တနင်္သာရီမှာ စစ်ကောင်စီ သန်းခေါင်စာရင်းအပြည့်အဝကောက်ယူဖို့ဖြစ်နိုင်ချေမရှိ

သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းတွေ အောက်တိုဘာ ၁ ရက်မှာစတင် (အောက်တိုဘာ ၁၊ ၂၀၂၄)

တနင်္သာရီတိုင်း ထားဝယ်မြို့မှာ သန်းခေါင်စာရင်း ကောက်ယူဖို့အတွက် ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ကစပြီး စစ်ကောင်စီဘက်က ပြင်ဆင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ရှောင်ဒုက္ခသည်တွေ အများအပြားရှိနေတဲ့ တနင်္သာရီတိုင်းမှာ စစ်ကောင်စီ သန်းခေါင်စာရင်း ကောက်ယူမယ့်ကိစ္စ အပြည့်အ၀အောင်မြင်ဖို့ မရှိဘူးလို့လည်း ဒေသခံတွေက ဆိုပါတယ်။ ရန်ကုန်က သတင်းပေးပို့ထားတာကို ပြောပြမှာပါ။

တနင်္သာရီတိုင်း ထားဝယ်မြို့ပေါ်မှာ သန်းခေါင်စာရင်းကောက်ခံမယ့် အချက်အလက်တွေနဲ့ ပတ်သက်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်း ကတည်းက ပုံစံလိုက်ဝေနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီထဲမှာ အိမ်ထောင်စုမေးခွန်းပုံစံ ၆၈ခု ပါဝင်ပါတယ်။ မြို့ပေါ်မှာ ပုံစံလိုက်ဝေတာရှိသလို ဧည့်စာရင်းလာကောက်မယ်လို့ အကြောင်းကြားစာ ပို့တာတွေလည်း ရှိခဲ့တယ်လို့ ထားဝယ်မြို့မှာနေထိုင်သူတဦးက ဗွီအိုအေကိုပြောပါတယ်။

"ကျနော်တို့ကြားတာက တချို့ရပ်ကွက်တွေမှာ လာကောက်နေပြီလို့ ပြောတယ်ဗျ။ အခု အောက်တိုဘာ ၁ရက်နေ့ မတိုင်ခင်ကတည်းက ကောက်နေတဲ့ဟာက ရှိတယ်ဗျ။ သူတို့ကောက်နေတဲ့ ပုံစံက တရပ်ကွက်နဲ့ တရပ်ကွက်တောင်မှ ပုံစံက မတူဘူးဗျ။ တချို့ ရပ်ကွက်တွေမှာဆိုရင် အိမ်မှာရှိတဲ့ လူဦးရေအတိုင်း ကောက်တယ်ပေါ့ဗျာ။ အိမ်မှာနေတဲ့ လူတွေပဲကောက်တယ်။ ပြည်ပရောက်နေတဲ့ လူစာရင်းတွေ မပါဘူးပေါ့ဗျာ။ တချို့ရပ်ကွက်တွေက အိမ်ထောင်စုစာရင်းမှာပါတဲ့ လူစာရင်းကိုကောက်တယ်။ တချို့မှာကတော့ အိမ်မှာလာနေတဲ့ အမျိုးအဆွေတွေလည်းပဲ စာရင်းပေးရတယ် ပြောတယ်။"

သန်းခေါင်စာရင်းကောက်ယူမယ့် စစ်ကောင်စီရဲ့ လှုပ်ရှားမှုကို ထားဝယ်မြို့ပေါ်မှာပဲ တွေ့ရပြီး၊ နယ်မြို့တွေမှာတော့ သိပ်ပြီးမတွေ့ရဘူးလို့ ထားဝယ်ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ တာဝန်ခံ ကိုမင်းလွင်ဦးက ပြောပါတယ်။ စစ်အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းအတွင်းက ပဋိပက္ခအခြေအနေတွေကြောင့် တိုင်းတခုလုံး ကောက်ခံဖို့တော့ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

"ကျနော်တို့ တနင်္သာရီဒေသ အနေနဲ့ ကြည့်မယ်ဆိုရင်တော့ မြို့ပေါ်ဧရိယာလောက်ကို သူတို့ထိန်းချုပ်ထားနိုင်တာ ရှိတယ်ဗျ။ အဲတော့ အဲဒီမြို့ပေါ်လောက်ပဲ သူတို့ကောက်ယူမယ် ထင်တာပဲ။ ကျနော်တို့နိုင်ငံမှာ ကျေးလက်နေလူဦးရေက ၇၂ ရာခိုင်နှုန်းလောက် ရှိတယ်လို့ ပြောထားတယ်ဗျာ။ အဲတော့ အခုလက်ရှိ သူတို့ထိန်းချုပ်နိုင်တယ် ဆိုတဲ့ဟာက မြို့ပေါ်ဧရိယာလောက်ပဲ ရှိတာဗျ။ အဲတော့ မြို့ပေါ်နေ လူဦးရေက ကျေးလက်နေ လူဦးရေထက် အင်မတန်နည်းတယ်။ ဆိုတော့ ကျေးလက်မှာတော့ သူတို့သန်းခေါင်စာရင်း ကောက်ယူနိုင်မယ်လို့ မထင်ဘူးပေါ့ဗျာ။ မြို့ပေါ်မှာရှိနေတဲ့ ပြည်သူတွေက ငြင်းဆန်ဖို့ခက်ခဲတယ်။ ဒါပေမဲ့လည်း အန္တရာယ်မဖြစ်အောင်တော့ တတ်နိုင်တဲ့ နည်းလမ်းတွေနဲ့ ငြင်းဆန်ကြဖို့တော့ လိုတာပေါ့ဗျာ။"

တနင်္သာရီတိုင်းအတွင်းက ထိတွေ့တိုက်ပွဲနဲ့ စစ်ကြောင်းထိုး ဝင်ရောက်တဲ့ အခြေအနေတွေကြောင့် နေအိမ်စွန့်ခွာ ထွက်ပြေးရသူတွေဟာ အခုချိန်ထိ တောတောင်တွေမှာနေ နေကြတာပါ။ တိုက်ပွဲနဲ့ စစ်ကြောင်းထိုးတာ မရှိတဲ့အချိန်ဆို ရွာထဲကနေအိမ်ဆီ ခဏတာပြန်ရပြီး၊ မကြာခဏ ပြန်ထွက်ပြေးနေရတဲ့ အခြေအနေကို ရင်ဆိုင်နေကြရတာပါ။ စစ်ရှောင်နေရတဲ့ သူတွေကတော့ အခုချိန်ထိ သန်းခေါင်စာရင်းနဲ့ ပတ်သက်လို့ ဘာတခုမှ မကြားသိရသေးဘူးလို့ ရေဖြူစစ်ရှောင်တဦးက ပြောပါတယ်။

"ဒီဘက်ခြမ်းမှာတော့ သန်းခေါင်စာရင်း မကြားရသေးဘူး။ ဘာမှမရှိဘူး။ သန်းခေါင်စာရင်းနဲ့ ပတ်သက်လို့ ဘာမှကို မကြားရသေးဘူး။ စာရွက်တွေ လိုက်ဝေတာလည်း မသိရသေးဘူး။"

စစ်ကောင်စီ က ၂၀၂၅ခုနှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်း တွေကို အောက်တိုဘာလက စပြီး ကောက်ယူဖို့ရှိကြောင်း ထုတ်ပြန်ကြေညာထားတာပါ။ ဒါပေမဲ့၂၀၀၈ ဖွဲ့စည်းပုံအောက်ကနေ လုပ်မယ့် ရွေးကောက်ပွဲက တရားမျှတမှုရှိမှာ မဟုတ်တဲ့အတွက် ပြည်သူတွေအနေနဲ့ တတ်နိုင်တဲ့ နည်းလမ်းတွေနဲ့ ဆန့်ကျင်ဖို့ကိုလည်း ကိုမင်းလွင်ဦးက တိုက်တွန်းထားပါတယ်။

"သန်းခေါင်စာရင်းက ပွင့်ပွင့်လင်းလင်းပြောရရင် အများပြည်သူ လုံခြုံရေးအတွက် သူတို့ကောက်တာ မဟုတ်ဘူးဗျ။ ကျနော်တို့ နားလည်တာက အခုလက်ရှိမှာ သူတို့ကြေညာထားတဲ့ စစ်မှုထမ်းဥပဒေတို့၊ ပြည်သူ့စစ်ဖွဲ့စည်းဖို့ ဆိုတဲ့ ဟာမျိုးတွေအတွက် သန်းခေါင်စာရင်းကနေ ရလာမယ့် အချက်အလက်တွေကို သူတို့အသုံးချမယ် ထင်တာပဲ။ နောက်တခုက သူတို့ကြေညာထားတဲ့ ၂၀၂၅ မှာ ရွေးကောက်ပွဲလုပ်နိုင်ဖို့ ဆိုတဲ့ဟာမျိုးပေါ့ဗျာ။ သူတို့ရဲ့ ရည်ရွယ်ချက် ၂ခုလုံးက တော်လှန်ရေးတောင်းဆိုချက် အနေနဲ့ သွေဖယ်ဆန့်ကျင်တယ်။ ဆိုတဲ့အခါကျတော့ သူတို့ရဲ့ လှုပ်ရှားမှုကို ဒီသန်းခေါင်စာရင်းနဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ပါ။"

ထားဝယ်ခရိုင်ထဲက လောင်းလုံးနဲ့ သရက်ချောင်းမြို့နယ်မှာ စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူမှုကို ဆန့်ကျင်ဖို့နဲ့ ရွေးကောက်ပွဲကို လက်မခံဖို့ စတဲ့ လူထုလှုပ်ရှားမှုတွေလည်း ဆက်ပြီးရှိနေပါတယ်။ သန်းခေါင်စာရင်းကို အခု အောက်တိုဘာ ၁ရက်ကနေ ၁၅ ရက်နေ့အထိ မြန်မာနိုင်ငံတွင်း နေထိုင်သူအားလုံးကို ကောက်သွားမှာဖြစ်ပြီးတော့ ပထမဆုံး လူဦးရေစာရင်းကို လာမယ့် ဒီဇင်ဘာ နောက်ဆုံးပတ်မှာ ထုတ်ပြန်သွားမှာ ဖြစ်တယ်လို့ စစ်ကောင်စီဘက်က ကြေညာထားပါတယ်။