အာဆီယံအထူးသံတမန် မြန်မာခရီးစဉ် စစ်ကောင်စီနဲ့ ညှိနှိုင်းရဆဲ

မြန်မာနိုင်ငံဆိုင်ရာ အာစီယံအထူးကိုယ်စားလှယ် Erywan Mohd Yusof.

(Zawgyi / Unicode)

အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) ရဲ့ မြန်မာ့အရေး အထူးသံတမန် Erywan Yusof က မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်လို့ သတ်မှတ်ချက်တွေကို စစ်ကောင်စီနဲ့ ညှိနှိုင်းဆွေးနွေးဆဲရှိပြီး ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံခွင့်ရဖို့ ကြိုးပမ်းနေတယ်လို့ ဒီကနေ့ပြောပါတယ်။

"မြန်မာနိုင်ငံကို သွားဖို့အတွက် အခုအခါ အရေးပေါ် လိုအပ်နေပါပြီ။ ဒါပေမယ့် အဲဒါမတိုင်ခင်မှာ အာမခံချက်တွေ ရဖို့လိုပါတယ်" လို့ အထူးသံတမန် Erywan က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

"ကျနော် ဘာလုပ်ရမယ်၊ ကျနော်သွားတဲ့အခါ ဘာလုပ်ဖို့ သူတို့က ကျနော့်ကိုခွင့်ပြုမယ် ဆိုတာတွေကို ရှင်းရှင်းလင်းလင်း သိဖို့လိုပါတယ်" လို့ မစ္စတာ Erywan က ဆိုပါတယ်။

SEE ALSO: အာဆီယံအထူးကိုယ်စားလှယ် အောင်မြင်ဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးသစ်မျှော်လင့်

အာဆီယံ ထိပ်သီးအစည်းအဝေး ကျင်းပဖို့ စီစဉ်ထားတဲ့ အောက်တိုဘာလနှောင်းပိုင်း မတိုင်ခင်မှာ မြန်မာနိုင်ငံကို သွားချင်တယ်လို့ Erywan က ပြောပေမယ့် ရက်အတိအကျကိုတော့ မသတ်မှတ်ရသေးပါဘူး။

"သူတို့က ခုချိန်ထိ သတ်မှတ်ချက် မပေးသေးသလို ရှင်းရှင်းလင်းလင်းလည်း မရှိသေးပါဘူး" လို့ Erywan က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အကြောင်းကြားထားတယ်လို့ သူကပြောပေမယ့် အာဆီယံအဖွဲ့မှာ ဘုံသဘောတူညီချက်နဲ့ ချမှတ်ထားတဲ့ အချက်ငါးချက်ထဲမှာတော့ အဲဒီလို တွေ့ဆုံဖို့ကို လိုအပ်ချက်တခုအနေနဲ့ ထည့်သွင်းထားတာ မဟုတ်ပါဘူး။

အကြမ်းဖက်လုပ်ရပ်တွေ အဆုံးသတ်ဖို့နဲ့ သက်ဆိုင်သူတွေ အားလုံးကြားမှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ စတင်ဖို့ စတဲ့အချက်တွေပဲ ပါဝင်ပါတယ်။

"အဲဒီအချက်က မြန်မာနိုင်ငံက လက်ရှိ အာဏာပိုင်တွေကို ကျနော်ပြောနေတာတွေပါပဲ။ သက်ဆိုင်သူအားလုံးနဲ့ ကျနော် စကားပြောဖို့ လိုအပ်ပြီး အဲဒါကို ညှိနှိုင်းတုန်းပါပဲ" လို့လည်း Erywan က ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ စစ်ကောင်စီပြောခွင့်ရကို ရိုက်တာက ဆက်သွယ်ခဲ့ပေမယ့် အကြောင်းပြန်ချက် မရခဲ့ပါဘူး။

စစ်ကောင်စီအပါအဝင် မြန်မာနိုင်ငံတွင်းက တခြားသက်ဆိုင်သူတွေနဲ့ ဆွေးနွေးညှိနှိုင်းတာတွေမှာ "တိုးတက်မှု ကောင်းကောင်းရနေတယ်" လို့ အထူးသံတမန် Erywan က ဆိုပါတယ်။

အထူးသံတမန်အဖြစ် သူ့ရဲ့လုပ်ငန်းတွေကို အထောက်အကူပေးဖို့ အကြံပေးအဖွဲ့တဖွဲ့ ဖွဲ့ဖို့ကိုလည်း လုပ်နေတယ်လို့ ပြောပါတယ်။ အဲဒီအထဲမှာ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် အပါအဝင် မြန်မာ့အိမ်နီးချင်းနိုင်ငံတွေက လူပုဂ္ဂိုလ်တွေ ပါနိုင်တယ်လို့လည်း ပြောပါတယ်။

မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ကူညီဖြေရှင်းဖို့ဆိုပြီး ဘရူနိုင်းနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ Erywan Yusof ကို အထူးသံတမန်အဖြစ် အာဆီယံက ခန့်အပ်ခဲ့ပြီး သြဂုတ်လ ၄ ရက်နေ့မှာ စစ်ကောင်စီက သဘောတူ လက်ခံခဲ့ပါတယ်။

Your browser doesn’t support HTML5

အာဆီယံအထူးသံတမန် မြန်မာခရီးစဉ် စစ်ကောင်စီနဲ့ ညှိနှိုင်းရဆဲ

------------------

(Unicode)










SEE ALSO: မြန်မာ့အရေးမှာ အာဆီယံ မျှော်လင့်သလောက်အလုပ်မဖြစ် (စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး)



