့ ခက်လှတယ်ဆိုတဲ့ အချက်ပါပဲ။ အနာဂတ်မှာလည်း ဒီလိုမျိုး အခြေအနေမျိုးကို နားလည် လက်ခံမှာမဟုတ်ဘူးဆိုတဲ့ အချက်ပါပဲ။”

ပြီးခဲ့တဲ့သီတင်းပတ် သောကြာနေ့ညပိုင်းအထိ အစိုးရအသုံးစရိတ် ဥပဒေကြမ်းကို အတည်ပြုရေးကို ကန့်ကွက်ခဲ့ကြတဲ့ ဒီမိုကရက်တွေက ရီပတ်ဘလီကင်တို့ရဲ့ အခုလို ကမ်းလှမ်းချက်ကို လက်ခံဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။

ဒီမိုကရက် အထက်လွှတ်တော် လူနည်းစု အမတ်ခေါင်းဆောင် Chuck Schumer က လက်ရှိ ဖြစ်ထွန်းတိုးတက်မှုတွေဟာ လူတိုင်းကို ကျေနပ်မှု ပေးချင်မှပေးနိုင်မှာဖြစ်ပေမယ့် ဒါဟာ ရှေ့ကို တိုးစေမယ့် ခြေလှမ်းတရပ်ဖြစ်တယ်လို့ ပြောကြားခဲ့ပြီး DACA ဥပဒေကြမ်းနဲ့ ပတ်သက်လို့ ပါတီနှစ်ရပ်စလုံးက သမာသမတ်ကျစွာ စဉ်းစားဆုံးဖြတ်ပေးနိုင်ပြီး အထက်လွှတ်တော်မှာ အတည်ပြုနိုင်လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း ပြောကြားခဲ့ပါတယ်။

အမေရိကန် အစိုးရ ပိတ်ပစ်ရတဲ့အခြေအနေဟာ ၁၉၉၅ - ၉၆ ခုနှစ် တို့အပြင် ၂၀၁၃ ခုနှစ်က သမ္မတအိုဘားမားလက်ထက်က ကျန်းမာရေး ပြုစုစောင့်ရှောက်မှု ဆိုင်ရာဥပဒေအတည်ပြုရေးနဲပတ်သက်ပြီးတော့လည်း အခုလို အစိုးရယန္တရားတစိတ်တပိုင်း ပိတ်ရတဲ့အထိ ဆိုက်ရောက်ခဲ့ဖူးပါတယ်။

Your browser doesn’t support HTML5

အမေရိကန်အစိုးရယန္တရား ပြန်လည်ပတ်နိုင်တော့မည်