မြန်မာနယ်စပ် တရုတ်စစ်ရေးလေ့ကျင့်မှုအပေါ် သုံးသပ်ချက်

မြန်မာနယ်စပ် တရုတ်ဘက်ခြမ်းမှာ တရုတ်စစ်တပ်က စစ်ရေးလေ့ကျင့်နေစဉ် (နိုဝင်ဘာ ၂၈၊ ၂၀၂၃)

မြန်မာနယ်စပ်မှာ တရုတ်စစ်တပ်က ရွှေလီမြို့အပါအဝင် နေရာလေးနေရာမှာ လက်နက်အပြည့်အစုံနဲ့ စစ်ရေးလေ့ကျင့်နေပါတယ်။ ဒီ စစ်ရေးလေ့ကျင့်မှုဟာ ဘက်ပေါင်းစုံတားဆီးမှုနဲ့ ပူးတွဲတိုက်ခိုက်ရေး စွမ်းရည်စမ်းသပ်ဖို့ အပြင် နယ်စပ်ဒေသ လုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက် ဖြစ်တယ်လို့ တရုတ်က ထုတ်ပြန်ပါတယ်။ ဒီလိုလုပ်ဆောင်မှု နောက်ကွယ်က တရုတ်သဘောထား အပေါ် သုံးသပ်သူတွေကတော့ အမျိုးမျိုးရှုမြင်ကြပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး တင်ပြပေးပါမယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာပဲ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်က မြန်မာနယ်စပ်ဒေသ တရုတ်နိုင်ငံဘက်အပိုင်းမှာ ဒီကနေ့ ဩဂုတ်လ ၂၇ ရက်ကနေ ၂၉ ရက်နေ့အထိ ကျည်ဆံ အစစ်နဲ့ စစ်ရေးလေ့ကျင့်မှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။ စစ်ရေး လေ့ကျင့်မယ့်နယ်မြေဟာ မူဆယ်မြို့နယ်အစပ်ကနေ လောက်ကိုင် မြို့နယ်ဘက်အခြမ်းထိ ပါဝင်ပါတယ်။

စစ်ရေးလေ့ကျင့်မှုဟာ ဘက်ပေါင်းစုံ တားဆီးမှုနဲ့ ပူးတွဲတိုက်ခိုက်ရေး စွမ်းရည်စမ်းသပ်ဖို့ အပြင် နယ်စပ်ဒေသ လုံခြုံရေးနဲ့ တည်ငြိမ်ရေး အတွက် ဖြစ်တယ်လို့ တရုတ်က ထုတ်ပြန် ထားပါတယ်။

ဒီကနေ့ နယ်စပ်ဒေသမှာ တရုတ်နိုင်ငံက စစ်ရေးလေ့ကျင့်မှုတွေ လုပ်တာနဲ့ ပတ်သတ်လို့ မူဆယ်မြို့အပေါ် သက်ရောက်မှု အခြေအနေနဲ့ ပတ်သက်လို့ ဒေသခံတဦးက VOA ကို အခုလို ပြောပြပါတယ်။

"သံချပ်ကာယာဉ်တွေ သွားတာရှိတယ်။ မနေ့ကဆို ရဟတ်ယာဉ်တွေဝဲနေတယ်။ နယ်စပ်တလျှောက် ပျံသန်းတာရှိတယ်။ ဒီလောက်ပါဘဲ။ မူဆယ် ဘက်မှာတော့ ဘာမှထူးခြားမှုမရှိပါဘူး။ စစ်ရေးတင်းမာတာက ၁၀၂၇ထဲက ဆိုတော့ တနှစ်တောင် ပြည့်တော့မှာပေါ့နော်။ မူဆယ်မှာက တနှစ် ကျော်နေပြီ။ ဘာလို့ဆို ၁၀၂၇ မဖြစ်ခင်ကတည်းကနေ မူဆယ်က ဆယ်သန်းဘက်မှာတင်တိုက်ပွဲက အကြီးအကျယ်ဖြစ်တာကော။ ဒါကြောင့်မူဆယ်က လူတွေက မေ့တောင်မေ့နေတယ်။ ငွေစျေးတွေတက်လိုက်၊ ဆီစျေးတက်လိုက် ကျပ်တည်းနေတော့လေ တဖက်က ဝိုင်းထားတာတောင်မှ မေ့နေတယ်။"

ဒီကနေ့ အင်္ဂါနေ့ကနေ ကြာသပတေးနေ့အထိ ရွှေလီမြို့အပါအဝင် လေးနေရာမှာ စစ်ရေးလေ့ကျင့်တာမှာ တပ်တွေ ဘယ်လောက်မြန်မြန် ဆန်ဆန် ရွှေ့ပြောင်းလှုပ်ရှားနိုင်လဲဆိုတဲ့ စွမ်းရည်စမ်းသပ်ဖို့ တပ်ဖွဲ့တွေအနေနဲ့ လက်နက်အပြည့်အစုံကိုင်ထားမှာ ဖြစ်သလို၊ လေတပ်နဲ့လည်း ပူးတွဲ လေ့ကျင့်မယ်လို့ တရုတ်ပြည်သူ့တပ်မတော် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်က ထုတ်ပြန်ထားပါတယ်။

တရုတ်အနေနဲ့ ပုံမှန်အနေနဲ့ စစ်ရေးလေ့ကျင့်မှုတွေကို တောင်တရုတ်ပင်လယ်ပြင်မှာသာ လုပ်လေ့ရှိပြီး ဒီတခေါက်မှာတော့ပုံမှန်မဟုတ်တဲ့ စစ်ရေးလေ့ကျင့်မှုတခု ဖြစ်နေတယ်လို့ ထောက်ပြမှုတွေ ရှိနေပါတယ်။ တရုတ်ရဲ့နယ်စပ်တလျှောက်ပုံမှန်မဟုတ်တဲ့ ဒီစစ်ရေးလေ့ကျင့်မှုက မြန်မာပြည်တွင်းစစ်ရဲ့ စစ်ရေးတင်းမာမှုတွေအပေါ် သက်ရောက်မှုရှိလာနိုင်တယ်ဆိုတဲ့ သုံးသပ် မှုတွေလည်း ရှိနေပါတယ်။

SEE ALSO: မြန်မာနယ်စပ်အနီး နောက်တကြိမ် တရုတ်စစ်ရေးလေ့ကျင့် 

စစ်ရေး နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ တရုတ်စစ်ရေးလေ့ကျင့်မှုက ပြည်တွင်းစစ်ရှိန်ပြင်းနေတဲ့အပေါ် သက် ရောက်မှုတွေ ရှိလာနိုင်တယ်လို့ ပြောပါတယ်။

"ဝမ်ယိရဲ့ ပြီးခဲ့တဲ့ရက်ပိုင်း သဘောထားတွေကို ပုံဖော်နေတာလို့ ကျနော်ကတော့ သဘောပေါက်ပါတယ်။ တရုတ်က သူတို့ဘာလုပ်နိုင်သလဲဆိုတာ ပြဖို့အတွက် ဒီနေ့ စစ်ရေးပြတာတွေကို လုပ်တာပါ။ အဓိကကတော့ TNLA ၊ MNDAA တို့က PDF တွေနဲ့ပေါင်းပြီး လှုပ်ရှားတော့မယ့် အနေအထားဖြစ်လို့ အဲဒါတွေကို ကြိုတားထားတဲ့သဘော ဖြစ်တာပေါ့။ မင်းတို့အဲဒါမလုပ်ကြနဲ့၊ ဗမာပြည်စစ်ရေးအခြေအနေ ပိုဆိုးသွားလိမ့်မယ် ဆိုတာကို။ အခုကတော့ နမိတ်ပြတာတင်မဟုတ်ဘူး အကောင်အထည်နဲ့ပါ ပြနေတာဖြစ်တယ်။ စစ်ရေးရာဇသံပေးတယ်လို့ ကျနော်တော့ ယူဆပါတယ်။"

တရုတ်-မြန်မာဆက်ဆံရေးနဲ့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောကတော့ ဒီစစ်ရေးလေ့ကျင့်မှုက တရုတ်က စစ်ကောင်စီပေါ် ဖိအားတခုပေးတဲ့သဘော ဖြစ်တယ်လို့ အခုလိုသုံးသပ် ပြောဆိုလိုက်ပါတယ်။

"ဒီဘက်မှာ ရုတ်ရုတ်ဖြစ်တိုင်း သူတို့က အဲဘက်မှာ စစ်ရေးလေ့ကျင့်ခန်းတွေ လာလုပ်တယ်။ဟို းတလောတုန်းကလည်း မူဆယ်ဘက် တိုက်ပွဲတွေ ဖြစ်တော့ သူတို့ အဲဘက်မှာ၊ ရွှေလီဘက်မှာ လေ့ကျင့်ခန်းတွေ လာလုပ်တယ်။ သူတို့ကတော့ဒါကို ကြိုတင် ကာကွယ်တာပေါ့နော်။ ကြိုတင် ကာကွယ်တဲ့အနေနဲ့ ဒီဘက်မှာ ရုတ်ရုတ်ဖြစ်တိုင်းသူတို့ကအဲလိုလာလုပ်တာဘဲ။ တရုတ်ရည်ရွယ်ချက်က ဒီလိုဗျ။ ဗမာပြည်တိုက်ပွဲမှာ ပါဝင်နေတဲ့ မြောက်ပိုင်းအဖွဲ့တွေဘာတွေနဲ့ စစ်ကောင်စီနဲ့အားလုံး စုံညီ နိုင်ငံရေးဆွေးနွေးပွဲဖြစ်ဖို့ ပြောနေတာဖြစ်တယ်။ နယ်စပ်ကအဖွဲ့တွေကတော့ တရုတ်ကခေါ်ရင် သွားတယ်။ စစ်ကောင်စီက အခုအချိန်ထိ စေ့စပ်ဆွေးနွေးတဲ့ စားပွဲပေါ်ကို လာဖို့ငြင်းနေတုန်းဘဲ။ အဲဒါဖြစ်လာရေး တွန်းနေ တယ်ထင်တယ် ကြည့်ရတာ။"

ပြီးခဲ့တဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ပထမအကြိမ် ၁၀၂၇ စစ်ဆင်ရေး တိုက်ပွဲ ပြင်းထန်နေချိန်မှာလည်း ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ထိစပ်နေတဲ့ တရုတ်-မြန်မာ နယ်စပ်တစ်လျှောက် စစ်ရေးလင့်ကျင့်မှုတွေ လုပ်ခဲ့ပါတယ်။ တရုတ်နိုင်ငံက စစ်ရေးလေ့ကျင့်မယ့် နေရာတွေဟာ မြန်မာနိုင်ငံ နမ့်ခမ်း၊ မူဆယ်၊ ပန်ဆိုင်း၊ မုန်းကိုးနဲ့ လောက်ကိုင် စတဲ့မြို့နယ်တွေနဲ့ ထိစပ်နေတဲ့ တရုတ်နိုင်ငံဘက်အခြမ်းမှာဖြစ်ပြီး ဒီဒေသ အများစုကို ညီနောင်မဟာမိတ်အဖွဲ့တွေ ထိန်းချုပ်ထားတာပါ။

ရှမ်းပြည်နယ်မှာရောက်နေတဲ့ တရုတ်နိုင်ငံသားတွေ လုံခြုံရေးသတိရှိဖို့နဲ့ ပဋိပက္ခနယ်မြေတွေနဲ့ ကင်းလွတ်တဲ့ နေရာမှာနေဖို့၊ ဒါမှမဟုတ် နေရပ်ပြန်ဖို့ တရုတ်အစိုးရက ဒီလထဲမှာ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်းကလည်း ကချင်ပြည်နယ် လွယ်ဂျယ်မြို့နဲ့ ထိစပ်နေတဲ့ တရုတ်နိုင်ငံ၊ တယ်ဟုန်ရှမ်းနှင့် ဂျိန်းဖော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုဒေသ၊ လုံချွမ်ခရိုင်ထဲမှာ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်က စစ်ရေးလေ့ကျင့်မှုတွေ လုပ်ခဲ့ပါတယ်။

Your browser doesn’t support HTML5

မြန်မာနယ်စပ် တရုတ်စစ်ရေးလေ့ကျင့်မှုအပေါ် သုံးသပ်ချက်