ရိုဟင်ဂျာများနေရပ်ပြန်ရေးအစီအစဉ် မြန်ဆန်စေဖို့ ဘင်္ဂလားဒေ့ရှ်သမ္မတတိုက်တွန်း

ဘင်္ဂလားဒေ့ရှ်သမ္မတ မိုဟာမက် ရှာဟာဘူဒင် (Mohammed Shahabuddin)

လုံခြုံစိတ်ချ၊ ကိုယ့်သဘောနဲ့ကိုယ်၊ ရေရှည်တည်တံ့မယ့် ရိုဟင်ဂျာဒုက္ခသည်တွေ ရဲ့အပြန်ခရီးအတွက် မြန်မြန်ဆန်ဆန်ဆောင်ရွက်ကြဖို့ နိုင်ငံတကာအသိုက်အဝန်းကို ဘင်္ဂလားဒေ့ရှ်သမ္မတ မိုဟာမက် ရှာဟာဘူဒင် (Mohammed Shahabuddin) က အင်္ဂါနေ့က တောင်းဆိုလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ် လခြမ်းနီအဖွဲ့ရဲ့ ၇ ကြိမ်မြောက် မိတ်ဘက်အစည်းအဝေးဖွင့်ပွဲကို ပင်န် ပစိဖိတ် ဆိုနာဂါအွန်း ဟိုတယ် (Pan- Pacific Sonargaon Hotel) မှာ ကျင်းပခဲ့ရာမှာ သမ္မတက ခုလို ပြောခဲ့တာဖြစ်တယ်လို့ UNB NEWS DHAKA အွန်လိုင်းသတင်းဌာနက ဆိုပါတယ်။ မြန်မာနိုင်ငံကနေ အဓမ္မနှင်အထုတ်ခံရတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁.၂ သန်းကို လူသားချင်းစာနာထောက်ထားမှုအရ နိုင်ငံတွင်းကို အဝင်ခံခဲ့တာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်က နေစရာ၊ စားစရာနဲ့ တခြားလိုအပ်တာတွေ ပေးထားရပါတယ်လို့သမ္မတက ဆိုပါတယ်။

“ဒီ အကြပ်အတည်း ဝန်ထုပ်ဝန်ပိုးကို ကျနော်တို့ပခုံးနဲ့ချည်းထမ်းမထားသင့်ဘူးဆိုတာ နားလည်ကြဖို့ လိုပါတယ်။ သူတို့ကို ဆက်လက်ပြီး ပံ့ပိုးနေမှာဖြစ်ပေမဲ့ သူတို့ လာခဲ့ရာမြန်မာနိုင်ငံမှာ တာရှည်ခံမယ့်ဖြေရှင်းပုံတရပ်ကို နိုင်ငံတကာ အသိုက်အဝန်းက ရှာဖွေရမယ့်အချိန် ရောက်နေပါပြီ။” လို့ သမ္မတ ရှာဟားဘူဒင် Shahabuddin က ပြောပါတယ်။ လုံခြုံစိတ်ချ၊ ကိုယ့်သဘောနဲ့ကိုယ်၊ ရေရှည် တည်တံ့တဲ့နည်းနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်ပို့ဖို့ နှောင့်နှေးပြီး လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့ ပြတ်လပ်လာတာဟာ ဒေသတခုလုံးအတွက် အန္တရာယ်ကြုံရကိန်း ဖြစ်ပါတယ်လို့လည်း ဘင်္ဂလားဒေ့ရှ်သမ္မတက သတိပေးစကား ပြောသွားပါတယ်။

Your browser doesn’t support HTML5

ရိုဟင်ဂျာများနေရပ်ပြန်ရေးအစီအစဉ် မြန်ဆန်စေဖို့ ဘင်္ဂလားဒေ့ရှ်သမ္မတတိုက်တွန်း