စစ်အုပ်ချုပ်မှုအောက်က အခွင့်အရေးဆုံးရှုံးနေတဲ့ မြန်မာအမျိုးသမီးတွေဘဝ

စစ်ဘေးတိမ်းရှောင်နေရတဲ့ ခင်ဦးမြို့နယ်ထဲက ဒေသခံများ (ဓါတ်ပုံ - CJ)

မတ်လ ၈ ရက်နေ့မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို နိုင်ငံအသီးသီးက အမျိုးသမီးတွေ ပါဝင်ဆင်နွှဲလေ့ရှိပေမယ့် အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာတော့ စစ်ဘေးဒုက္ခသည်ဘဝနဲ့ အမျိုးသမီးတချို့က အဲဒီနေ့ကို ဖြတ်သန်းရမှာပါ။ သာတူညီမျှရရှိဖို့ဆိုတဲ့ ဆောင်ပုဒ်အတိုင်း မြန်မာနိုင်ငံက အမျိုးသမီးတွေဟာ ဘယ်လိုပုံစံနဲ့ ရင်ဆိုင်နေရပါသလဲ။ ဒီအကြောင်း သတင်းပေးပို့ချက်ကို မဆုမွန်က ပြောပြမှာပါ။

နှစ်စဉ် မတ်လ ၈ ရက်နေ့ ရောက်ပြီဆို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အဖြစ် ကမ္ဘာတဝှမ်းမှာ ဆင်နွှဲကြပါတယ်။ ဒီနှစ် အမျိုးသမီးများနေ့ရဲ့ ဆောင်ပုဒ်က “သာတူညီမျှရရှိဖို့ တွဲလက်ခိုင်မြဲကြပါစို့” ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် တတိယအကြိမ်မြောက်အဖြစ် ကျရောက်တဲ့ ဒီအမျိုးသမီးများ နေ့မှာတော့ မြန်မာပြည်က အမျိုးသမီး ၃,၁၀၀ ကျော်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးချုပ်နှောင်ခံရတဲ့ ဘဝနဲ့ ဖြတ်သန်းရမှာပါ။

နေရပ်စွန့်ခွာပြီး နယ်စပ်အထိ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒုက္ခသည်တွေထဲမှာ အမျိုးသမီးတွေလည်း အတော်များများ ပါဝင်နေပါတယ်။ အိန္ဒိယ-မြန်မာ နယ်စပ်ဘက် ထွက်ပြေးသူတွေကို မဏိပူရအစိုးရက လိုက်လံဖမ်းဆီးတာတွေလည်း ရှိခဲ့ပါတယ်။ စစ်ဘေးဒုက္ခသည်ဘဝ ရောက်နေရတဲ့ အမျိုးသမီးတွေထဲ အိန္ဒိယဘက်မှာ ခိုလှုံနေသူတွေရဲ့ အခက်အခဲကလည်း ပိုများလာတယ်လို့ ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေး အစည်းအရုံးရဲ့ အထွေထွေ အတွင်းရေးမှူး ဘွိုင်နူးက အခုလိုပြောပါတယ်။

"အထူးသဖြင့် အိန္ဒိယဘက်ကို ထွက်ပြေးတိမ်းရှောင်နေတဲ့ အမျိုးသမီးတွေက ဒီအချိန်မှာ မိသားစုစားဝတ်နေရေး အတွက်ကို ရုန်းကန်လှုပ်ရှားနေရတဲ့ အပြင် အိမ်တွင်းအကြမ်းဖက်မှုကလည်း ခံနေရပါတယ်။ ကျန်တဲ့ အမျိုးသမီးတွေလည်း အတူတူပဲ၊ အခက်အခဲ ဒုက္ခမျိုးစုံကြုံရတယ်။ ဆိုတော့ ဒီနှစ်မှာ ဆောင်ပုဒ်လည်းဖြစ်တဲ့ သာတူညီမျှဆိုတဲ့ ကိစ္စတွေဖြစ်လာတယ်။ အမျိုးသမီးထုတွေ အကုန်လုံးက သာတူညီမျှဆိုတဲ့ အခွင့်အရေး ရပိုင်ခွင့်အတွက် ကျမတို့ကိုယ်တိုင်က လုပ်ဆောင်ရမယ့် အချိန်ဖြစ်တယ်။ နောက်တခုက ကဏ္ဍတိုင်းမှာ သူတို့တွေဖွဲ့နေတဲ့ နေရာတွေတိုင်းမှာ ကျမတို့အမျိုးသမီးတွေကို မပါခိုင်းတဲ့ကိစ္စတွေ အများကြီးရှိလာတယ်၊ အာဏာသိမ်းမှု ကာလအတွင်းမှာ။ ဆိုတော့ ဒီကိစ္စတွေမှာလည်း အမျိုးသမီးတွေက ကျမတို့ အခွင့်အရေးတွေ၊ ရပိုင်ခွင့်တွေအတွက် ပြောဖို့က အဲဒီနေရာတွေကို ဝင်လို့ရအောင်လို့ လမ်းဖွင့်ပေးစေချင်တယ်။ အဲလို သူတို့လမ်းဖွင့်ပေးအောင်လို့ ကိုယ့်ဟာကိုယ် တိုက်ယူပြောယူရမယ့် နေ့ဖြစ်တယ်လို့ အမျိုးသမီးထုတွေကို ပြောချင်တယ်။"

ကျား၊ မ တန်းတူညီမျှဖို့ ကြိုးပမ်းနေရတဲ့ မြန်မာနိုင်ငံမှာ အာဏာသိမ်းကာလ တွေ့ကြုံရတဲ့ ဒုက္ခတွေကိုတော့ အမျိုးသမီးတွေလည်း ကြံ့ကြံ့ခိုင် ရင်ဆိုင်နေရတာပါ။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ အခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့အထိ အမျိုးသမီးပေါင်း ၃,၁၂၅ ဦးဟာ ဖမ်းဆီးအကျဉ်းချ ခံထားရပြီး၊ အဲဒီထဲက ၅၇၀ ဦးကတော့ မတရားပြစ်ဒဏ် ချမှတ်ခံထားရတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ BWU ကလည်း ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံက တော်လှန်ရေး ကဏ္ဍမှာ ပါဝင်နေကြတဲ့ အမျိုးသမီးတွေအတွက် တအာင်းအမျိုးသမီး အဖွဲ့အစည်းရဲ့ ပြောခွင့်ရ လွေးချီ့ဆငါးက အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် အခုလို ပြောထားပါတယ်။

"ဒီအာဏာရှင် သိမ်းပြီးတဲ့နောက်မှာ ဘက်ပေါင်းစုံကနေ ချိုးဖောက်မှုတွေ၊ နည်းပေါင်းစုံနဲ့ ကန့်သတ်ခံနေရတာတွေ တွေ့နေရတယ်။ သို့ပေမယ့် ဒီလိုမျိုးခံနေရတယ် ဆိုပေမယ့်လည်း ကျမတို့ အမျိုးသမီးထုတွေ အနေနဲ့ ဒီအပေါ်မှာ လက်လျှော့သွားမှာ မဟုတ်ဘဲ တော်လှန်ရေးကာလမှာ ဆက်လက်ပါဝင်သွားပေးဖို့ တိုက်တွန်းချင်သလို၊ ကျမတို့ အမျိုးသမီးအဖွဲ့အစည်း အနေနဲ့လည်း ဒီအပေါ်မှာ တစိုက်မတ်မတ် ဆောင်ရွက်သွားဖို့ ရှိပါတယ်။"

အာဏာရှင်စနစ် ကျဆုံးရေးအတွက် နည်းမျိုးစုံနဲ့ လှုပ်ရှားနေတဲ့ အထဲမှာ အမျိုးသမီးတွေလည်း ပါဝင်ပါတယ်။ ဒုက္ခသည်ဘဝနဲ့ ကိုယ်တိုင်ကြုံတွေ့နေချိန်မှာပဲ တဖက်တလှမ်းကနေ အကူအညီပေးရေး လုပ်ငန်းတွေမှာ ပါဝင်နေကြတာပါ။ အခု အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာလည်း ၂၀၂၁ ခုနှစ်မတိုင်ခင် နှစ်တွေကလို စည်စည်ကားကား မကျင်းပနိုင်ပေမယ့် တချို့စစ်ရှောင်စခန်းတွေမှာ အထိမ်းအမှတ် ဟောပြောပွဲကျင်းပပြီး၊ ကိုယ်ပိုင်အခွင့်အရေးအတွက် ကိုယ်တိုင်ရယူဖို့ လှုပ်ရှားမှုတချို့ကိုလည်း ပြုလုပ်သွားဖို့ ရှိပါတယ်။

Your browser doesn’t support HTML5

စစ်အုပ်ချုပ်မှုအောက်က အခွင့်အရေးဆုံးရှုံးနေတဲ့ မြန်မာအမျိုးသမီးတွေဘဝ

{Unicode}








