ချင်းပြည်နယ်နဲ့ မန္တလေးတိုင်းမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား​​​​​​​

ချင်းပြည်နယ် မင်းတပ်မြို့နယ် ဝမ္မသူးတိုက်နယ်ဆေးရုံ လေကြောင်းကဗုံးကြဲတိုက်ခိုက်ခံရတဲ့မြင်ကွင်းယခင်မှတ်တမ်းဓာတ်ပုံ ။ (ဧပြီ ၂၆၊ ၂၀၂၄/Crd: CDF-မင်းတပ်)

ချင်းပြည်နယ် မင်းတပ်မြို့မှာ ဒေသခံချင်းကာကွယ်ရေးတပ်ဖွဲ့တွေကို စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်နေသလို မန္တလေးတိုင်း မြင်းခြံမြို့နယ်မှာတော့ ကာကွယ်ရေးတပ်ဖွဲ့တွေကို မြေပြင်ရော ဝေဟင်ကပါတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ရေးပဋိပက္ခတွေကြား ဒေသခံတွေ ရဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတာတွေလည်း ရှိတယ်လို့ ပြောပါတယ်။ ချင်းပြည်နယ်နဲ့ မန္တလေးတိုင်းက စစ်ရေးနောက်ဆုံး အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး မဆုမွန် တင်ပြထားပါတယ်။

နိုဝင်ဘာ ၉ ရက်ကစလို့ ချင်းညီနောင်အဖွဲ့က မင်းတပ်မြို့နဲ့ ဖလမ်းမြို့တွေကို ညီနောင်စစ်ဆင်ရေး တရပ်အဖြစ်နဲ့ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေကြတာဖြစ်ပြီး ဒီကနေ့ဆို ၁၁ ရက်မြောက်ရှိနေပြီဖြစ်ပါတယ်။ မြို့သိမ်းဖို့ပြင်ဆင်နေတဲ့ မင်းတပ်မြို့မှာ နေ့စဉ်လိုလိုတိုက်ပွဲတွေရှိနေပြီး လေကြောင်း ပစ်ခတ်ခံရတာတွေရှိနေပေမယ့် စစ်တပ် တပ်စွဲထားတဲ့နေရာတွေကို ကာကွယ်ရေး တပ်ဖွဲ့တွေက ဆက်လက်တိုက်ခိုက်နေကြပါတယ်။

တိုက်ပွဲအတွင်း စစ်တပ်ဘက်က မင်းတပ်မြို့က နေအိမ်တွေကိုမီးရှို့ခံရတာတွေရှိနေတယ်လို့လည်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက မင်းတပ်မြို့အခြေအနေနဲ့ ပတ်သက်လို့ ဗွီအိုအေ မြန်မာပိုင်းကို အခုလို ပြောပါတယ်။

"စစ်ကောင်စီက နိုင်တဲ့နေရာကနေ လှမ်းမီးရှို့တာမျိုး၊ မီးပုလင်းနဲ့ပေါက်တာမျိုး လုပ်တယ်။ လက်နက်ကြီးနဲ့ပစ်လို့ တချို့မီးစလောင်တာတွေရှိတယ်။ နေအိမ်လောင်ကျွမ်းတာတော့ များတယ် ခင်ဗျ။ ၅၀-၆၀ နဲ့ ၁၀၀ ဝန်းကျင်လောက်တော့ရှိမယ်။ ၁၀၀ လည်းကျော်နိုင်မယ်။ အသေချာ အတိအကျတော့မသိရသေးဘူး။ ထိတွေ့မှုတွေကတော့ နေ့တိုင်းနေ့တိုင်း ရှိနေတယ်။ လေကြောင်း လည်း နေ့တိုင်းနေ့တိုင်း ရှိနေတယ်။ တဖြည်းဖြည်းနဲ့ သူတို့လည်း နေရာကျဉ်းလာတယ်။ စစ်ကောင်စီ အတွက် နေရာကျဉ်းကျုံ့လာပြီး သွားလို့လာလို့ မလွယ်တော့တဲ့အခြေအနေ တဖြည်းဖြည်း ဖြစ်လာနေတယ်။ တဖြည်းဖြည်းပဲ ထိတွေ့တိုက်ပွဲတွေ တောက်လျှောက်ဖြစ်နေပါတယ်။ မြို့ကလည်း မြို့အနှံ့ပါပဲ မြို့ပေါ်မှာ ၁၀ နေရာ ကျော်ကျော်လောက်ကို စစ်ကောင်စီ တပ်စွဲထားတာရှိတယ်။ တခုပြီးတခုတိုက်ယူနေတယ်ပေါ့။ အရှိန်မှန်မှန်လေးနဲ့ပဲ ထိတွေ့မှုတွေဖြစ်ပွားနေတယ်ပေါ့။"

ချင်းပြည်နယ်မှာ တိုက်ပွဲတွေ တကျော့ပြန်ပေါ်ပေါက်နေတာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က လတ်တလော သတင်းထုတ်ပြန်တာတော့မရှိသေးပါဘူး။ ချင်းညီနောင်အဖွဲ့မှာ ဇိုမီးဖက်ဒရယ်အစည်းအရုံး ၊ ချင်းအမျိုးသားအဖွဲ့ချုပ် ၊ ချင်းအမျိုးသား ကောင်စီ(မင်းတပ်) မရာနယ်မြေအုပ်ချုပ်ရေး ကောင်စီ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့ ၊ မတူပီတပ်မဟာ (၁) တို့ အတူပူပေါင်းပြီး မင်းတပ်နဲ့ ဖလမ်းမြို့တွေကို တပြိုင်နက်တည်း တိုက်ခိုက်နေကြတာပါ။

မန္တလေးတိုင်း မြင်းခြံဘက်မှာဆိုရင်လည်း နိုဝင်ဘာ ၁၂ ရက်ကစလို့ မြင်းခြံမြို့နဲ့ ၁ မိုင်ကျော်ဝေးတဲ့ ကူရွာ ၊ ကွမ်းစိုက် နဲ့ ခြေဆေးရွာတွေဘက်ကို စစ်တပ်ဘက်က စစ်ကြောင်းထိုးလာလို့ ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်နေတာပါ။ စစ်တပ်ဘက်က မြေပြင်ရော ဝေဟင်ကပါပစ်ခတ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေဘက်က နောက်ဆုတ်ပေးထားရတဲ့အခြေအနေမှာရှိနေပြီး စစ်ရေးတင်းမာနေပါတယ်။

နိုဝင်ဘာ ၁၇ ရက်နဲ့ ၁၈ ရက်မှာတော့ ကွမ်းစိုက်ကျေးရွာက နေအိမ်တွေကို စစ်တပ်ဘက် ဝင်ရောက် မီးရှို့တာတွေ ရှိတယ်လို့ မြင်းခြံဒေသခံတဦးက အခုလို ပြောပါတယ်။

"သူတို့ဘက်က မနေ့ကလည်း လေယာဉ်ပစ်ကူလာတယ်။ ဟတ်စကီးပစ်ကူလာတယ်။ လက်နက်ကြီး နဲ့လည်း လှမ်းပစ်တယ်။ ဟောင်ဝစ်ဇာပေါ့နော် အဲ့ဒါတွေနဲ့လည်း ပစ်တယ်။ အဲ့အချိန်မှာ ကျားတက်ထိုး တယ်။ ကျားတက်ထိုးတော့ ဒီဘက်ကလည်း ရှိတာနဲ့ ခုခံတော့ သူတို့ပြန်လန်သွားတယ်။ သူတို့ဘက်က နေ့စဉ်ရက်ဆက် မနေ့ကထိလေကြောင်းလာတယ်။ ဒီနေ့တော့ လေကြောင်းမလာဘူး။ ဝေဟင်ကြောင့် အနောက်ဆုတ်ပေးရတာ။ မြေပြင်အနေအထားကြောင့်ဆို နောက်ဆုတ်ပေးစရာ အကြောင်းမရှိဘူး။ တော်လှန်ရေးအဖွဲ့တွေက ခြေဆေးရွာထဲက ဆုတ်ပေးရတယ်ပေါ့။ ဆုတ်ပေးရတဲ့အချိန်မှာ မနေ့က မနက်ခင်းပိုင်း ၅ နာရီထိုးလောက်ကတည်းကစတင်ပြီး မီးရှို့တာ။ နေ့ခင်း ၂ ချက်ထိုးလောက်အထိ မီးက လောင်နေတုန်းပဲ။ ကနေ့လည်းရှို့တယ်။ မနေ့ကလည်းရှို့တယ်။ ၂ ရက် ဆက်တိုက်ရှိပြီ။"

စစ်တပ်ဘက်က မြင်းခြံမြို့မှာ စစ်တပ်ထောက်ခံသူအဖြစ် လူသိများတဲ့ သီတာယုမွန်အပြင် အမှတ် (၃) ရပ်ကွက်ဥက္ကဋ္ဌတို့ ဦးဆောင်ပြီး ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုး နယ်မြေရှင်းလင်းနေပါတယ်။

တဖက်မှာလည်း မြင်းခြံမြို့အခြေစိုက်ကာကွယ်ရေးအဖွဲ့တွေအပြင် မြင်းခြံ တပ်ရင်း (၇) ဒရုန်းအဖွဲ့တွေ နဲ့ စစ်ကိုင်းတိုင်းက ဒရုန်းအဖွဲ့တွေပူးပေါင်းပြီး စစ်တပ်စစ်ကြောင်းကို ခုခံကာကွယ်နေတာလည်း ဖြစ်ပါတယ်။

ခြေဆေးရွာ နေအိမ်တွေ မီးရှို့ခံရတဲ့ နေအိမ်အရေအတွက် အတိအကျမသိရသေးသလို တိုက်ပွဲနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပေမယ့် စစ်တပ် အာဘော်တွေ အမြဲဖော်ပြနေတဲ့ လူမှုကွန်ယက် စာမျက်နှာတွေမှာတော့ ကူတော်၊ ကွမ်းစိုက်နဲ့ ခြေဆေးရွာတွေကို နယ်မြေရှင်းလင်းနိုင်ခဲ့ပြီး ကွမ်းစိုက်ကျေးရွာဆိုင်းဘုတ်နဲ့အတူ လက်နက်ကိုင်ဆောင်ထားတဲ့ ပျူစောထီးအချို့ ရဲ့ပုံတွေကို ဖော်ပြထားပါတယ်။

စစ်ကောင်စီဘက်ကတော့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့နေရာတွေဟာ ကာကွယ်ရေးတပ်တွေရှိနေတဲ့ ဒေသတွေဖြစ်တဲ့အတွက် နယ်မြေရှင်းလင်းဆောင်ရွက်နေတယ်ဆိုတာကို သတင်းထုတ်ပြန်လေ့ရှိပါတယ်။

Your browser doesn’t support HTML5

ချင်းပြည်နယ်နဲ့ မန္တလေးတိုင်းမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား