တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာခရီးစဉ် တက်ကြွလှုပ်ရှားသူတို့အမြင် 

ထိုင်းနိုင်ငံမှာကျင်းပမယ့် မဲခေါင်နိုင်ငံများအစည်းအဝေးမတိုင်ခင် မြန်မာပြည်ကိုဝင်လာမယ့် တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi (ဇူလိုင် ၂၇၊၂၀၂၄)

တရုတ်နိုင်ငံခြားရေး၀န်ကြီး Wang Yi ထိုင်းနိုင်ငံမှာပြုလုပ်မယ့် မဲခေါင် နိုင်ငံများ အစည်းအဝေးမတိုင်ခင် မြန်မာနိုင်ငံကို ၀င်ရောက်ဖို့ရှိကြောင်း တရုတ်နိုင်ငံခြားရေး၀န်ကြီးဌာနက သြဂုတ်လ ၁၃ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။ ဒီလိုလာရောက်မယ့်ကိစ္စအပေါ်မြန်မာအရေးတက်ကြွလှုပ်ရှားသူတွေရဲ့အမြင်ကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

တရုတ်နိုင်ငံခြားရေး၀န်ကြီး Wang Yi က ထိုင်းနိုင်ငံမှာကျင်းပမယ့် မဲခေါင်နိုင်ငံများအစည်းအဝေးမတိုင်ခင် မြန်မာနိုင်ငံကို၀င်ရောက်ဖို့ရှိကြောင်း တရုတ်နိုင်ငံခြားရေး၀န်ကြီးဌာနက ဩဂုတ်လ ၁၃ ရက်နေ့မှာ ကြေညာခဲ့ တာပါ။ မြန်မာနဲ့ အိမ်နီးချင်းထိုင်းနိုင်ငံမှာ သြဂုတ်လ ၁၄ ရက်ကနေ ၁၇ ရက်နေ့ထိ ၃ ရက်ကြာ ကျင်းပမယ့် နဝမ အကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး (MLC ) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ တရုတ်နိုင်ငံခြားရေး၀န်ကြီး Wang Yi အနေနဲ့ ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ဖို့လာရင်းနဲ့ မြန်မာနိုင်ငံကို သွားမှာဖြစ်ပါတယ်။ တရုတ်နိုင်ငံခြားရေး၀န်ကြီး Wang Yi မြန်မာနိုင်ငံကိုဘာကြောင့်လာတယ်လို့ ယူဆသလဲ ဆိုတာ မြန်မာ့အရေးလေ့လာနေသူ ဦးထူးချစ်ကိုဆက်သွယ်မေးမြန်းတဲ့အခါမှာ အခုလိုဖြေကြားပါတယ်။

“အဓိကတော့ တရုတ်ပြည်က နိုင်ငံခြားရေးဝန်ကြီးလာမယ်ဆိုတာက လက်ရှိမြောက်ပိုင်းတိုက်ပွဲ စစ်ရေးကိစ္စ တွေ၊ နယ်စပ်ကိစ္စ၊ စီးပွားရေးကိစ္စတွေ၊ နောက်တခုက တရုတ်ရင်းနှီးမှုတွေ ဆုံးရှုံးမယ့်ကိစ္စတွေ၊ ပိုပြီး တွေ့ရတာက မြန်မာပြည်ထဲက အမျိုးသား သာသနာအဖွဲ့တွေကတောင်မှ တရုတ်ဆန့်ကျင်ရေးကိစ္စတွေ ဖြစ်လာတဲ့အတွက် အဲဒီအချက်တွေအပေါ်အခြေခံပြီးလာတယ်လို့ ကျနော်တို့ကတော့ပြောချင်ပါတယ်။”

မြန်မာ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူဦးသက်ဆွေဝင်းကတော့ သူ့ရဲ့ထင်မြင်ယူဆချက်ကိုအခုလိုပြောပြပါတယ်။

“တရုတ်အကျိုးစီးပွားတွေကိုကျားကန်ပေးဖို့အတွက် သင့်တင့်အောင်ကာကွယ်ပေးနိုင်အုံးမယ်လို့ ယူဆပုံ ရတယ်။ တဘက်ကလည်း တရုတ်အကျိုးစီးပွားရှိတဲ့နေရာတွေကလည်း တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်တဲ့ နေရာတွေမှာလည်းရှိနေကြပြီ။ ရခိုင်ပဲပြောပြော၊ တကောင်းပဲပြောပြော၊ ရှမ်းမြောက်ပဲပြောပြော၊ သူတို့ အကျိုးစီးပွားတွေ ပိုမဆိုးသွားအောင် အပြောင်းအလဲတွေလုပ်ဖို့ စစ်ကောင်စီကို ဖိအားပေးဖို့ကြိုးစားတယ် လို့တော့ သတင်းတွေကြားရပါတယ်။ အဲဒီကိစ္စတွေဖြစ်ဖို့များပါတယ်။”

၀န်ကြီး Wang Yi ရဲ့ မြန်မာ ခရီးစဥ်အသေးစိတ်ကို ဖေါ်ပြထားခြင်းမရှိပေမဲ့ သူ့ခရီးစဥ်အတွင်းမှာ ထိန်းသိမ်းခံထား ရတဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ ကြိုးစားဖို့ရှိကြောင်း နေပြည်တော်နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းဘက်ကလည်း သတင်းတွေထွက်နေတာပါ။ ၀န်ကြီး Wang Yi ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ရင် သူမျှော်မှန်းသလို မြန်မာ့အရေးဟာ အပြောင်းအလဲတွေရှိနိုင်မလားလို့မေးတော့ ဦးထူးချစ်က အခုလိုပြောပါတယ်။

“လွန်ခဲ့တဲ့ ၁၀ စုနှစ်တစုလောက်ကဆိုရင်တော့ ဖြစ်နိုင်တယ်။ လက်ရှိအနေအထားကတော့ မြန်မာ့နိုင်ငံရေးက အပြောင်းအလဲတွေရှိသွားပြီ။ အစုအဖွဲ့တွေကပိုများလာတော့ အဲဒီလိုမျိုး သွားတွေပြီး ဖြေရှင်းနိုင်လိမ့်မယ် လို့တော့ ကျနော်ကတော့မထင်မိပါဘူး။”

မြန်မာ့နိုင်ငံရေးအပြောင်းအလဲဟာ ၃ နှစ်အတွင်း အတော်ကိုပြောင်းလဲသွားတာမို့ ဒေါ်အောင်ဆန်းစုကြည် တဦးတည်းက ဆုံးဖြတ်နိုင်တဲ့အခြေအနေမဟုတ်တော့ဘူးလို့ ဦးသက်ဆွေဝင်းကလည်းပြောပါတယ်။

“ဒေါ်စုလွတ်လာရင်တော့ ဒီလောက်နဲ့ပဲ တော်လှန်ရေးကိုနားကြမယ်ဆိုတဲ့အုပ်စုလည်း ရှိနိုင်တယ်။ နောက် အုပ်စုကတော့ ပန်းတိုင်ရောက်အောင်သွားကြမယ်ဆိုတဲ့အုပ်စုတွေလည်း ရှိနိုင်တယ်။ သေချာတာကတော့ ဒေါ်အောင်ဆန်းစုကြည်တဦးတည်းကပဲ ဒီတော်လှန်ရေးအတွက် အဖြေမဟုတ်တော့ဘူးဆိုတာ သေချာပါတယ်။”

တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ စစ်ခေါင်းဆောင်နဲ့တွေ့ဆုံမှာဖြစ်ပေမဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးကတည်း က ဖမ်းဆီးထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့တော့ တွေ့မှာမဟုတ်ဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းထောက်တွေကို ဖြေကြားခဲ့တာပါ။ ဒါပေမဲ့လည်း တွေ့ဆုံမယ့်အစီအစဉ်အသေးစိတ်ကိုတော့ မပြောခဲ့ပါဘူး။ တရုတ်နိုင်ငံဘက်ကလည်း မြန်မာနိုင်ငံကို

ဝင်ရောက်ဖို့ရှိကြောင်း ပြောဆိုထားပေမဲ့ အစီအစဉ်အသေးစိတ်ကို မပြောပါဘူး။ တရုတ်နိုင်ငံဟာ မြန်မာပြည်အရေးနဲ့ပတ်သက်လို့ ဘယ်လိုစွတ်ဖက်မှုမျိုးမဆို သူ့နိုင်ငံ သူ့အကျိုးစီးပွားကိုသာ အခြေခံခဲ့တယ်လို့လည်း ဦးထူးချစ်ကသုံးသပ်ပါတယ်။

“ကျနော်အနေနဲ့မြင်တာက တရုတ်နိုင်ငံကမြန်မာနိုင်ငံကိုလာပြီး သူတို့ငြိမ်းချမ်းရေးကိစ္စပဲပြောပြော၊ ဘယ်လိုပဲ အကြာင်းပြပြ တသက်လုံးသူတို့အကျိုးစီးပွားအတွက်ပဲလုပ်ခဲ့တာဖြစ်တယ်။ ဒီတော့တရုတ်က ကျနော်တို့ နိုင်ငံကို ဘယ်လိုစွက်ဖက်မှုမျိုးမဆိုကတော့ အကျိုးမရှိပါဘူး။ သူတို့အကျိုးစီးပွားအတွက်ပဲ လုပ်ခဲ့တာဖြစ်ပါတယ်။”

ဒါကတော့ မြန်မာအရေးလှုပ်ရှားသူတွေရဲ့အမြင်ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာကျင်းပမယ့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး (MLC ) နိုင်ငံခြားရေးဝန်ကြီးများ အစည်းဝေးမှာတော့ လေထုညစ်ညမ်းမှုကို ဖြေရှင်းရာမှာ ပူးပေါင်းဆောင်ရွက်တဲ့နည်းလမ်းတွေအပါအဝင် နယ်နမိတ်ဖြတ်ကျော်ရာဇ၀တ်မှုများ၊ ဆိုက်ဘာရာဇ၀တ်မှုများနဲ့ အွန်လိုင်းလိမ်လည်ဂိုဏ်းများကိစ္စတွေကိုလည်း ထိုင်းနိုင်ငံဘက်က ဆွေးနွေးဖို့ရှိတယ်လို့သိရပါတယ်။

Your browser doesn’t support HTML5

တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာခရီးစဉ် တက်ကြွလှုပ်ရှားသူတို့အမြင်