ကနေဒါနိုင်ငံက ဒုက္ခသည် နှစ်ဆတိုးလက်ခံမည်

ကနေဒါနိုင်ငံတွင်း တရားမဝင် ဝင်ရောက်လာတဲ့ ဒုက္ခသည်အချို့အား ကနေဒါရဲတပ်ဖွဲ့က စိစစ်နေတဲ့မြင်ကွင်း။ (သြဂုတ် ၃၊ ၂၀၁၇)

(Zawgyi / Unicode)

ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းတခုဖြစ်တဲ့ ဒုက္ခသည်အရေးကို ကူညီဖြေရှင်းဖို့ ကြိုးပမ်းချက်တရပ်အနေနဲ့ ကနေဒါနိုင်ငံက ဒီနှစ်မှာ ဒုက္ခသည်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို အရေအတွက် ပိုပြီးလက်ခံမယ်လို့ ပြောလိုက်ပါတယ်။

လူဝင်မှု၊ ဒုက္ခသည်နဲ့ နိုင်ငံသားဆိုင်ရာ ကနေဒါဝန်ကြီး Marco Mendicino က တနင်္ဂနွေနေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့ မတိုင်ခင် သောကြာနေ့မှာ အဲဒီလို ပြောလိုက်တာပါ။

ဒုက္ခသည်အဖြစ် လျှောက်ထားသူတွေ၊ နိုင်ငံထဲရောက်လာပြီးမှ ဒုက္ခသည်အဖြစ် အသိအမှတ်ပြု လက်ခံထားသူတွေနဲ့ ပြည်ပမှာရှိနေတဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို အကာအကွယ် ပေးထားသူတွေအဖြစ် ကနေဒါက သတ်မှတ်ပြီး အရေအတွက် နှစ်ဆနီးပါးတိုးပြီး လက်ခံသွားမယ်လို့ ဝန်ကြီး Mendicino က ကြေညာတာပါ။ မူလသတ်မှတ်ထားတဲ့ အရေအတွက်က ၂၃,၅၀၀ ဖြစ်ပြီး အခုတိုးမြှင့်သတ်မှတ်လိုက်တဲ့ အရေအတွက်က ၄၅,၀၀၀ ဖြစ်ပါတယ်။

ကနေဒါအစိုးရအနေနဲ့ ဒုက္ခသည်တွေကို တာဝန်ယူပြီး ခေါ်ဖို့နဲ့ ဒုက္ခသည်အဖြစ် ရွှေ့ပြောင်းအခြေစိုက်တာနဲ့ စီးပွားရေးအရ ပြောင်းရွှေ့ဝင်ရောက်တာကို ပေါင်းစပ်တဲ့ အစီအစဉ်တခုကို အတန်အသင့်တိုးချဲ့ဖို့ နောက် ၂ နှစ်တာအတွင်း ရန်ပုံငွေ ဒေါ်လာ ၂.၄ သန်းထိ တိုးမြှင့်သုံးစွဲသွားမယ်လို့လည်း ဝန်ကြီး Mendicino က ပြောပါတယ်။

"လက်ရှိမှာ ခရီးသွားလာရေးဆိုင်ရာ ကန့်သတ်ချက်တွေ ဆက်ရှိနေသေးတာကို သေချာပေါက် ထည့်စဉ်းစားရမှာဖြစ်ပြီး သူတို့တွေ သွားလာရေး စီစဉ်ပေးနိုင်ဖို့ ကျနော်တို့ မျှော်လင့်ထားပါတယ်" ဆိုပြီး ဒုက္ခသည်တွေရဲ့ မိသားစုဝင်တွေကို ရည်ညွှန်းပြီးတော့ ဝန်ကြီး Mendicino က ပြောသွားပါတယ်။

ဒီနှစ်မှာ ဒုက္ခသည် ၃၆,၀၀၀ ကို လက်ခံဖို့ ကနေဒါက ရည်မှန်းထားပါတယ်။ ဒီလူတွေဟာ ကနေဒါနိုင်ငံထဲမှာ ရောက်နေပြီးသား အကာအကွယ် ပေးထားသူတွေနဲ့ မတူဘဲ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီ (UNHCR) လို အဖွဲ့အစည်းတွေက ကနေဒါနိုင်ငံကို တိုက်ရိုက်လွှဲပြောင်းပေးသူတွေဖြစ်ပြီး ရောက်တာနဲ့ ဒုက္ခသည်အဆင့် သတ်မှတ်ပေးလိုက်တာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ကနေဒါနိုင်ငံက ဒုက္ခသည် နှစ်ဆတိုးလက်ခံမည်

---------------------

(Unicode)






