ကန်ဝန်ကြီး Blinken အာဆီယံခေါင်းထိပ်သီးပွဲ တက်ရောက်မည်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ဒီသီတင်းပတ်နှောင်းပိုင်းလောက်မှာ လာအိုနိုင်ငံ Vientiane မြို့ကို သွားရောက်မှာဖြစ်ပြီး အာဆီယံနဲ့ အရှေ့အာရှ ထိပ်သီးညီလာခံတွေကို တက်ရောက်ပါလိမ့်မယ်။

ဒီနှစ်အာဆီယံ ထိပ်သီးညီလာခံမှာ ထိုင်းဝန်ကြီးချုပ်သစ် ပေတွန်တန် ရှင်နဝပ် (Paetongtarn Shinawatra) နဲ့ ဂျပန်ဝန်ကြီးချုပ်သစ် ရှီဂဲရု အိရှိဘ (Shigeru Ishiba) တို့လို အင်ဒို- ပစိဖိတ် ဒေသတွင်း ခေါင်းဆောင်သစ်တွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

ဒီနှစ်ကျင်းပမယ့် အာဆီယံ - အမေရိကန်ထိပ်သီးအစည်းဝေးနဲ့ အရှေ့အာရှထိပ်သီးအစည်းအဝေးမှာ သမ္မတဂျိုးဘိုင်ဒန်ကိုယ်စား ဝန်ကြီး Blinken တက်ရောက်မှာဖြစ်ပြီး အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံတွေက တက်ရောက်လာမယ့်ခေါင်းဆောင်တွေ၊ အကြီးတန်းအရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။

ဝန်ကြီး Blinken ဟာ လာအိုနိုင်ငံ Vientiane မှာ ကျင်းပတဲ့ ဆွေးနွေးပွဲတွေမှာ မြန်မာနိုင်ငံရဲ့ လက်ရှိ အကြပ်အတည်းတွေ၊ တောင်တရုတ်ပင်လယ်ပြင်တွင်း နိုင်ငံတကာ ဥပဒေလေးစားလိုက်နာရေးနဲ့ ယူကရိန်းကို ရုရှားကျူးကျော်မှုဆိုင်ရာကိစ္စရပ်တွေအပါအဝင် ပထဝီ နိုင်ငံရေးကိစ္စရပ်တွေကို ဆွေးနွေးဖို့ရှိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ပြောပါတယ်။

ဒီသီတင်းပတ် အာဆီယံ ထိပ်သီးအစည်းဝေးကို အသက်အငယ်ဆုံးခေါင်းဆောင်အဖြစ် မကြာသေး ခင်ကမှ ထိုင်းဝန်ကြီးချုပ်ဖြစ်လာတဲ့ Paetongtarn Shinawatra တက်ရောက်မှာဖြစ်ပြီး သူရဲ့ လာအို ပထမဆုံးခရီးစဉ်ကို အင်္ဂါနေ့မှာ စတင်မှာဖြစ်ပါတယ်။ စင်္ကာပူမှာ နှစ်အတော်ကြာ ဦးဆောင်နေတဲ့ ဝန်ကြီးချုပ် Lee Hsien Loong မေလမှာ အနားယူသွားတဲ့နောက်တက်လာတဲ့ ဝန်ကြီးချုပ်သစ် Lawrence Wong လည်း အာဆီယံအစည်းဝေးကို ပထမဆုံးတက်ရောက်မှာ ဖြစ်ပါတယ်။

ဒေသတွင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံမယ့် အမေရိကန်အစိုးရအနေနဲ့ အင်ဒိုပစိဖိတ်ဒေသတွင်း လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တပိုင်းလျှပ်ကူးပစ္စည်းတင်ပို့မှုအပါအဝင် ကုန်သွယ်ရေး ကိစ္စရပ်တွေဟာ ထိပ်တန်းဦးစားပေး ဆွေးနွေးမှုတွေဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။

Your browser doesn’t support HTML5

 ကန်ဝန်ကြီး Blinken အာဆီယံခေါင်းထိပ်သီးပွဲ တက်ရောက်မည်