ဂါဇာနဲ့လက်ဘနွန်မှာဖြစ်နေတဲ့ပဋိပက္ခတွေ အဆုံးသတ်စေဖို့ကြိုးစားတဲ့အနေနဲ့ ရက်ပိုင်းအတွင်း ညှိနှိုင်းရေးမှူးတွေတွေ့ဆုံဖို့ရှိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ကြာသပတေးနေ့မှာ ပြောပါတယ်။ ဒါ့အပြင်အမေရိကန်က ပါလက်စတိုင်းပြည်သူတွေအတွက် နောက်ထပ် ဒေါ်လာ ၁၃၅ သန်း အကူအညီပေးမှာဖြစ်ကြောင်းလည်းကြေညာခဲ့ပါတယ်။
ညှိနှိုင်းရေးမှူးတွေ မကြာခင် ပြန်လည်ဆွေးနွေးကြမှာဖြစ်ပြီး အထူးသဖြင့် ဂါဇာမှာအပစ်ရပ်ဖို့နဲ့ အဖမ်းခံနေရတဲ့ဓါးစာခံတွေ ပြန်လွှတ်ပေးရေး ဦးစားပေးဆွေးနွေးကြမှာ ဖြစ်ကြောင်းပြောပါတယ်။ ဒါ့အပြင် လက်ဘနွန်မှာ ညှိနှိုင်းဆွေးနွေးနေရတဲ့အနေထားကိုကြည့်ရင်တော့ တင်းမာနေဆဲဖြစ်ပြီး သံတမန်ရေးအဖြေရှာနိုင်တဲ့အခြေအနေဖြစ်လာဖို့ သိပ်ခက်နေဆဲဖြစ်ကြောင်း ကာတာဝန်ကြီးချုပ် လည်းဖြစ်၊ နိုငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ရှိတ်မိုဟာမက် Abdulrahman Al Thani နဲ့ Doha မှာ ပူးတွဲ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဂါဇာမှာ ဟာမတ်စ်တွေ ပြန်မအုပ်ချုပ်ဘဲ ပါလက်စတိုင်းပြည်သူတွေအုပ်ချုပ်တဲ့ ဂါဇာ ပြန်လည် တည်ဆောက်ရေးဖြစ်လာဖို့နဲ့ အစ္စရေးတပ်တွေ ဂါဇာကနေပြန်ရုပ်သိမ်းဖို့အတွက် အမေရိကန်နဲ့ ဒေသတွင်းခေါင်းဆောင်တွေ ဆွေးနွေးနေကြတာပါ။ ပါလက်စတိုင်း ပြည်သူတွေအတွက် အမေရိကန်က နောက်ထပ် ဒေါ်လာ ၁၃၅ သန်း အကူအညီပေးအပ်မှာဖြစ်ကြောင်းလည်း ဝန်ကြီး Blinken က ကြေညာပါတယ်။
ဒါဟာ ဂါဇာနဲ့ အနောက်ဘက်ကမ်းအပြင် ဒေသတွင်းမှာရှိနေတဲ့ ပါလက်စတိုင်းတွေအတွက် လူသားစာနာမှုအကူအညီတွေ၊ ရေ၊ သောက်သုံးရေ၊ စိတ်ကျန်းမာရေးဆိုင်ရာတွေမှာ အထောက်အကူ ရဖို့ဖြစ်ကြောင်း ပြောပါတယ်။ မနှစ်ကအောက်တိုဘာ ၇ ရက် ကစပြီး အမေရိကန်က ပါလက်စတိုင်း ပြည်သူတွေအတွက် လူသားစာနာမှုအကူညီ ပေးအပ်တာဟာ ဒေါ်လာ ၁.၂ ဘီလီယံ ကျော်ပြီ ဖြစ်ပါတယ်။
ဂါဇာမှာ ဟာမတ်စ်ခေါင်းဆောင် Yahya Sinwar သေဆုံးခဲ့တဲ့နောက်ပြုလုပ်မယ့် ဂါဇာအပစ်ရပ် ဆွေးနွေးပွဲတွေမှာ ဟာမတ်စ်ဘက်က ဘယ်လို ကိုင်တွယ်လုပ်ဆောင်လာမယ်ဆိုတာကိုတော့ ဘယ်သူမှ မသိကြသေးပါဘူး။
Your browser doesn’t support HTML5