တိုင်ဖွန်းမုန်တိုင်းကြောင့် ဖိလစ်ပိုင်မှာ အနည်းဆုံး ၁၂ ဦး သေဆုံး

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်မှာ ရေကြီးနေတဲ့လမ်းတွေကြား သွားလာနေကြရသူများ (ဇူလိုင် ၂၄၊ ၂၀၂၄)

ဖိလစ်ပိုင်နိုင်ငံကို ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း Gaemi ဟာ ဒီနေ့မှာ ထိုင်ဝမ်ကို ဦးတည်နေပါတယ်။ ဖိလစ်ပိုင် အာဏာပိုင်‌တွေကတော့ မုန်တိုင်းတိုက်ခတ်မှုကြောင့်ရော မုတ်သုံမိုးရွာသွန်းမှုကြောင့်ပါ ရေကြီး ရေလျှံမှုတွေ၊ မြေပြိုမှုတွေ ဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၂ ဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့ ပြောပါတယ်။ မနီလာမြို့တော်အပြင်ဘက် Batangas ခရိုင်မှာလည်း မြေပြိုမှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတဦးနဲ့ ကလေးသုံးဦး သေဆုံးခဲ့ရပါတယ်။

တိုင်ဖွန်းမုန်တိုင်း Gaemi ဟာ အမြင့်ဆုံးလေတိုက်နှုန်း တနာရီ ၁၆၂ ကီလိုမီတာနှုန်းနဲ့ ကျွန်းရဲ့ အရှေ့မြောက်ဆီကို ဦးတည်ရွေ့လျားနေကြောင်းနဲ့ မြေပြိုမှုအန္တရာယ်မြင့်မားတဲ့ တောင်ပေါ်ဒေသတွေက လူပေါင်း ၂,၀၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့တယ်လို့ ထိုင်ဝမ်မိုးလေဝသဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ရထားလိုင်းတွေ၊ ကူးတို့ယာဉ်ပြေးဆွဲမှုတွေနဲ့ ပြည်တွင်းပြည်ပလေကြောင်း ခရီးစဉ်ပေါင်း ၂၀၀ ကျော်ကိုလည်း ဖျက်သိမ်းထားပါတယ်။

တိုင်ဖွန်းမုန်တိုင်းကြောင့် တရုတ်ပြည်မကြီးက စစ်ရေးအရ ကျူးကျော်လာခဲ့ရင် ခုခံဖို့ ပြင်ဆင်တဲ့အနေနဲ့ ထိုင်ဝမ်စစ်တပ်က နှစ်စဉ်ကျင်းပတဲ့ Han Kuang စစ်ရေးလေ့ကျင့်မှု အစီအစဉ်လည်း ထိခိုက်ခဲ့ရပါတယ်။ လေကြောင်းနဲ့ ပင်လယ်ပြင် လေ့ကျင့်မှုအချို့ကို ဖျက်သိမ်းခဲ့ပေမဲ့ Penghu ကျွန်း အနောက်ပိုင်းမှာ ကျည်အစစ်တွေနဲ့ ပစ်ခတ်လေ့ကျင့်မှုတွေကိုတော့ ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။

Your browser doesn’t support HTML5

တိုင်ဖွန်းမုန်တိုင်းကြောင့် ဖိလစ်ပိုင်မှာ အနည်းဆုံး ၁၂ ဦး သေဆုံး