ဘင်္ဂလားဒေရှ့်မြေပြိုမှု ၆ ဦးထက်မနည်းသေဆုံး

ကော့ဇ်ဘဇား ရိုဟင်ဂျာဒုက္ခသည်စခန်း (ဇွန် ၂၆၊ ၂၀၂၄)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းမှာ စက်တင်ဘာ ၁၃ ရက်၊​ ဒီကနေ့ မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမှုတွေ ဖြစ်ခဲ့တာကြောင့် ရိုဟင်ဂျာ ဒုက္ခသည် ၃ ဦး အပါအဝင် အနည်းဆုံး လူ ၆ ဦးသေဆုံးခဲ့တဲ့အပြင် ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေက ပြောပါတယ်။

၃ ရက်ဆက်တိုက် မိုးသည်းထန်ရွာပြီးတော့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေ အပါအဝင် Cox's Bazar ခရိုင် သီးခြားနေရာ ၂ခုမှာ မြေပြိုခဲ့တဲ့အကြောင်း ဒုက္ခသည်ရေးရာ စီမံကွပ်ကဲရေးအရာရှိ Mohammad Shamsud Douza က ပြောပါတယ်။

တချိန်တည်းမှာပဲ အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသမှာရှိတဲ့ ဒုက္ခသည်စခန်းတခုမှာ ထိန်းသိမ်းခံထားရတဲ့ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အပါအဝင် ရိုဟင်ဂျာ မွတ်စလင် ၁၀၀ ကျော် အစာငတ်ခံ ဆန္ဒပြနေတဲ့အကြောင်း အိန္ဒိယအာဏာပိုင်တွေက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။ ဆန္ဒပြသူတွေထဲ ရိုဟင်ဂျာဒုက္ခသည် ၁၀၃ ယောက်နဲ့ ချင်းလူမျိုး ဒုက္ခသည် ၃၀ ပါဝင်ပါတယ်။

သူတို့ကို စခန်းထဲ ရက်အကန့်အသတ်မရှိ ထိန်းသိမ်းထားတာကြောင့် ပြန်လွှတ်ပေးဖို့နဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ ဟာမင်းကြီးရုံး UNHCR အနေနဲ့ ပြန်လည်နေရာချထားရေး လုပ်ဆောင်ပေးဖို့ တောင်းဆိုနေကြတာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အာသံပြည်နယ် တာဝန်ရှိသူတွေက စုံစမ်း စစ်ဆေးနေပါတယ်။ ရခိုင်ပြည်နယ်တွင်း ၂၀၁၇ ခုနှစ်မှာ စစ်တပ်နယ်မြေရှင်းလင်းမှုတွေတုန်းက နေရပ်စွန့်ခွါ ထွက်ပြေးခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည် တသန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေတာပါ။

လတ်တလော မြန်မာစစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA တို့ကြား ပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့လတွေအတွင်း နောက်ထပ် ရိုဟင်ဂျာဒုက္ခသည် ၁၈,၀၀၀ လောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်အနေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ထပ်ပြီး လက်ခံနိုင်မှာမဟုတ်သလို အိန္ဒိယနဲ့ တခြားနိုင်ငံတွေအနေနဲ့ ဒုက္ခသည်တွေကို ပိုပြီး လက်ခံပေးဖို့လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဟောင်း Mohammad Touhid Hossain က ပြီးခဲ့တဲ့လက တောင်းဆိုခဲ့ပါတယ်။

Your browser doesn’t support HTML5

ဘင်္ဂလားဒေရှ့်မြေပြိုမှု ၆ ဦးထက်မနည်းသေဆုံး