မြန်မာ့ပြဿနာ ညှိနှိုင်းဖြေရှင်း‌ရေး အိန္ဒိယရပ်တည်

မြန်မာ့ပြဿနာညှိနှိုင်းရေး အိန္ဒိယဝန်ကြီးချုပ် မိုဒီလည်းဆွေးနွေးဖို့ရှိတဲ့ လာအိုနိုင်ငံက အာဆီယံအစည်းအဝေးမြင်ကွင်း။ (အောက်တိုဘာ ၈၊ ၂၀၂၄)

အိန္ဒိယဝန်ကြီးချုပ် နရိန်ဒရာ မိုဒီက မြန်မာ့အရေးနဲ့ပတ်သက်ပြီး သူ့ရဲ့ လာအိုခရီးစဉ်အတွင်း ဒေသတွင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ရှိကြောင်းနဲ့ အိန္ဒိယအနေနဲ့ မြန်မာ့အကြပ်အတည်း အတွက် တွေ့ဆုံဆွေးနွေးရေး နည်းလမ်းနဲ့ပဲအဖြေရှာဖို့ ခိုင်ခိုင်မာမာရပ်တည် နေကြောင်းလည်း အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် Jaideep Mazumdar က ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဝန်ကြီးချုပ် မိုဒီဟာ အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ လာအိုက ဦးစီးကျင်းပမယ့် ၂၁ ကြိမ်မြောက် အာဆီယံ- အိန္ဒိယ ထိပ်သီးအစည်းဝေးနဲ့ အရှေ့အာရှ ထိပ်သီးအစည်းဝေးတွေကိုတက်ရောက်ဖို့ အောက်တိုဘာ ၁၀ ရက်ကနေ ၁၁ ရက်အထိ ဗီယင်ကျန်းကို သွားရောက်မှာ ဖြစ်ပါတယ်။ အရှေ့အာရှ ထိပ်သီးအစည်းဝေးကို ဒေသတွင်း ထိပ်တန်းခေါင်းဆောင်တွေ၊ နိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်ဖို့ရှိတာကြောင့် မြန်မာ့အရေးကို ဦးစားပေး ဆွေးနွေးမယ်လို့ မျှော်လင့်ရကြောင်းလည်း ပြောပါတယ်။ မြန်မာ့အရေးအတွက် အာဆီယံရဲ့ အချက် ၅ ချက်ပါ ဘုံသဘောတူညီချက်ကိုရော အိန္ဒိယနဲ့ ဆက်သွယ်ဆောင်ရွက်နေတဲ့ အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ လုပ်ဆောင်မှုတွေအတွက်ပါ ထောက်ခံကြောင်းလည်း ပြောပါတယ်။ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၃ နှစ် စစ်တပ်က အာဏာသိမ်းခဲ့ချိန်က စပြီး အခြေနေဟာ တင်းမာနေဆဲ ဖြစ်ပြီး အကြမ်းဖက်မှုတွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွါးနေတာဟာ ဒေသတွင်း လုံခြုံရေးအတွက် စိုးရိမ်စရာ ဖြစ်လာတယ်လို့ ပြောပါတယ်။

အိန္ဒိယဟာ သူ့ရဲ့ အရှေ့မျှော် ဝါဒကျင့်သုံးလာတာ ဒီနှစ်ဆို ၁၀ နှစ်ထဲ ရောက်လာပြီဖြစ်ပြီး အင်ဒိုပစိဖိတ် ဒေသတွင်းက Australia - နယူးဇီလန်-ဂျပန်အပြင် ပစိဖိတ်ကျွန်းနိုင်ငံလေးတွေနဲ့ပါ ဆက်ဆံမှု တိုးမြှင့် လာတာပါ။ ဒါ့အပြင် အာဆီယံအဖွဲ့ဝင် စင်္ကာပူနဲ့ဘရူနိုင်းကို အိန္ဒိယဝန်ကြီးချုပ်ကိုယ်တိုင် သွားရောက်ခဲ့ သလို ဗီယက်နမ်နဲ့ မလေးရှားဝန်ကြီးချုပ်တွေကလည်း အိန္ဒိယကို လာရောက်ခဲ့တာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

မြန်မာ့ပြဿနာ ညှိနှိုင်းဖြေရှင်း‌ရေး အိန္ဒိယရပ်တည်