ရုရှားနိုင်ငံနဲ့ သမိုင်းဝင် အကျဉ်းသား လဲလှယ်ရေး အစီအစဉ်အရ အမေရိကန် နိုင်ငံသား ၃ ယောက် မနေ့က အမေရိကန်ပြည်ထောင်စုပိုင် နယ်မြေကို ပြန်ရောက်လာတဲ့အပေါ် ကြည်နူးဝမ်းသာ ဖြစ်ရတဲ့အကြောင်း သမ္မတ Joe Biden က မနေ့ကညနေ ဝါရှင်တန်မြို့တော်အနီး Andrews လေတပ်စခန်းမှာ ပြောဆိုပါတယ်။
ဒီသမိုင်းဝင် အကျဉ်းသားလဲလှယ်မှုမှာ မဟာမိတ်နိုင်ငံတွေနဲ့ လက်တွဲပြီး သံတမန်ရေးအရ ကြိုးပမ်းနိုင်ခဲ့တာကို မနေ့က လွတ်မြောက်လာသူတွေကို ကြိုဖို့ သမ္မတ Joe Biden နဲ့အတူ Andrews လေတပ်စခန်းကို လိုက်ပါသွားတဲ့ ဒုသမ္မတ Kamala Harris ကလည်း ချီးကျုး ပြောဆိုပါတယ်။
“သံခင်း တမန်ခင်း ဩဇာအရှိန်အဝါ သက်ရောက်မှု တမန်ဆက်ဆံရေးနဲ့ မဟာမိတ်တွေအကြား ဆက်ဆံရေး ခိုင်မာဖို့ အရေးကြီးတာကို နားလည်တဲ့ သမ္မတတယောက်ရဲ့ အရည်အခြင်းကို စမ်းသပ်လိုက်တဲ့ ထူးခြားတဲ့ ဖြစ်ရပ်တခုပါ။ ဒီနေ့ဟာ ထူးခြားတဲ့ နေ့တနေ့ပါ။ မိသားစုတွေ သူတို့ မျက်ဝန်းထဲမှာ မျက်ရည်တွေနဲ့ ကြည်နူးပျော်ရွှင်နေကြတာကို တွေ့ရပါလိမ့်မယ်” - လို့ ဒုသမ္မတ Kamala Harris က ပြောပါတယ်။
အမေရိကန် မရိန်းတပ်ဖွဲ့ဝင်ဟောင်း Paul Whelan နဲ့ The Wall Street ဂျာနယ် သတင်းထောက် Evan Gershkovich နဲ့ သတင်းထောက် Alsu Kurmasheva တို့အပါအဝင် အကျဉ်းသား ၁၆ ယောက်ကို ရုရှားဘက်က လွှတ်ပေးလိုက်တာပါ။ လွှတ်ပေးလိုက်တဲ့အထဲမှာ ဂျာမနီနိုင်ငံသား နိုင်ငံရေး အကျဉ်းသား ၅ ယောက်နဲ့ ရုရှားအတိုက်အခံ နိုင်ငံရေးအကျဉ်းသား (၇) ယောက်လည်း ပါဝင်ပါတယ်။ အပြန်အလှန်အားဖြင့် အမေရိကန်ပြည်ထောင်စု၊ ဂျာမနီ၊ ပိုလန်၊ နော်ဝေနဲ့ ဆလိုဗေးနီးယားနိုင်ငံတွေမှာ ဖမ်းဆီးထားတဲ့ ရုရှားနိုင်ငံသား (၈) ယောက်ကို ပြန်လွှတ်ပေးခဲ့ရပါတယ်။
အမေရိကန် မရိန်းတပ်သားဟောင်း Paul Whelan ကို ၂၀၁၈ ခုနှစ်ကတည်းက ရုရှားအစိုးရက ဖမ်းဆီးခဲ့တာပါ။ သူ့ကို သူလျှိုမှုနဲ့ ရုရှား စွပ်စွဲခဲ့ပေမဲ့ သူရော အမေရိကန်ပြည်ထောင်စုကပါ ငြင်းဆိုထားပါတယ်။ The Wall Street ဂျာနယ် သတင်းထောက် Evan Gershkovich ကိုလည်း ၂၀၂၃ ခုနှစ် မတ်လကတည်းက သူလျှိုမှုနဲ့ ရုရှားက ဖမ်းဆီးခဲ့ပါတယ်။
VOA နဲ့ လက်တွဲဖက်ဖြစ်တဲ့ Radio Free Europe/Radio Liberty မှာ အလုပ်လုပ်တဲ့ သတင်းထောက် Alsu Kurmasheva ကိုလည်း ရုရှားစစ်တပ်နဲ့ ပတ်သက်လို့ သတင်းမှားတွေ ဖြန့်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ရုရှားအစိုးရက ဖမ်းဆီးခဲ့ပါတယ်။
မနေ့က အကျဉ်းသားလဲလှယ်မှုဟာ ရုရှားနဲ့ အမေရိကန်ပြည်ထောင်စုအကြား စစ်အေးခေတ်၊ ဆိုဗီယက်ပြည်ထောင်စုခေတ်အလွန် အကြီးမားဆုံး သမိုင်းဝင် အကျဉ်းသား လဲလှယ်မှုဖြစ်ပါတယ်။
Your browser doesn’t support HTML5