မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေကို အပြင်းအထန် ကန့်ကွက် ရှုတ်ချကြောင်းနဲ့ ဒီအကြမ်းဖက်မှုတွေကို ချက်ခြင်းရပ်ဆိုင်းပေးဖို့ အာဆီယံ နိုင်ငံ ခေါင်းဆောင်တွေ နဲ့ ဩစတြေးလျ နိုင်ငံအကြား ၃ ရက်ကြာ ထိပ်သီးဆွေးနွေးပွဲအပြီး မတ်လ ၆ ရက်၊ ဒီကနေ့ ထုတ်ပြန်တဲ့ကြေညာချက်မှာ တောင်းဆိုထားပါတယ်။
စစ်အာဏာသိမ်ပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ တဟုန်ထိုးကြီးထွားလားတဲ့ ပဋိပက္ခ အကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကိုအကောင်အထည်ဖော်နိုင်ရေးအတွက် ဆက်လက် ပံ့ပိုးသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အာဆီယံရဲ့ ဒီ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်နိုင်ရေးအတွက် အာဆီယံ-ဩစတြေးလျ မိတ်ဖက် အဖွဲ့အနေနဲ့ တခြား မိတ်ဖက် နိုင်ငံတွေအပါအဝင် မြန်မာ့အိမ်နီးချင်းနိုင်ငံတွေနဲ့ ကုလသမဂ္ဂတို့ကို တိုက်တွန်း တောင်းဆိုသွားမယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ထိရောက်တဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီနဲ့ အားလုံးပါဝင်တဲ့ ညှိနှိုင်းဆွေးနွေးပွဲတွေကို လုပ်ဆောင်ဖို့ကိုလည်း တိုက်တွန်းထားပါသေးတယ်။ ဩစတြေးလျနိုင်ငံက အာဆီယံရဲ့ ဆွေးနွေးဖက်နိုင်ငံဖြစ်ခဲ့တဲ့ နှစ် ၅၀ ပြည့် အထိမ်းအမှတ်အဖြစ် အာဆီယံ- ဩစတေးလျ ထိပ်သီးဆွေးနွေးပွဲကို မတ်လ ၄ ရက်ကနေ ၆ ရက်နေ့အထိ Melbourne (မဲလ်ဘုန်း) မြို့မှာ ၃ ရက်ကြာ ကျင်းပခဲ့တာပါ။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီကို အာဆီယံ အစည်းအဝေးတွေ တက်ခွင့်မပေးဘဲ နိုင်ငံရေးအရ ကိုယ်စားပြုသူ မဟုတ်သူတွေကိုသာ တက်ရောက်ခွင့် ပေးခဲ့တဲ့အတွက် ဒီအစည်းအဝေးပွဲမှာ စစ်ကောင်စီဘက်က ကိုယ်စားလှယ် တက်ရောက်ခဲ့ခြင်းမရှိပါဘူး။
Your browser doesn’t support HTML5