သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင်ရေကြီးမှု ၂ ဦး သေဆုံး


A vehicle is stuck in a collapsed section of road in Hong Kong on Sept. 8, 2023.
A vehicle is stuck in a collapsed section of road in Hong Kong on Sept. 8, 2023.

ဟောင်ကောင်မှာ ကြာသပတေးနေ့ နှောင်းပိုင်းကနေ သောကြာနေ့နှောင်းပိုင်းအထိ စံချိန်တင်မိုးရွာသွန်းနေလို့ လမ်းတွေနဲ့ မြေအောက် ရထားဘူတာရုံတွေ ရေလျှံကာ မြေပြိုမှုတွေဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ(၂)ဦးသေဆုံးကာ ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ဟောင်ကောင်ရဲတပ်ဖွဲ့ကတော့ အလောင်း (၂)လောင်း ရေထဲ မျောပါလာတာကို ၂ နေရာမှာ တွေ့ခဲ့ရတယ် ပြောပါတယ်။ လူပေါင်း ၁၁၀ ကိုလည်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရပြီး ဒဏ်ရာရသူ ၂၀ ဦးကို ကူညီပေးခဲ့ကြောင်း မြို့တော်မီးသတ်ဌာနက AP သတင်းဌာနကို ပြောပါတယ်။

မိုးက ကြာသပတေးည ၁၁ နာရီကနေ ၁၂ နာရီကြား ၁ နာရီ အတွင်းမှာတင် မိုးရေချိန် ၆ လက်မကျော် ရွာခဲ့တာပါ။ ဒါဟာ ၁၈၈၄ ခုနှစ် နောက်ပိုင်း အမြင့်ဆုံးစံချိန်တင် မိုးရွာခဲ့တာလို့ ဆိုပါတယ်။ ကောင်းလုံကျွန်းနဲ့ ဟောင်ကောင်ကျွန်းမှာ မိုးရေချိန် ၈ လက်မ အထိ ရှိခဲ့ပါတယ်။

ဒေသတွင်း ရုပ်မြင်သံကြားသတင်းတွေနဲ့ လူမှုကွန်ရက်က ဗီဒီယိုတွေထဲမှာတော့ ဟောင်ကောင်ရဲ့ လမ်းမတွေပေါ်မှာ ရေကြီးနေပြီး ကပ်လျက် ဂွမ်ဒေါင်း(Guangdong)ပြည်နယ်၊ ရှန်ကျန်း(Shenzhen) ဘက်အထိ ရေတွေ တဟုန်ထိုး စီးဝင်လာတာကို တွေ့ရပါတယ်။မြေအောက် ရထားတွေအပြင် ဟောင်ကောင်နဲ့ ကောင်းလုံကျွန်း ဆက်သွယ်ထားတဲ့ ဥမင်လိုဏ်ခေါင်းမှာလည်း ရေလွှမ်းခဲ့ပါတယ်။

ညနေ နှောင်းပိုင်းအထိ မိုးကဆက်ရွာနေဦးမယ်လို့ မိုးလေဝသပညာရှင်တွေနဲ့ မြို့အာဏာပိုင်တွေက ပြောပါတယ်။ သောကြာနေ့မှာတော့ ကျောင်းတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ ငွေကြေးဈေးကွက်တွေကို ပိတ်ထားပါတယ်။

ဟောင်ကောင်အုပ်ချုပ်ရေးမှုး အဲရစ်ချန်းကတော့ ဒီမိုးက "ရာစုနှစ်မှာ တကြိမ်" ကြုံရတဲ့ မိုးရွာသွန်းမှုကြီးဖြစ်ပြီး ခန့်မှန်းရ အလွန်ခက်ခဲနေကြောင်း သတင်းစာရှင်းလင်းပွဲမှာ သောကြာနေ့က ပြောပါတယ်။ အင်္ဂါနေ့က တရုတ်နိုင်ငံ ဖူကျင်း (Fujian)ပြည်နယ် ကုန်းတွင်းပိုင်းကို ဝင်ရောက်ခဲ့တဲ့ တိုင်ဖုန်း နောက်ဆက်တွဲ ဆက်စပ်နေတဲ့ လေဖိအားနည်းရပ်ဝန်းတခုကြောင့် မိုးရွာတာလို့ ဟောင်ကောင် စောင့်ကြည့်လေ့လာရေးဌာနနဲ့ မိုးလေဝသ ပညာရှင်တွေက ပြောပါတယ်။ ကွမ်တုံပြည်နယ် အလယ်ပိုင်းနဲ့ အနောက်တောင်ပိုင်း ဒေသတွေမှာလည်း စနေနေ့အစောပိုင်းအထိ မိုးသည်းထန်စွာ ရွာသွန်းဖို့ ခန့်မှန်းထားကြောင်း တရုတ်မိုးလေဝသဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဟောင်ကောင်ရေကြီးမှု ၂ ဦး သေဆုံး
please wait

No media source currently available

0:00 0:01:25 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG