မြန်မာ့အရေး အာဆီယံ ဘာလုပ်သင့်သလဲ (သဘောထားအမြင်တချို့)​​​​​​​

ASEAN SENIOR OFFICICALS' MEETING, 07 OCTOBER 2W24, VIENTIANE, LAO PDR.

အာဆီယံအနေနဲ့ကျရှုံးနေတဲ့စစ်ကောင်စီနဲ့ ဆက်ဆံရေးရပ်တန့်ပြီး စစ်ကောင်စီအလွန် မြန်မာနိုင်ငံ အနာဂတ်အတွက် ဘယ်လိုပါ၀င်မလဲဆိုတာ ချမှတ်လုပ်ဆောင်သင့်ကြောင်း Alternative ASEAN ခေါ် (စင်ပြိုင်အာဆီယံ) အဖွဲ့ကို တည်ထောင်သူ Debbie Stothard ကဗွီအိုအေကိုပြောပါတယ်။ လေးနှစ် ကျော်ကာလအတွင်း အာဆီယံ ဘုံသဘောတူညီချက်ငါးရပ် အလုပ်မဖြစ်တဲ့အတွက် ဘာတွေ ဆက် လုပ်ဖို့ အရပ်ဖက်အဖွဲ့တွေက တောင်းဆိုနေသလဲဆိုတာကို အာဆီယံထိပ်သီးဆွေးနွေးပွဲ ကျင်းပနေတဲ့ လာအိုနိုင်ငံ ဗီယင်ကျန်းက နေ မအင်ကြင်းနိုင်က တိုက်ရိုက်သတင်းပေးပို့ထားပါတယ်။

Your browser doesn’t support HTML5

မြန်မာ့အရေး အာဆီယံ ဘာလုပ်သင့်သလဲ (သဘောထားအမြင်တချို့)

အခု ကျင်းပနေတဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာစစ်ကောင်စီက အကောင်အထည်ဖေါ်ဖို့ ပျက်ကွက်နေတဲ့ အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကိစ္စ အလေးပေးဆွေးနွေးနေကြပါတယ်။ မြန်မာနိုင်ငံမှာအကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့၊ လူသားချင်းစာနာမှု အကူအညီတွေ ခွင့်ပြုဖို့ စတဲ့ အချက်တွေကို ၂၀၂၁ ခုနှစ် ဧပြီလက အင်ဒိုနီးရှားနိင်ငံမှာ အာဆီယံနိုင်ငံခေါင်းဆောင်တွေနဲ့အတူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် သဘောတူထားတာဖြစ်ပါတယ်။

အာဆီယံဘုံသဘောတူညီချက် အလုပ်မဖြစ်တဲ့အတွက် စစ်ကောင်စီကို အာဆီယံဘက်က အရေးယူ ဖိအားပေးသင့်တယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်က ဗွီအိုအေကိုပြောပါတယ်။

“ဒါကြောင့်လည်း ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က တောင်းဆိုနေတာပါ။ အာဆီယံ အဖွဲ့ကြီးအနေနဲ့ နိုင်ငံတကာကနေပြီးတော့ အားလုံး မြန်မာ့နိုင်ငံရေးမှာ စိတ်ဝင်စားတဲ့ နိုင်ငံတွေ ပူးတွဲ ပြီးတော့ ကူညီတဲ့ mechanism တခု လုပ်ဆောင်ဖို့အတွက် ကျနော်တို့တွေ တောင်းဆိုခဲ့တာ ရှိတယ်။ နောက်ပြီးတော့ အာဆီယံအဖွဲ့ကြီးအနေနဲ့လည်း ဆုံးဖြတ်ချက်ချထားတဲ့အတိုင်း 5 points consensus ကို လိုက်နာမှုမရှိတဲ့ စစ်ကောင်စီကို ထပ်ဆင့်အရေးယူဖို့လည်း လိုအပ်တယ်ဆိုတာလည်း ထောက်ပြ ပြောကြားချင်ပါတယ်။ ဒီအာဆီယံအဖွဲ့ကြီးကို မလေးမစားနဲ့ အာဆီယံအဖွဲ့ကြီးရဲ့ဆုံးဖြတ်ချက်၊ သူတို့ကိုယ်တိုင်လည်း သဘောတူညီခဲ့တဲ့ဆောင်ရွက်ချက်ကို မလိုက်နာတဲ့ဟာကို အာဆီယံအဖွဲ့အနေနဲ့ အချိန်သတ်မှတ်ပြီးတော့ အရေးယူဆောင်ရွက်တာ၊ ပိုမိုဖိအားပေးတာတွေ လုပ်သင့်တယ်လို့ မြင်ပါတယ်။”

လက်ရှိထိပ်သီးအစည်းအဝေးမှာ အာဆီယံအတွက် ခေါင်းခဲစရာ ဖြေရှင်းလို့မရသေးတဲ့ အကြီးမားဆုံး စိန်ခေါ်မှုတခုကတော့ မြန်မာနိုင်ငံရဲ့ အခြေအနေ သိသိသာသာဆိုးရွားလာနေတာဖြစ်တယ်လို့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်ကတည်းက စင်ပြိုင်အာဆီယံအဖွဲ့ကို တည်ထောင်ခဲ့သူ Debbie Stothard က ဗွီအိုအေကိုပြောပါတယ်။

“ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ဒုတိယလှိုင်းလို့ ခေါ်တဲ့ အရာကို ကျမတို့ မျက်မြင်တွေ့နေ ရပါတယ်။ မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ ဆိုရင် တလကို အကြိမ်ရေ ၁၀၀ ကျော် အထိ တိုးမြင့်လာခဲ့ပါတယ်။ နိုင်ငံတဝှမ်းလုံးမှာ စစ်ကောင်စီရဲ့နယ်မြေပိုင်နက်တွေ ဆုံးရှုံးနေပေမဲ့ အာဆီယံဟာ တရားမ၀င်တဲ့ စစ်ကောင်စီကို ဆက်ပြီးအကာအကွယ်ပေးနေပါတယ်။ အထူးသဖြင့် အာဆီယံဘုံသဘောတူညီချက် ငါးရပ်ဟာ ဘယ်လိုမှ အလုပ်မဖြစ်တော့ပါဘူး။”

သူကဆက်ပြီးအာဆီယံအတွက် ဖြေရှင်းဖို့ လိုအပ်နေတဲ့ မေးခွန်းတွေကို အခုလို ပြောသွားပါတယ်။

“ဖြေရှင်းဖို့ လိုအပ်နေတဲ့ မေးခွန်းတွေကတော့- အာဆီယံဘဏ်တွေအနေနဲ့ တရားမ၀င်တဲ့ စစ်ကောင်စီ အတွက် ငွေကြေးခဝါချတဲ့ကိစ္စရပ်တွေမှာ ပါ၀င်ပတ်သက်နေတာတွေကို သူတို့ဘယ်လို ရှောင်လွှဲကြ မလဲ။ ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews ရဲ့ အစီရင်ခံစာမှာဆိုရင် စင်္ကာပူနဲ့ ထိုင်းဘဏ်တွေဟာ မြန်မာစစ်တပ်အတွက် ငွေကြေး ၀န်ဆောင်မှုတွေပေးခဲ့တဲ့အတွက် စစ်ကောင်စီဟာ လက်နက်တွေဝယ်ယူနိုင်ခဲ့ပြီး အရပ်သားတွေကို ဆက်လက် သတ်ဖြတ်ဖို့ဖြစ်စေခဲ့တယ်ဆိုတာကို ဖေါ်ထုတ်ခဲ့ပါတယ်။ ဒါဟာ ဒေသတွင်းလုံခြုံရေး ခြိမ်းခြောက်မှု ပိုပြီးတိုးလာစေပါတယ်။..

“နောက်မေးခွန်းတခုကတော့ အနာဂတ်နဲ့ ပတ်သက်လို့ အာဆီယံရဲ့ ရပ်တည်ချက်က ဘယ်လိုလဲ။ မြန်မာ နိုင်ငံမှာ တရားဥပဒေစိုးမိုးရေး၊ ပြန်လည်ထူထောင်ရေးနဲ့ စစ်တပ်ကဖျက်စီးသွားတဲ့ စီးပွားရေး အဖွဲ့အစည်းတွေကို ပြန်လည် တည်ဆောက်ဖို့နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးအပ်ဖို့ကိစ္စ စတာတွေပါ၀င်တဲ့ စစ်ကောင်စီအလွန် အသွင်ကူးပြောင်းရေးအတွက် ပြင်ဆင်နေပါသလား ဆိုတာရှိနေပါတယ်။ “

ဒါ့ကြောင့် အာဆီယံဟာ အလုပ်မဖြစ်တော့တဲ့ ဘုံသဘောတူညီချက် ငါးရပ်ကို ဆက်လက်ဆုပ်ကိုင် နေမဲ့အစား စစ်ကောင်စီအလွန် ဖြစ်လာမယ့် မြန်မာနိုင်ငံအနာဂတ်မှာ ဘယ်လိုပါ၀င်မလဲဆိုတာကို ချမှတ် ဆောင်ရွက်သင့်တယ်လို့ Debbie Stothard က ပြောပါတယ်။

“အာဆီယံအနေနဲ့ ကျရှုံးနေပြီဖြစ်တဲ့ စစ်ကောင်စီကို ထောက်ခံအားပေးတာတွေ ရပ်တန့်ပြီး လက်နက် ကိုင် တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွေ့ကျကျ ဆွေးနွေးဆက်ဆံဖို့ စတင်လုပ်ဆောင်သင့်ပါ တယ်။ စစ်ကောင်စီအလွန် အသွင်ကူးပြောင်းရေးမှာ အာဆီယံအနေနဲ့ ဘယ်လို ပါ၀င်ဆောင်ရွက်မလဲ ဆိုတာ စီစဥ်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေး ပြန်လည်ထူထောင်ိဖု့နဲ့ လေးနှစ်အတွင်း စစ်ကောင်စီဖျက်ဆီးခဲ့တဲ့ စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာအဖွဲ့အစည်းတွေကို ပြန်လည် တည်ဆောက်ဖို့ အာဆီယံအနေနဲ့ ဘယ်လို ပံ့ပိုးကူညီမလဲဆိုတာတွေကို စဥ်းစားဆောင်ရွက်ဖို့ လိုပါတယ်။”

ဒီကနေ့မှာတော့ အာဆီယံနိုင်ငံခေါင်းဆောင်တွေ ဆွေးနွေးကြဖို့ရှိပြီး အဲဒီနောက် မိတ်ဖက်မဟာမိတ် နိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အမေရိကန်၊ ဂျပန်၊ အိန္ဒိယနိုင်ငံတွေနဲ့ ဆက်လက် အစည်းအဝေးတွေ လုပ်မှာ ပါ။ မြန်မာဘက်ကတော့ နိုင်ငံခြားရေး၀န်ကြီးဌာနက အမြဲတမ်းအတွင်း၀န် ဦးအောင်ကျော်မိုးကို စစ်ကောင်စီက စေလွှတ်ခဲ့ပါတယ်။

Your browser doesn’t support HTML5

မြန်မာ့အရေး အာဆီယံ ဘာလုပ်သင့်သလဲ (သဘောထားအမြင်တချို့)