ဟာသ သရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှုအတွက် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ စွဲဆိုထားတဲ့အမှုကို ရုပ်သိမ်းခွင့်ပြုခဲ့ တာနဲ့ပတ်သက်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးပြီးတဲ့နောက် အဆင့်မြင့် ဥပဒေဝန်ထမ်းတွေကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့် အရေးယူထားတယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စက်တင်ဘာလ ၁၃ ရက်၊ ကြာသပတေးနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
အရေးယူခံထားရသူတွေကတော့ ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ် ဦးဟန်ထူး၊ ရန်ကုန်တိုင်းဒေသကြီးဥပဒေအရာရှိ ဦးသိန်းဇော်၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိ ဦးကိုကိုလေး၊ ဒုတိယခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်၊ ဒုတိယခရိုင်တရားသူကြီး ဦးအောင်ကြည်နဲ့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ရွှေပေါက္ကံနယ်မြေစခန်းမှူး (ယခင်သုဝဏ္ဏနယ်မြေစခန်းမှူး) ရဲအုပ်ချစ်ကိုကိုတို့ ဖြစ်ပါတယ်။
အမှုရုပ်သိမ်းခွင့်ပြုတဲ့ကိစ္စမှာ လာဘ်ငွေနဲ့ တံစိုးလက်ဆောင်တွေရယူပြီး တရားလိုပြသက်သေတွေကို တမင်ပေါ့လျော့စွာ စစ်ဆေး တယ်၊ တရားခံတွေ ပြစ်မှုကျူးလွန်ကြောင်း တရားလိုပြသက်သေတွေက ထွက်ဆိုနိုင်ခြင်းမရှိတဲ့ အခြေအနေဖြစ်အောင် ဖန်တီးခဲ့ တယ်ဆိုတာ စုံစမ်းစစ်ဆေးရေးအဖွဲ့က တွေ့ရှိတဲ့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေကို တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိတယ်လို့ ကော်မရှင်ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လာဘ်ငွေ ဘယ်လောက်ရယူခဲ့တယ်ဆိုတာ ထုတ်ပြန်ချက်မှာ အတိအကျ ဖော်ပြမထားပေမဲ့ အဆင့်ဆင့် လာဘ်ယူခဲ့တဲ့ ငွေပေါင်း ဟာ ကျပ်သိန်း ၇၀၀ ကျော်ထိရှိတယ်လို့ ပြည်တွင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။ အမှုဖွင့်ခံထားရသူတွေကို ဖမ်းဆီးထား တယ်လို့လည်း သတင်းတွေမှာ ဖော်ပြပါတယ်။
အခုစွဲဆိုထားတဲ့ ပုဒ်မ ၅၅ အရ ပြစ်မှုကျူးလွန်ကြောင်းထင်ရှားရင် ၁၅ နှစ်ထက်မပိုတဲ့ထောင်ဒဏ်အပြင် ငွေဒဏ်လည်း ချမှတ်နိုင် ပြီး ပုဒ်မ ၅၆ အရဆိုရင် ၁၀ နှစ်ထက်မပိုတဲ့ ထောင်ဒဏ်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ပါတယ်။
ဒီအမှုကို ရုပ်သိမ်းခွင့်ပြုလိုက်တဲ့ တရားရုံးဆုံးဖြတ်ချက် ထွက်လာပြီးတဲ့နောက် အများပြည်သူကြားမှာ အပြင်းအထန် ဝေဖန် ပြောဆိုကြပြီး သမ္မတဦးဝင်းမြင့်ကိုယ်တိုင်က အမှုကို နာမည်နဲ့တကွ အတိအကျ ဖော်ပြပြောဆိုတာမဟုတ်ပေမဲ့လည်း “မြန်မာ နိုင်ငံရဲ့ တရားစီရင်ရေးစနစ်ဟာ တိမ်းစောင်းပြိုလဲနေတဲ့ အခြေနေကိုရောက်နေပြီး တသက်လုံးမှာ မကြားဖူးခဲ့တဲ့ တရားရုံး ဆုံးဖြတ်ချက်တွေကို ကြားနေရတာကြောင့် ဒါတွေကို ပြန်လည် တည့်မတ်ဖို့အတွက် အဆင့်ဆင့် တာဝန်ယူမှု တာဝန်ခံမှုနဲ့ လုပ်ဆောင်သွားကြ” ဖို့ ဇူလိုင်လကုန်ပိုင်းက ပဲခူးတိုင်းအစိုးရအဖွဲ့ တာဝန်ရှိသူအဆင့်ဆင့်နဲ့ တွေ့ဆုံချိန်မှာ ညွှန်ကြားခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာမှ ဒီအမှုကို ပြန်စစ်ဆေးဖို့အတွက် တာဝန်ရှိသူတွေက ပြန်ပြီး လုပ်ဆောင်နေကြတာဖြစ်ပါတယ်။
Your browser doesn’t support HTML5