မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ ဒုက္ခသည်အဖြစ် ရောက်နေတဲ့ ချင်းလူမျိုး ၂ သောင်းကျော်ကို အကူအညီပေးနေတဲ့ အစီအစဉ်တွေကို ရပ်တန့်ဖို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံး (UNHCR) က စတင်စဉ်းစားနေပြီဖြစ်ပါတယ်။ အဲဒီ ဒုက္ခသည်တွေကို သူတို့ရဲ့ နေရပ်ရင်းကို ပြန်ပို့မလားဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း သက်ဆိုင်ရာ နိုင်ငံတွေ နဲ့ စတင်ဆွေးနွေးနေပြီဖြစ်တယ်လို့ UNHCR က ပြောပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဆက်သွယ်စုံစမ်းထားတဲ့ ကိုရန်နိုင်က ပြောပြပေးမှာ ဖြစ်ပါတယ်။
မလေးရှား နဲ့ အိမ်နီးချင်းနိုင်ငံတွေမှာရောက်နေကြတဲ့ ချင်းလူမျိုး ဒုက္ခသည်တွေကို ဒုက္ခသည်အဖြစ် နဲ့ အကာအကွယ်ပေးနေတဲ့ အစီအစဉ်တွေကို ရပ်တန့်ဖို့ စတင်စဉ်းစားနေတယ်လို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးက UNHCR က ပြောကြားလိုက်ပါတယ်။ ဖေဖော်ဝါရီ ၂၆ ရက်နေ့က ထုတ်ပြန်လိုက်တဲ့ အရှေ့တောင်အာရှဒေသဆိုင်ရာ UNHCR ရုံးက ကြေညာချက်ထဲမှာတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာ နဲ့ မလေးရှားအစိုးရတွေကို အသိပေးခဲ့တယ်လို့ ပြောပါတယ်။ အခုလို ဒုက္ခသည်တွေကို အကာအကွယ်ပေးနေတဲ့ အစီအစဉ်တွေကို ရပ်တန့်ဖို့ စဉ်းစားနေတာနဲ့ ပတ်သက်ပြီး အရှေ့တောင်အာရှဒေသဆိုင်ရာ UNHCR ရုံးတာဝန်ရှိသူတဦးဖြစ်တဲ့ Caroline Gluck က ဗွီအိုအေကို အခုလို ပြောပါတယ်။
"ချင်းလူမျိုး ဒုက္ခသည်တွေ နေထိုင်နေကြတဲ့နိုင်ငံ တွေက ဒုက္ခသည်တွေ အားလုံးကို နိုင်ငံတကာ ကပေးနေတာတွေ နဲ့ ပတ်သက်ပြီး ပြန်လည်သုံးသပ်တာတွေကို ပြီးခဲ့တဲ့နှစ် ကတည်းက ကျမတို့ စတင်လုပ်ဆောင်လာခဲ့တာဖြစ်ပါတယ်။ အဲဒီနိုင်ငံတွေထဲမှာ မလေးရှား၊ အိန္ဒိိယ၊ ထိုင်း နဲ့ နီပေါနိုင်ငံနိုင်ငံတွေပါဝင်ပြီး မလေးရှားနိုင်ငံမှာတော့ အများဆုံးနေထိုင်ကြတာဖြစ်ပါတယ်။ ချင်းပြည်နယ် နဲ့ စစ်ကိုင်းတိုင်းတွေ က နိုင်ငံရေး နဲ့ လူမှုဖွံ့ဖြိုး တိုးတက်ရေးအခြေအနေတွေ နဲ့ ပတ်သက်ပြီး နှစ်ပေါင်းများစွာ လေ့လာ သုံးသပ်ပြီးတဲ့နောက် အခုလို လုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီမှာဖြစ်နေတဲ့ အပြောင်းအလဲတွေ နဲ့ ဒုက္ခသည်တွေအဖြစ်နဲ့ အကာအကွယ်ပေးနေတဲ့ အခြေအနေတွေ ကို ဘာကြောင့် ပြန်လည်သုံးသပ်နေသလဲဆိုတာတွေကို စတင်ပြောဆိုတာတွေ ရှိပါတယ်။ UNHCR အနေနဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ရော၊ နိုင်ငံရဲ့ အခြေအနေတွေကို လည်း ဆက်ပြီးတော့ စောင့်ကြည့်သွားမှာဖြစ်ပြီး အခြေအနေပေါ်မှာ မူတည်ပြီး ဆက်လုပ်သွားမှာဖြစ်ပါတယ်။"
မြန်မာနိုင်ငံ ချင်းပြည်နယ်အတွင်း ဖြစ်ပေါ်တိုးတက်မှုတွေကို အခြေခံပြီး၊ UNHCR ဘက်က အခုလို အကူအညီပေးနေတာတွေကို ရပ်တန့်ဖို့ စဉ်းစားနေတာဖြစ်တယ် လို့ပြောပါတယ်။ အဲဒီချင်းဒုက္ခသည်တွေ ပြန်ဖို့ ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း သက်ဆိုင်ရာနိုင်ငံ အစိုးရတွေနဲ့လည်း လုပ်ဆောင်နေတာတွေရှိပြီး၊ မြန်မာအစိုးရဘက် ကလည်း ချင်းဒုက္ခသည်တွေကို ပြန်လာဖို့ကိစ္စကို ကြိုဆိုတယ်လို့ Ms. Gluck က ပြောပါတယ်။
"ကျမတို့ အစိုးရအဆင့်ဆင့်တိုင်း နဲ့ တိုင်ပင်ဆွေးနွေး တာတွေလုပ်ဆောင်နေပါတယ်။ သူတို့ရဲ့ နေရပ်ရင်းကိုပြန်နိုင်ဖို့က ဒုက္ခသည်တိုင်းရဲ့ အခွင့်အရေးဖြစ်ပြီး၊ မြန်မာအစိုးရ ဘက်ကလည်း ဒုက္ခသည်တွေရဲ့ နေရပ်ပြန်ခွင့်ကို အသိအမှတ်ပြုပါတယ်။ ချင်းဒုက္ခသည်တွေ ထဲမှာ သူတို့ဆန္ဒအလျှောက် သူတို့ဘာသာသူတို့ နေရပ်ကို ပြန်သွားကြတဲ့ သူတွေရှိပါတယ်။ ချင်းဒုက္ခသည်တွေ မြန်မာနိုင်ငံကို ပြန်လာဖို့ ကိစ္စကို ကြိုဆိုတယ်လို့ မြန်မာအစိုးရဘက်က ကျမတို့ကို အကြောင်းကြားထားတယ်လို့ သိထားပါတယ်။"
မလေးရှားနိုင်ငံမှာ UNHCR ရဲ့ ဒုက္ခသည်အဖြစ် နဲ့အသိအမှတ်ပြုထားတဲ့ ချင်းလူမျိုး ၁ သောင်း ၆ ထောင်ကျော်ရှိပြီး၊ အဲဒီ လူတွေဟာ မလေးရှားနိုင်ငံမှာရောက်နေတာ နှစ်အတော်ကြာ ရှိသွားပြီဖြစ်တယ်လို့လည်း Ms. Gluck က ပြောပါတယ်။ အဲဒီဒုက္ခသည်တွေထဲမှာ မြန်မာနိုင်ငံကို ပြန်ချင်တဲ့သူတွေရှိသလို၊ တချို့တွေကလည်း မလေးရှားနိုင်ငံမှာ ဆက်နေချင်ကြပြီး ၊ တချို့တွေကလည်း တတိယနိုင်ငံတွေကို ဆက်လက် ထွက်ခွာချင်တဲ့သူတွေရှိတယ်လို့လည်း ပြောပါတယ်။
UNHCR အနေနဲ့ ဒုက္ခသည်တွေ နဲ့ ပတ်သက်ပြီး နည်းလမ်းပေါင်းစုံကို စဉ်းစားနေပြီး၊ အဲဒီထဲမှာ မလေးရှားနိုင်ငံမှာ တရားဝင်ဆက်နေလို့ ရနိုင်မယ့် နည်းလမ်းနဲ့ ပတ်သက်ပြီး မလေးရှားအစိုးရ နဲ့ ဆွေးနွေးသွားဖို့ရှိတယ်လို့ ပြောပါတယ်။ UNHCR နဲ့ မလေးရှားနိုင်ငံ မှာရှိတဲ့ ချင်းဒုက္ခသည်တွေကတော့ မနက်ဖြန်မှာ တွေ့ဆုံဖို့ရှိတယ်လို့ အဲဒီက ဒုက္ခသည်တဦးက ပြောပါတယ်။ မလေးရှား၊ ထိုင်း၊ အိန္ဒိယ နဲ့ နီပေါ နိုင်ငံတွေမှာ ချင်းလူမျိုး ဒုက္ခသည်စုစုပေါင်း ၂ သောင်း ၆ ထောင်လောက်ရှိတယ်လို့ သိရပါတယ်။
Your browser doesn’t support HTML5