ကမ္ဘောဒီးယားမှာ အွန်လိုင်းရာဇဝတ်မှုနဲ့ ဖမ်းဆီးခံထားရသူ တရုတ်နိုင်ငံသား ၂၄၀ နေရပ်ပြန်ပို့

ကမ္ဘောဒီးယားနိုင်ငံထဲမှာ အွန််လိုင်းလိမ်လည်မှုတွေလုပ်တဲ့စွပ်စွဲချက်နဲ့အဖမ်းခံရတဲ့ တရုတ်နိုင်ငံသားတွေကို တရုတ်နိုင်ငံကိုပြန်ပို့ဖို့ ဖနွန်းပင်လေဆိပ်ကိုခေါ်ဆောင်လာစဥ်။ (ယခင်မှတ်တမ်းဓာတ်ပုံ/အောက်တိုဘာ ၁၂၊ ၂၀၁၇)

လောင်းကစားနဲ့ အွန်လိုင်းရာဇဝတ်မှုတွေအတွက် ဖမ်းဆီးခံထားရတဲ့ တရုတ်နိုင်ငံသား ၂၄၀ ကို ကမ္ဘောဒီးယားနိုင်ငံကနေ ဒီကနေ့ပဲ ပြန်ပို့လိုက်ပြီး နောက်ထပ် ၅၀၀ ကျော် ထပ်ပို့ဖို့လည်း စီစဉ်နေကြောင်း တရုတ်နိုင်ငံပိုင် သတင်းက ဖော်ပြလိုက်ပါတယ်။

တရုတ်နိုင်ငံသား ၇၀၀ ကျော်ကို ကမ္ဘောဒီးယားနိုင်ငံဆီကနေ တရုတ်နိုင်ငံက ဒုတိယအကြိမ် ပြန်လည် လွှဲပြောင်း လက်ခံခဲ့တာဖြစ်ပြီး ပထမတကြိမ် ဧပြီလမှာတုန်းကလည်း ၆၈၀ ကျော်ကို လေကြောင်းက လွှဲပြောင်းပေးခဲ့ကြောင်း တရုတ်ဗဟိုသတင်းအေဂျင်စီက ဖော်ပြခဲ့တာပါ။ လောင်းကစားနဲ့ အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေအပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို တရုတ်နိုင်ငံက ဒေသတွင်း နိုင်ငံတွေနဲ့ ပူးပေါင်းနှိမ်နင်းနေရာမှာ ထောင်နဲ့ချီတဲ့ မသင်္ကာသူ တရုတ်နိုင်ငံသားတွေကိုလည်း ပြန်လည် လွှဲပြောင်း လက်ခံနေတာ ဖြစ်ပါတယ်။

အခုနောက်ဆုံး ကမ္ဘောဒီးယားနိုင်ငံက မသင်္ကာသူတရုတ်နိုင်ငံသား ရာနဲ့ချီ ပြန်မပို့ခင်မှာပဲ မြန်မာနိုင်ငံ မြောက်ပိုင်းမှာ အခြေစိုက်လှုပ်ရှားနေတဲ့ အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေကို ပြီးခဲ့တဲ့နှစ်ကစ နှိမ်နင်းမှုတွေ အတွင်း ဖမ်းဆီးမိခဲ့တဲ့ တရုတ်နိုင်ငံသား ၅၃,၀၀၀ ကျော်ကို ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ပြန်လည်လွှဲပြောင်း လက်ခံခဲ့တာပါ။ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေနဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းဖို့ တရုတ်နိုင်ငံက မြန်မာ၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်တို့လို ဒေသတွင်းနိုင်ငံတွေနဲ့ ပူးပေါင်းကြိုးပမ်းနေပြီး တရုတ်နဲ့ ကမ္ဘောဒီးယားနိုင်ငံကြား ပူးပေါင်းဆောင်ရွက်မယ့် သဘောတူညီချက်တရပ်ကိုလည်း ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာပဲ လက်မှတ်ရေးထိုးထားပါတယ်။

Your browser doesn’t support HTML5

ကမ္ဘောဒီးယားမှာ အွန်လိုင်းရာဇဝတ်မှုနဲ့ ဖမ်းဆီးခံထားရသူ တရုတ်နိုင်ငံသား ၂၄၀ နေရပ်ပြန်ပို့