မြန်မာဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်သစ်ဖြစ်တဲ့ Othman Hashim အနေနဲ့ မြန်မာနိုင်ငံကို ဒီအပတ်ထဲ သွားဖို့ရှိတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ ဒါပေမဲ့ အရင် လာအိုဥက္ကဌဖြစ်စဉ်က အထူးကိုယ်စားလှယ်လိုမျိုး အပစ်ရပ်အဖွဲ့တွေနဲ့တွေ့ဖို့ဖိတ်ထားတာမရှိသေးဘူးလို့ နီးစပ်သူတွေ ပြောပါတယ်။ အခု မလေးရှားကဥက္ကဋ္ဌဖြစ်လာချိန် ဒီအထူးသံရဲ့ ခရီးစဉ်အတွင်း ဆွေးနွေးနိုင်မယ့် အကြောင်းအရာတွေနဲ့ ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်သလဲဆိုတာကို ကိုဝင်းမင်းက မေးမြန်း တင်ပြပေးထားပါတယ်။
အာဆီယံ အလှည့်ကျဥက္ကဋ္ဌသစ် မလေးရှားက မကြာခင်ကခန့်လိုက်တဲ့အထူးကိုယ်စားလှယ် Othman Hashim ဟာ မြန်မာနိုင်ငံကို မကြာခင်ရောက်ဖို့ရှိတယ်လို့ နီးစပ်သူတွေပြောပါတယ်။ ဒီ ခရီးစဉ် ထူးခြားမှုအပေါ် အာဆီယံလူ့အခွင့်အရေး လွှတ်တော်အမတ်များအဖွဲ့ (APHR) ပူးတွဲဥက္ကဋ္ဌ Charles Santiago (မလေးရှား အမတ်ဟောင်း) က အခုလို ထောက်ပြပါတယ်။
“အရေးကြီးတာက မလေးရှားအနေနဲ့ အသစ်ကနေပြန်စစရာမလိုတော့ဘဲ အင်ဒိုနီးရှားလုပ်ခဲ့တာကနေ ပြန်စယူပြီး ဆက်လုပ်နိုင်တာပါ။ အင်ဒိုနီးရှားအနေနဲ့ မြန်မာ့အရေးအတွက် ဘက်ပေါင်းစုံက ပါဝင် ပတ်သက်သူတွေနဲ့ အကြိမ် ၁၀၀ ကျော်အထိ ဆွေးနွေးခဲ့ပြီးတာမို့ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နဲ့ အခုဖြစ်ပျက်တာတွေဆွေးနွေးတာမှာ အသစ်ကပြန်စ,စရာမလိုဘဲ သူဘာစပြောရမလဲဆိုတာ သိ ထားပါတယ်။ အဲ့ဒိတော့ အခု အာဆီယံအထူးကိုယ်စားလှယ်သစ်ရဲ့ တောင်းဆိုနိုင်ချက်ကတော့ တိုက်ခိုက်တာတွေ ရပ်ဖို့ပါ။ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ပထမခြေလှမ်းအဖြစ်နဲ့ ပေါ့နော်။”
ဒီ ထူးခြားမှုအပေါ် နိုင်ငံတကာ ပဋိပက္ခ စောင့်ကြည့်ေလာရေးအဖွဲ့ (ICG) ရဲ့ မြန်မာဆိုင်ရာ အကြီးတန်း အကြံပေး Richard Horsey ကလည်း အခုလို သုံးသပ်ပြပါတယ်။
“မလေးရှားအနေနဲ့ အာဆီယံဥက္ကဋ္ဌသစ်ဖြစ်တဲ့နှစ်မှာ စိန်ခေါ်ချက် ကြီးကြီးမားမား ကြုံနေရပါတယ်။ မြန်မာပြဿနာက သူ့ရဲ့ လုပ်စရာရှိတာတွေအပေါ် လွှမ်းမိုးတာမျိုး သူ မဖြစ်စေချင်ပါဘူး။ အာဆီယံ ဥက္ကဋ္ဌသစ်အဖြစ် ဒေသတွင်း စီးပွားရေးချိတ်ဆက်ဆောင်ရွက်ရေး-စတာအပေါ် မလေးရှားက အာရုံ စိုက်ချင်ပုံရပါတယ်။ ဒါပေမဲ့ မြန်မာမှာ ဒီနှစ်နှောင်းပိုင်း ဖြစ်လာနိုင်ခြေရှိနေတဲ့ ရွေးကောက်ပွဲအတွက် အာဆီယံရဲ့ မြန်မာမူဝါဒအပေါ် ဘုံသဘောတူချက်ဆက်ထိန်းထားနိုင်ဖို့ စိန်ခေါ်မှုကြုံနေရပါတယ်။ ရွေးကောက်ပွဲအပေါ် အာဆီယံထဲ လားအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ထိုင်းတို့က တိုးတက်မှု ခြေလှမ်းတခုဖြစ်ကောင်းဖြစ်နိုင်တယ်လို့ မြင်ထားကြချိန်မှာ ကျန်တဲ့တခြားနိုင်ငံ တွေကတော့ ရွေးကောက်ပွဲဟာ မြန်မာပြဿနာအတွက် ဘယ်လိုမှ အဖြေမဖြစ်နိုင်တဲ့အပြင် နောက်ထပ် အကြမ်းဖက်မှုတွေကိုသာ ဦးတည်စေနိုင်တယ်လို့ တွက်ထားကြပါတယ်။”
ဒီ မလေးရှား ကြိုးပမ်းမှုအပေါ် ISP မြန်မာ မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျုအဖွဲ့ ဒါရိုက်တာ ဦးအောင်သူငြိမ်းက အခုလို ရှင်းပြပါတယ်။
“နေပြည်တော်ကို ပထမဆုံး မိတ်ဆက်ခရီးလည်းဖြစ်နိုင်ပါတယ်။ သိပ်အများကြီးတော့ မျှော်လင့်စရာ မရှိဘူးလို့ ထင်တယ်။ နောက်တခုကကျတော့ မလေးရှားက သင်ခန်းစာယူစရာတွေ ရှိတယ်။ အင်ဒိုနီးရှားတုန်းက အဖွဲ့အစည်း အင်အားစုပေါင်းစုံနဲ့တွေ့တယ်။ ကမ္ဘောဒီးယားအလှည့်ထဲ ဟွန်ဆန်က သူ့ရဲ့ပုဂ္ဂိုလ်ရေးနဲ့ ဗမာပြည်အရေးကိုဝင်ဖြေရှင်းဖို့ ကြိုးစားခဲ့တဲ့ဟာမျိုးလေးတွေလည်း ရှိတယ်လေ၊ နော်။ နောက်တခါ လာအိုကတော့ နိုင်ငံသေးတော့ သိပ်မလုပ်နိုင်ဘူးပေါ့။ အဲဒီတော့ မလေးရှားဝန်ကြီးချုပ်ကလည်း မြန်မာပြည်အကြောင်းနဲ့ပတ်သက်လို့ သိပ်လည်းမဝေးဘူးပေါ့နော်။ နောက်တခါ မလေးရှားကလည်း အင်အားကြီးနိုင်ငံတခုဖြစ်တော့ ပိုလုပ်နိုင်မယ်ဆိုတဲ့ တွက်ချက်မှုလည်း ရှိပါတယ်။”
ဒီနေရာမှာ အရင် အာဆီယံဥက္ကဋ္ဌ လာအိုနိုင်ငံလက်ထက်မှာ တွေ့ခွင့်ရခဲ့တဲ့ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ဒီတစ်ခေါက်တွေ့ဖို့ မဖိတ်ထားတာအပေါ် Richard Horsey က အခုလို ဆက်သုံးသပ်ပြပါတယ်။
“နေပြည်တော်ကစစ်အုပ်စုအနေနဲ့ မလေးရှားရဲ့ရပ်တည်ချက်ကို ကောင်းကောင်းသိထားမယ် ထင်ပါတယ်။ သူတို့ မလေးရှားကို မလိုလားပါဘူး။ မလေးရှားဥက္ကဋ္ဌကာလထဲ မြန်မာအပေါ် ဖိအား ပိုပြင်းပြင်းထန်ထန်ပေးလာမှာ စိုးရိမ်မဲ့ပုံရှိပါတယ်။ ဒါကြောင့်မို့ မနှစ်က လာအိုဥက္ကဋ္ဌဖြစ်ချိန်တုန်းက အထူးကိုယ်စားလှယ်ဟောင်း လာချိန်ရခဲ့တဲ့ ပိုကျယ်ကျယ်ပြန့်ပြန့် တွေ့ဆုံမှုမျိုး အခု မစီစဉ်ထားတာ ဖြစ်နိုင်ပါတယ်။”
အခုလိုဖြစ်တာက အာဆီယံက ရွေးကောက်ပွဲထက် တိုက်ခိုက်မှုတွေရပ်ရေး ဦးစားပေးဖို့ ပြောလာချိန်၊ စစ်ကောင်စီဘက်က ဒါကို ဦးစားပေးမလုပ်ချင်တာ ပြချင်ပုံရတယ်လို့ သုံးသပ်မူတွေလည်း ရှိနေပါတယ်။ အဲ့ဒိတော့ အခုဆွေးနွေးပွဲမှာ အဓိက ဆွေးနွေးနိုင်တာကိုလည်း ဦးအောင်သူငြိမ်းက အခုလို ဆက်ရှင်းပြပါတယ်။
“ရွေးကောက်ပွဲလုပ်ပါမယ်၊ ပြီးတော့မှ ပြီးခဲ့တဲ့အာဆီယံအစည်းအဝေးမှာလည်းပဲ သွားတက်တဲ့ နိုင်ငံရေးဘက်ကမဟုတ်သော သူ့ရဲ့ကိုယ်စားလှယ်ပေါ့နော်- ဒါပဲ ပြောတာပဲ။ ‘ကျနော်တို့ ရွေးကောက်ပွဲ လုပ်ပါမယ်၊ နိုင်ငံတကာဖိတ်ပါမယ်၊ သမာသမတ်ကျအောင်လုပ်ပါမယ်၊’ ဒါတွေပဲ ပြောတာပဲလေ-နော်။ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ကတော့ အခုချိန်ထိက အချိန်ဇယားအတိအကျ ထုတ်မပြောသေးဘူး လေ-နော်။ ကြားရသလောက်ဆိုရင် တရုတ်က ရွေးကောက်ပွဲနဲ့ပတ်သက်လို့ အကူအညီတွေပေးမယ်၊ ဒါပေမဲ့ logisitic သဘောပေါ့ဗျာ။ ရွေးကောက်ပွဲက ဘယ်လမှာဖြစ်မယ်ဆိုရင် သူက အကူအညီကို ဘယ်အချိန်မှာ ထုတ်ပေးရမယ်ဆိုတဲ့ဟာမျိုးတွေက ပြင်ဆင်ရမယ်လေ။ ဆိုတော့ အဲဒီအတွက် အချိန်ဇယား အတိအကျက မသိသေးဘူးဗျ။”
တချိန်တည်းမှာ အခုတခေါက်ဆွေးနွေးပွဲမှာ ဖြစ်လာနိုင်ပုံကိုလည်း Charles Santiago က အခုလို ဆက်ထောက်ပြပါတယ်။
“ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အစိုးရအနေနဲ့ အာဆီယံအပေါ် အလေးအနက်မရှိခဲ့တာကို လွန်ခဲ့တဲ့ ၄ နှစ်က ပြခဲ့ပြီးပါပြီ။ သူတို့အနေနဲ့ တလွဲဖြစ်အောင်သာလုပ်ခဲ့ပါတယ်။ အခုလည်း ဒီနှစ်ကုန်ပိုင်း တချိန်ချိန် ရွေးကောက်ပွဲလုပ်ဖို့ ပြင်နေပုံရပါတယ်။ ဒါပေမဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ မကြာခင်က Langkawi ကျွန်းမှာလုပ်တဲ့ဆွေးနွေးပွဲမှာ ဒီရွေးကောက်ပွဲကို မထောက်ခံပါဘူးလို့ ရှင်းရှင်းလင်းလင်း ပြောထားပြီးပြီ ထင်ပါတယ်။ ဒါကြောင့်မို့ မြန်မာဘက်က ရွေးကောက်ပွဲ အကြောင်းပြောလာလည်း အရာမရောက်နိုင်ပါဘူး။ ဒါပေမဲ့ မြန်မာဘက်ကတော့ ရွေးကောက်ပွဲကို ဆက်လုပ်မဲ့ပုံပါ။ ဒီနေရာမျိုးမှာ အာဆီယံက ဘာမှမလုပ်နိုင်တော့တာပါ။ ကြေညာချက်ထုတ်နိုင်တာပဲ ရှိနိုင်မှာပါ။ ဒါပေမဲ့ အတိုက်အခံတွေဖြစ်တဲ့ NUG NUCC နဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့လည်း အာဆီယံကတွေ့ဖို့ရှိတယ်ဆိုရင်တော့ ရှေ.ဆက်ဖို့ လမ်းပွင့်နိုင်ပါတယ်။”
ဒါ့အပြင် ဒီတခေါက်တွေ့ဆုံမှုမှာ စစ်ကောင်စီ ငြိမ်းချမ်းရေးအဖွဲ့ NSPNC နဲ့လည်း အာဆီယံ အထူး ကိုယ်စားလှယ်တွေ့ဖို့ မစီစဉ်ထားသလို နိုင်ငံရေးပါတီခေါင်းဆောင်တချို့ကိုလည်း ဖိတ်ထားတာ မရှိဘူးလို့ နီးစပ်သူတွေက ပြောပါတယ်။ ဒီခရီးစဉ်အပေါ် စစ်ကောင်စီ ပြောခွင့်ရကို ဆက်သွယ်ခဲ့ပေမဲ့ အချိန်မီ မရခဲ့ပါဘူး။
Your browser doesn’t support HTML5
အာဆီယံအထူးကိုယ်စားလှယ်ရဲ့ မြန်မာခရီးစဉ်အပေါ် သုံးသပ်ချက်