(Zawgyi/Unicode)
Belarus အတိုက်အခံ နိုင်ငံရေးသမား Sviatlana Tsikhanouskaya က နိုင်ငံခေါင်းဆောင် အဖြစ် တာဝန်ယူဖို့ အဆင်သင့် ရှိနေပြီလို့ ပြောဆိုလိုက်ပါတယ်။ နိုင်ငံကို ကာလရှည် အုပ်ချုပ်လာတဲ့ သမ္မတ Alexander Lukashenko က ရွေးကောက်ပွဲမှာ အနိုင်ရကြောင်း ကြေညာလိုက်ပြီးနောက် မကျေမနပ် ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေတဲ့ ရွေးကောက်ပွဲ အငြင်းပွားမှုနောက်ပိုင်းမှာ အခုလို ပြောဆိုလိုက်တာပါ။
သမ္မတ Lukashenko ကတော့ ရွေးကောက်ပွဲသစ် ကျင်းပရေး လမ်းဖွင့်ထားကြောင်း၊ ဒါပေမယ့်လည် အခြေခံ ဥပဒေ ပြင်ဆင်ချက်ကို အတည်ပြုပြီးမှသာ လုပ်မယ်လို့ တနလာၤနေ့မှာ ပြောဆိုပါတယ်။ တနလာၤနေ့က မြို့တော် Minsk က စက်ရုံ တခုကို ရဟတ်ယာဉ်နဲ့ သွားပြီး စည်းရုံးတဲ့ သမ္မတ Lukashenko ကို စက်ရုံ လုပ်သားတွေက ထွက်သွားလို့ ကြွေးကြော်ခဲ့ကြပါတယ်။
ယှဉ်ပြိုင်ရွေးကောက်ခံခဲ့သူ မစ္စ Tsikhanouskaya က အားလုံးက အပြောင်းအလဲကို လိုလားကြောင်း၊ ဒီကာလ အတွင်း အမျိုးသားခေါင်းဆောင် အဖြစ် တာဝန်ယူဖို့ အဆင့်သင့် ရှိနေကြောင်း၊ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးပြီး ရိုးသား ပွင့်လင်းပြီး စစ်မှန်တဲ့ နိုင်ငံတကာက အသိအမှတ်ပြုတဲ့ ရွေးကောက်ပွဲသစ် ကျင်းပဖု့ိ၊ စစ်တပ်ဘက်က ဆန္ဒပြသူတွေနဲ့ ပူးပေါင်းဖို့၊ Lithuania နိုင်ငံကနေ ဗွီဒီယို ရုပ်သံက တဆင့် ပြောကြားခဲ့ပါတယ်။
အကြံအဖန် ရွေးကောက်ပွဲ လို့ ဆိုပြီး ၉ ရက်မြောက်နေ့ အဖြစ် တနလာၤနေ့က ဆက်ပြီး ဆန္ဒပြနေကြတာမှာ နိုင်ငံပိုင် စက်ရုံတွေက လုပ်သားတွေလည်း ဆန္ဒပြသူတွေနဲ့ ပိုပြီး ပူးပေါင်းလာကြပါတယ်။ သမ္မတ Lukashenko ကတော့ တကယ်လို့ သူ ရာထူးက ဖယ်ရှားပေးရင် နိုင်ငံ ပြိုကွဲသွားနိုင်တယ်လို့ တနလာၤနေ့က စက်ရုံ လုပ်သားတွေကို ပြောဆိုခဲ့ပါတယ်။
Your browser doesn’t support HTML5
......
(Unicode)