သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့နိုင်ငံရေးအသွင်ကူးပြောင်းမှုဆက်လုပ်ဖို့ တရုတ်မျှော်လင့်


ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိတို့ တရုတ်နိုင်ငံ၊ ပေကျင်းမြို့ ကျောက်ယွိထိုင် နိုင်ငံတော်ဧည့်ဂေဟာမှာ တွေ့ဆုံစဥ်။ (ဒီဇင်ဘာ ၆၊ ၂၀၂၃)
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိတို့ တရုတ်နိုင်ငံ၊ ပေကျင်းမြို့ ကျောက်ယွိထိုင် နိုင်ငံတော်ဧည့်ဂေဟာမှာ တွေ့ဆုံစဥ်။ (ဒီဇင်ဘာ ၆၊ ၂၀၂၃)

မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးအမြန်ရရှိပြီး နိုင်ငံရေးအသွင်ကူးပြောင်းမှုကို ဆက်လက်လုပ်ဆောင်ဖို့ တရုတ်နိုင်ငံက မျှော်လင့်ထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

ဘေဂျင်းမြို့တော်မှာ မြန်မာစစ်ကောင်စီ ဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဦးသန်းဆွေနဲ့ တွေ့ဆုံချိန်မှာ “မြန်မာနိုင်ငံအနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးရရှိဖို့နဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေမူဘောင်အရ အမြန်ဆုံး နိုင်ငံရေးအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ကို ဆက်လက်လုပ်ဆောင်ဖို့ မျှော်လင့်တယ်” လို့ ဝမ်ယီက ပြောပါတယ်။ ဝမ်ယီက အွန်လိုင်း လိမ်လည်မှုပပျောက်ရေးအတွက် နှစ်နိုင်ငံ တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှု ပိုအားကောင်းသင့်ကြောင်းလည်း ပြောခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံ မြောက်ပိုင်းမှာ ပိတ်မိနေသူတွေကို ကယ်ဆယ်ရာမှာလည်း နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှု ရလဒ်ကောင်းတွေ ရရှိခဲ့ကြောင်း တရုတ်ဘက်က အသိအမှတ်ပြုတယ်လို့ ဆိုပါတယ်။ “နှစ်ဘက်စလုံးက တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို အားကောင်းအောင် လုပ်ဆောင်ပြီး ကင်ဆာလိုအမြစ်တွယ်နေတဲ့ အွန်လိုင်းလောင်းကစားနဲ့ တယ်လီကွန်းလိမ်လည်မှုတွေကို လုံးလုံးလျားလျား ချေမှုန်းပစ်သင့်တယ်” လို့ ဝမ်ယီက ပြောပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းသိမ်းပြီးနောက်ပိုင်းမှာ စစ်တပ်အတွက် အကြီးမားဆုံး စိန်ခေါ်မှုအဖြစ် မြောက်ပိုင်း မဟာမိတ်ညီနောင် ၃ ဖွဲ့က တရုတ်နယ်စပ်အပါအဝင် ရှမ်းမြောက်တခွင်မှာ အရှိန်အဟုန်နဲ့ ထိုးစစ်ဆင်နေချိန်မှာ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးနဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီးတို့တွေ့ဆုံခဲ့ကြတာပါ။ တချိန်တည်းမှာ တရုတ်နိုင်ငံဘက်က သူ့နိုင်ငံသားတွေကိုပစ်မှတ်ထားပြီး ငွေကြေးအမြောက်အမြား လိမ်လည် လှည့်ဖြားတာတွေ လုပ်နေတဲ့ မြန်မာနိုင်ငံဘက်ခြမ်းက ဆိုင်ဘာ ရာဇဝတ်ဂိုဏ်းတွေကို အပြင်းအထန် နှိမ်နင်းနေချိန်လည်း ဖြစ်ပါတယ်။

မြန်မာစစ်ကောင်စီဘက်က တယ်လီကွန်းလိမ်လည်မှုသံသယရှိသူ ၃၁,၀၀၀ ကို တရုတ်နိုင်ငံကို လွှဲပြောင်းပေးခဲ့ကြောင်း တရုတ်အာဏာပိုင်တွေက အရင်လက ပြောပါတယ်။ မြန်မာနိုင်ငံထဲမှာ အနည်းဆုံး လိမ်လည်မှုစင်တာ ၁,၀၀၀ မှာ တရက်ကို လူတသိန်းကျော်ဟာ တယ်လီကွန်းလိမ်လည်မှုတွေ ပါဝင်နေကြောင်း တရုတ်အစိုးရမီဒီယာက ဖော်ပြခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG