လိင်အကြမ်းဖက်မှုဆိုင်ရာ ကော်မရှင် ဘင်္ဂလားဒေ့ရှ်ကျောင်းတွေမှာဖွဲ့စည်း

ဆယ်ကျော်သက် မိန်းကလေးတဦး မီးရှိုှု့ သတ်ဖြတ်ခံရပြီးနောက် လူထုက လမ်းပေါ်ဆန္ဒပြ

ဘင်္ဂလားဒေရှ့် နိုင်ငံက ကျောင်း နှစ်သောင်း ခုနှစ်ထောင်မှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကာကွယ်ရေး ကော်မတီတွေ ဖွဲ့စည်းဖို့ တနင်္ဂနွေနေ့မှာ အစိုးရက ညွှန်ကြားထားပါတယ်။ ကျောင်းဆရာ တဦးက လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားတယ်လို့ စွပ်စွဲခဲ့တဲ့ ဆယ်ကျော်သက် မိန်းကလေးတဦး မီးရှိုှု့ သတ်ဖြတ်ခံရပြီးနောက် အခုလို ညွှန်ကြားချက် ထွက်ပေါ်လာတာပါ။

အသက် ၁၉ နှစ် အရွယ် Nusrat Jahan Rafi သတ်ဖြတ်ခံရတာကြောင့် လူဦးရေ ၁၆၅ သန်းရှိတဲ့ ဘင်္ဂလားဒေရှ့် နိုင်ငံတဝန်း မကျေနပ်မှုတွေ ဖြစ်ခဲ့ပြီး ဒီအမှုအပေါ် ရဲဘက်က ကိုယ်တွယ်မှုကိုလည်း အာရုံစိုက်နေကြတာပါ။ မိန်းကလေးကို သတ်ဖြတ်ခဲ့သူတွေကို စံပြ အဖြစ် အပြစ်ပေးနိုင်ရေး တောင်းဆိုကြသူတွေက မြို့တော် Dhaka မှာတော့ တနင်္ဂနွေနေ့က ၁၁ ရက်မြောက် နေ့ အဖြစ် ဆန္ဒပြခဲ့ကြပါတယ်။

မြို့တော်တောင်ပိုင်း Feni က အစ္စလာမ္မစ် ဘာသာရေးဆိုင်ရာ ကျောင်းရဲ့ ခေါင်းမိုးပေါ်ကို တိုက်ခိုက်သူတွေက သူမကို ခေါ်သွားပြီး ကျောင်းအုပ်ကို ရဲတိုင်ထားတာ ရုပ်သိမ်းပေးဖို့ ပြောဆိုခဲ့ကြတာလို့ ရဲက ပြောပါတယ်။

အဲဒီ မိန်းကလေးက အမှုကို ရုပ်သိမ်းမပေးတဲ့ အတွက် ရေနံဆီနဲ့ ပက်ပြီး မီးရှို့ခဲ့ကြတာ ဖြစ်ပါတယ်။ သူမ ခန္ဓာကိုယ်ရဲ့ ၈၀ ရာခိုင်နှုန်းလောက် မီးလောင်ခဲ့တဲ့ Rafi ကတော့ ဆေးရုံပေါ်မှာ ဧပြီလ ၁၀ ရက်နေ့က သေဆုံးခဲ့ရပါတယ်။ ကျောင်းအုပ်ဆရာ အပါအဝင် အနည်းဆုံး လူ ၂၀ လောက်ကို ဖမ်းဆီးထားပါတယ်။

အခုလို သတ်ဖြတ်မှုဟာဆိုရင် အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေမှာ ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ရနေကြတဲ့ ဓလေ့ကို ဖော်ပြလိုက်တာ ဖြစ်တယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောဆိုကြပါတယ်။ ဒါ့အပြင် မတော်မတရားမှုတွေကို တိုင်ကြားကြသူတွေ မကြာခဏ ဆိုသလို လက်တုံ့ပြန်ခံရမှုတွေ ဖြစ်နေတဲ့ အခြေအနေမှန်လည်း ဖြစ်တယ်လို့ ပြောပါတယ်။

နိုင်ငံတဝန်း ဆန့်ကျင် ဆန္ဒပြမှုတွေ ရှိနေချိန်မှာဘဲ နိုင်ငံတဝန်းက ကျောင်းတွေနဲ့ တက္ကသိုလ် ၂ သောင်း ၇ ထောင်ကျော်မှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကာကွယ်ရေး အဖွဲ့ဝင် ၅ ဦးပါ ကော်မတီတွေ ဖွဲ့စည်းဖို့ အစိုးရက ညွှန်ကြားလိုက်တာလို့ အစိုးရ တာဝန်ရှိသူ တဦးက ပြောဆိုပါတယ်။

Your browser doesn’t support HTML5

လိင်အကြမ်းဖက်မှုဆိုင်ရာ ကော်မရှင် ဘင်္ဂလားဒေ့ရှ်ကျောင်းတွေမှာဖွဲ့စည်း