ပြီးခဲ့တဲ့ နှစ်က တရုတ်နိုင်ငံက ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကနေဒါနိုင်ငံသား နှစ်ယောက် လွတ်မြောက်ရေးကို အမေရိကန်အနေနဲ့ ဆောင်ရွက်နေပါတယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo က မနေ့က Ottawa ခရီးစဉ်အတွင်း ကနေဒါဝန်ကြီးချုပ် Justin Trudeau ကို ပြောလိုက်ပါတယ်။
တရုတ် နည်းပညာ ကုမ္မဏီကြီး Huawei ဘဏ္ဍာရေး အကြီးအကဲ Meng Wanzhou ကို ကနေဒါမှာ ဖမ်းဆီးခဲ့တဲ့ ကိစ္စနဲ့ ဆက်စပ်ပြီး ကနေဒါနိုင်ငံသား သံတမန်ဟောင်း Michael Kovrig နဲ့ စီးပွားရေး လုပ်ငန်းရှင် Michael Spavor တို့ကို သူလျှို လုပ်တယ်ဆိုပြီး တရုတ်က ၂၀၁၈ ဒီဇင်ဘာလတုန်းက ဖမ်းဆီးထိန်းသိမ်းထားတာပါ။
ပြီးခဲ့တဲ့ လအတွင်းက တရုတ်သမ္မတ Xi Jinping နဲ့ တွေ့ဆုံပွဲတခုမှာ သမ္မတ Trump က သမ္မတ Xi ကို ဒီကိစ္စကို ပြန်လည် ထုတ်ဖော်ပြောခဲ့ပါတယ်။ သူတိုကနှစ်ဦးဟာ မှားယွင်းဖမ်းဆီးခံရတာ ဖြစ်ပြီး သူတို့ လွတ်မြောက်ရေး အတွက်အမေရိကန်အနေနဲ့ တစိုက်မတ်မတ် လုပ်ဆောင်နေကြောင်း ဝန်ကြီး Pompeo ကပြောပါတယ်။ အမေရိကန်ရဲ့ ကြိုးပမ်းလုပ်ဆောင်နေတာတွေကို အသိအမှတ်ပြုကြောင်းနဲ့ ရှေ့ဆက် ဘယ်လိုလုပ်ကြ မလဲဆိုတာကို ဆွေးနွေးသွားမယ်လို့ လည်း ဝန်ကြီး Pompeo နဲ့ မတွေဆုံခင်က ဝန်ကြီးချုပ် Trudeau က ပြောထားတာပါ။
အမေရိကန်က အီရန်အပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဖောက်ဖျက်ကြောင်း အမေရိကန်ရဲ့ စွပ်စွဲချက်ကြောင့် ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက Meng Wanzhou ကို ကနေဒါနိုင်ငံ Vancouver မြို့မှာ ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။
Your browser doesn’t support HTML5