{{Zawgyi/Unicode}}
မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ရပ်ကို အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) က အမြန်ဆုံး ထိရောက်စွာ အကောင်အထည်ဖော်ဖို့၊ အဲဒီ သဘောတူညီချက်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတဲ့မြန်မာစစ်တပ်ကို တာဝန်ယူမှုရှိအောင် လုပ်ကိုင်ဖို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များ အဖွဲ့ APHR က တိုက်တွန်းလိုက်ပါတယ်။
မြန်မာ့အရေး အာဆီယံ အထူးအစည်းအဝေးကျင်းပခဲ့တာ တလလောက် ရှိလာတဲ့အချိန်ထိ ဘာမှပြောင်းလဲတာ မတွေ့ရသေးဘူးလို့ ဒီကနေ့ မေလ ၂၁ ရက်နေ့ APHR က ထုတ်ပြန်တဲ့ ကြညာချက်မှာ ဖော်ပြထားပါတယ်။ အာဆီယံရဲ့တောင်းဆိုချက်ကို စစ်ကောင်စီဘက်က ဂရုမစိုက်တဲ့အတွက် အာဆီယံ အသင်းကြီးအတွက် အချိန်ကုန်ရုံသက်သက်ပဲလို့လည်း ပြောထားပါတယ်။
ဧပြီလက ရခဲ့တဲ့ အာဆီယံ ဘုံသဘောတူညီချက်ဟာ ကောင်းမွန်တဲ့ ဆောင်ရွက်ချက်ဖြစ်ပေမဲ့၊ ဒါ အပြောသက်သက်မဟုတ်ဘူးဆိုတာ သက်သေပြဖို့လိုပြီလို့လည်း ဖော်ပြထားပါတယ်။
စစ်တပ်အနေဲ့သူ့ရဲ့ ကြမ်းကြုတ်ရက်စက်မှုအတွက် အကျိုးဆက်ကိုခံစားရအောင်လုပ်ဖို့လိုတာကြောင့် အရေးယူမှုတွေလုပ်ဖို့လည်း အာဆီယံအသင်းကြီးကို APHR ရဲ့ဥက္ကဋ္ဌလည်းဖြစ်၊ မလေးရှားလွှတ်တော်အမတ်လည်းဖြစ်တဲ့ Charles Santiago ကကြေညာချက်ထဲမှာ တိုက်တွန်း ထားပါတယ်။
အကြမ်းဖက်လုပ်ရပ်ရဲ့အကျိုးဆက်အဖြစ် အာဆီယံအစည်းအဝေးတွေမှာ မြန်မာစစ်တပ်ကို မဖိတ်ဖို့၊ မြန်မာ စစ်ဗိုလ်ချုပ်တွေကို ဒေသတွင်းခရီးသွားလာခွင့်ပိတ်ပင်ဖို့၊ စစ်တပ်နဲ့ ပတ်သက်နေတဲ့စီးပွားရေး လုပ်ငန်းတွေကို ပစ်မှတ်ထား ဒဏ်ခတ်ဖို့လည်း မစ္စတာ Santiago က အဲဒီကြေညာချက်မှာ အကြံပြုထားပါတယ်။
မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေကို ပြစ်တင်ရှုတ်ချပြီး လက်နက်ရောင်းချခွင့် ပိတ်ပင်ဖို့ဆိုတဲ့ ကုလသမဂ္ဂအထွေထွေ ညီလာခံရဲ့ ပြဌာန်းချက်မူကြမ်းကို ထောက်ခံဖို့လည်း အာဆီယံကို တိုက်တွန်းထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဆန္ဒပြပြည်သူတွေအပေါ် အကြမ်းဖက်နှိမ်နှင်းနေတာကြောင့် အာဆီယံ အသင်းကြီးက ဧပြီ ၂၄ ရက်နေ့မှာ မြန်မာ့အရေး အစည်းအဝေး တရပ်ကျင်းပပြီး ဘုံသဘောတူညီချက် ၅ ရပ် ချမှတ်ခဲ့တာဖြစ်ပါတယ်။ ..............................................
Your browser doesn’t support HTML5
{{Unicode}}