မြန်မာ့အရေး ထိရောက်တဲ့နည်းတွေသုံးဖို့ အာဆီယံအမတ်တွေကို APHR တိုက်တွန်း

အင်ဒိုနီးရှားမှာကျင်းပခဲ့တဲ့ အာဆီယံအစည်းအဝေးတခုမြင်ကွင်း (ဇူလိုင်၊ ၂၀၂၃)

ပိုမိုဆိုးရွားလာနေတဲ့ မြန်မာ့အကျပ်အတည်းကို ခိုင်မာထိရောက်တဲ့နည်းနဲ့ တုံ့ပြန်ဖြေရှင်းကြဖို့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမှာကျင်းပနေတဲ့ အာဆီယံ လွှတ်တော်အမတ်တွေရဲ့ အထွေထွေညီလာခံ (AIPA) က ကိုယ်စားလှယ်တွေကို လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (APHR) ကတောင်းဆိုလိုက်ပါတယ်။

AIPA အထွေထွေညီလာခံဟာ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေအပါအဝင် ဒေသတွင်းက လွှတ်တော်ကိုယ်စားလှယ်တွေ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အရေးကြီးတဲ့ ဆွေးနွေးပွဲ ဖြစ်တယ်လို့လည်း APHR ဘုတ်အဖွဲ့ဝင်လည်းဖြစ် မလေးရှား ပါလီမန်အမတ်လည်းဖြစ်တဲ့ Wong Chen က ဒီနေ့ထုတ်ပြန်ချက်မှာ ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ နေ့စဉ်ကြုံတွေ့နေရတဲ့ ဆင်းရဲဒုက္ခတွေနဲ့ အသက်ဆုံးရှုံးမှုတွေကို ဖန်တီးနေတဲ့သူတွေကို ပြစ်ဒဏ်ကင်းလွတ်ခွင့် မရစေဖို့အတွက် ညီလာခံကို တက်ရောက်လာမဲ့ကိုယ်စားလှယ်တွေက သူတို့ရဲ့ သက်ဆိုင်ရာ အစိုးရတွေကို တွန်းအားပေးရာမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်လို့လည်း သူက ပြောပါတယ်။

AIPA ကိုယ်စားလှယ်တွေ အနေနဲ့ မြန်မာစစ်ကောင်စီဟာ ယုံကြည်ရတဲ့သူ မဟုတ်ဘူးဆိုတာနဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို လျစ်လျူရှုထားတယ်ဆိုတာကို အသိအမှတ်ပြုရမှာ ဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံက ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းတွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံဖို့ သက်ဆိုင်ရာ အစိုးရတွေကို တိုက်တွန်းသင့်ပါတယ် လို့လည်း ပြောထားပါသေးတယ်။

AIPA အထွေထွေညီလာခံကိုတော့ ဂျာကာတာမြို့တော်မှာ ဩဂုတ် ၅ ရက်ကနေ ၁၁ ရက်အထိ ကျင်းပနေတာဖြစ်ပါတယ်။

Your browser doesn’t support HTML5

မြန်မာ့အရေး ထိရောက်တဲ့နည်းတွေသုံးဖို့ အာဆီယံအမတ်တွေကို APHR တိုက်တွန်း