သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယရောက် ချင်းဒုက္ခသည်တွေ UNHCR ပြန်ပို့ဖို့ စီစဉ်


အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာရှိနေတဲ့ ချင်းတိုင်းရင်းသား ဒုက္ခသည်တွေကို နယူးဒေလီမြို့မှာရှိတဲ့ UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးက မြန်မာနိုင်ငံကို ပြန်ပို့ဖို့ စီစဉ်နေပါတယ်။ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့က အခြေအနေတွေ တည်ငြိမ်လာပြီ ဖြစ်တာကြောင့် အခုလို ပြန်ပို့ဖို့ စီစဉ်တာလို့ UNHCR က ပြောပါတယ်။ ဒါပေမယ့် ချင်းတိုင်းရင်းသားတွေကတော့ ပြန်လိုတဲ့ဆန္ဒ မရှိကြပါဘူး။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ဒုက္ခသည်တွေ အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေနဲ့ ဇွန်လ ၁၉ ရက်နေ့မှာ တွေ့ဆုံပြီး ချင်းတိုင်းရင်းသား ဒုက္ခသည်တွေ မြန်မာပြည်ကို ပြန်လို့ရပြီဖြစ်တဲ့အကြောင်း UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးက တာဝန်ရှိသူတွေက ခေါ်ယူ အကြောင်း ကြားခဲ့တယ်လို့ MRO မြန်မာဒုက္ခသည်များအဖွဲ့က အတွင်းရေးမှူး ဇိုးစန်းလန်က ပြောပါတယ်။

“ခင်ဗျားတို့ ချင်းလူမျိုးတွေ၊ မြန်မာပြည်ကောင်းသွားပြီ၊ ခင်ဗျားတို့ ပြန်နိုင်ပြီ ဆိုတဲ့ဟာကို ထုတ်ပြန်ချက်ထုတ်တယ်။ ဒီကိစ္စကို ကျနော်တို့ မနေ့က UNHCR တွေ့ပြီးတော့ ဆွေးနွေးထားပါတယ်။”

မေး။ မနေ့က သူတို့က ခေါ်ပြီးတွေ့တာလား ခင်ဗျ။

“ဟုတ်တယ်၊ ခေါ်ပြီးတွေ့တာ။”

မေး။ ဘယ်လို အကြောင်းအချက်တွေကြောင့် သူတို့က ပြန်လို့ရပြီလို့ ခိုင်ခိုင်မာမာနဲ့ ပြောသလဲ။

“သူတို့က အကြောင်းပြချက်က ခိုင်ခိုင်လုံလုံ မရှိဘူး။ သူတို့က ပြောတာကတော့ ချင်းပြည်နယ်လဲ ကျနော်တို့က အကုန်လုံး NGO တွေနဲ့လည်း တွေ့ပြီးတော့ လေ့လာထားတယ်။ ဒါတွေ လေ့လာချက်အရ ကောင်းသွားပြီဆိုတော့ ခင်ဗျားတို့ ပြန်လို့ရပြီ၊ အဲဒီလိုဘဲ ပြောတယ်။ ဒါပေမယ့် ကျနော်တို့က မေးထားတယ်၊ အဲဒါဆိုရင် မြန်မာအစိုးရနဲ့ရော၊ ဒါမှမဟုတ် ချင်းပြည်နယ် ဝန်ကြီးချုပ်နဲ့ရော သဘောထားတွေ ယူပြီးတော့မှ ဆုံးဖြတ်ချက် ချတာလားလို့ မေးကြည့်တော့ သူတို့ဆီက ဆုံးဖြတ်ချက်တော့ မယူပါဘူး၊ ဒါပေမယ့် ဆွေးတော့ ဆွေးနွေးပါတယ်တဲ့။”

မေး။ အခု ဒါဆိုလို့ရှိရင် ပြန်တဲ့ အစီအစဉ်ကို ဘယ်လိုစမလဲ၊ သူတို့ပြောထားတာကတော့ တနှစ်ခွဲလောက် အချိန်ပေးမယ်လို့ ကျနော်နားလည်ထားပါတယ်။

“ဟုတ်ပါတယ်။ သူတို့ကတော့ ၂၀၁၉၊ ဒီဇင်ဘာလ ၃၁ ရက်ကို နောက်ဆုံးထားပါတယ်။”

မေး။ သူတို့စာထဲမှာ သိရတာကတော့ ပြန်ချင်တဲ့သူတွေဟာ UNHCR က အသိအမှတ်ပြုထားတဲ့ ဒုက္ခသည်တွေ ဖြစ်ရမယ်။ ဒါပေမယ့် အဲဒီလူတွေကို ပြန်လို့ရှိရင် ပြန်ဖို့ အကူအညီပေးမယ်၊ ငွေရေးကြေးရေးအရလည်း အကူအညီပေးမယ် ပြောထားတော့ လမ်းစရိတ်ပေးမှာလား၊ ဒါမှမဟုတ် ဟိုဘက်မှာပြန်ပြီးတော့ ဘဝရပ်တည်ရေးအတွက် သူတို့က ငွေကြေး ထောက်ပံ့မှာလား၊ ဘယ်လိုပုံစံမျိုး သူတို့က ကူူညီမှာလဲ၊ ငွေရေးကြေးရေးအရ ကူညီမယ်ဆိုတာက။

“သူတို့ကတော့ နဲနဲပါးပါးတော့ လမ်းစရိတ်ရော နဲနဲပါးပါးတော့ လုပ်ပေးမယ်လို့ ပြောတယ်။ ဒါပေမယ့် ဘယ်လောက်ပေးမယ်ဆိုတာတော့ အတိအကျ မရှိဘူး။ ကျနော်တို့နဲ့ ဆက်ပြီးတော့ ဆွေးနွေးပါ့မယ်လို့တော့ ပြောထားတယ်။”

မေး။ အခု စာထဲမှာ ရေးထားတာက ချင်း Refugee (ဒုက္ခသည်) လို့ဘဲ ရေးထားတော့ သူတို့က ချင်းတွေကိုဘဲ ဦးတိုက်ပြီး ပြောတာလား။ ကျနော်တို့ နားလည်ထားတာက တခြား ဒုက္ခသည်တွေဖြစ်တဲ့ မြန်မာတို့၊ ရခိုင်တို့ စတဲ့ တိုင်းရင်းသားတချို့လဲ ရှိနေကြတယ်ပေါ့။ ဒါပေမယ့် သူတို့က လူနည်းစု ဖြစ်နေလို့လား။ ဘာကြောင့် “ချင်း” လို့ နံမည်တပ်တယ်လို့ ထင်သလဲ။

“ကျနော်တို့ Meeting (အစည်းဝေး) မှာ ကြားတဲ့အတိုင်းဘဲ ကျနော် ပြောချင်ပါတယ်နော်။ အဲဒီမှာ နိုင်ငံခြားသူ တယောက်လာတယ်။ သူက မြန်မာပြည်လဲ သွားပြီးသွားပြီတဲ့။ ပြီးတော့ ချင်းပြည်နယ်လဲ ရောက်ခဲ့တယ်။ ချင်းပြည်နယ်ထဲက NGO တွေနဲ့ရော၊ Women Rights (အမျိုးသမီးအခွင့်အရေး) ၊ Human Rights လူ့အခွင့်အရေး အဖွဲ့တွေနဲ့ရော အကုန်လုံး တွေ့ပြီးတော့ ဆွေးနွေးတယ်တဲ့။ အဲဒါသူက မလေးရှားကိုလည်း သူသွားတယ်တဲ့။ သူက ပြောပြတယ်။ ဆိုတော့ ချင်း ဒုက္ခသည်တွေလို့ ပြောတဲ့နေရာမှာ တခြား နေရာတွေကျတော့ စစ်ဖြစ်နေတယ်၊ ချင်းပြည်နယ်မှာကျတော့ သူတို့ပြောတာက ဘာမှ မဖြစ်တော့ဘူး။ ငြိမ်းချမ်းပါတယ်။ လွတ်လွတ်လပ်လပ်နဲ့ နေလို့ရပါတယ် ဆိုပြီးတော့ သူတိုှ့က ချင်းဒုက္ခသည် သက်သက်ကို ပြောထားတာ ဖြစ်ပါတယ်လို့ ပြောတယ်။”

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာရှိတဲ့ UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးက ထုတ်ပြန်တဲ့ အသိပေး အကြောင်းကြားစာထဲမှာ ဒုက္ခသည်တွေ ပြန်ပို့ရေးအတွက် နယူးဒေလီမြို့မှာရှိတဲ့ မြန်မာသံရုံးနဲ့လည်း တိုင်ပင် ဆောင်ရွက်နေတယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမယ့် ဒုက္ခသည်တွေ ပြန်ပို့ရေးအတွက် ဆုံးဖြတ်ချက် ချတဲ့နေရာမှာတော့ မြန်မာအစိုးရရော၊ ချင်းပြည်နယ် အစိုးရဘက်ကိုရော ညှိနှိုင်း တိုင်ပင်ခဲ့ခြင်း မရှိဘူးဆိုတာ မနေ့ ဇွန်လ ၁၉ ရက်နေ့က တွေ့ဆုံတဲ့အချိန်မှာ ကုလသမဂ္ဂ အရာရှိတွေက သူတို့ကို ပြောပြခဲ့တယ်လို့ ဇိုးစန်းလန်က ပြောပါတယ်။

လက်ရှိ နယူးဒေလီမြို့မှာ ချင်းတိုင်းရင်းသား ဒုက္ခသည် ခန့်မှန်းခြေအားဖြင့် ၃,၀၀၀ လောက်ရှိတယ်လို့ ဇိုးစန်းလန်က ပြောပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂရဲ့ ခန့်မှန်းခြေ ဒုက္ခသည်စာရင်းမှာတော့ ၁၀,၀၀၀ လောက်ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မြန်မာ၊ ကချင်နဲ့ တခြား လူမျိုးတွေလဲ ၃၀၀ လောက် ရှိနေပါတယ်။

ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးက သူတို့ကို အခုလို အကြောင်းကြားလာတဲ့ကိစ္စအပေါ် ဘယ်လို တုန့်ပြန်ရမလဲ ဆိုတာနဲ့ သူတို့အနေနဲ့ မြန်မာပြည်ကို ပြန်ကြမလား၊ မပြန်ဘူးလားဆိုတဲ့အပေါ် အခုချိန်မှာ ဆုံးဖြတ်ချက် မချရသေးဘူးလို့ ဇိုးစန်းလန်က ပြောပါတယ်။ ဒီကိစ္စကို သူတို့အချင်းချင်းကြားမှာ ဆွေးနွေး တိုင်ပင်ကြရဦးမယ်လို့ ပြောပါတယ်။

ဒီကနေ့ကျရောက်တဲ့ နိုင်ငံတကာ ဒုက္ခသည်များနေ့ကို နယူးဒေလီမြို့မှာ ရှိတဲ့ ဒုက္ခသည်အဖွဲ့အစည်းတွေက ဦးစီးပြီး ကျင်းပခဲ့တာမှာ UNHCR က တာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့တယ်လို့ ဇိုးစန်းလန်က ပြောပါတယ်။

အိန္ဒိယနိုင်ငံဟာ နိုင်ငံတကာ ဒုက္ခသည်များဆိုင်ရာ ပဋိဉာဏ်စာတမ်းကို လက်မှတ်ထိုးထားတဲ့ နိုင်ငံမဟုတ်တာကြောင့် ဒုက္ခသည်တွေကို မဖြစ်မနေ လက်ခံထားစရာ မလိုပါဘူး။ ဒါပေမယ့်လည်း ၁၉၈၈ ခုနှစ်က မြန်မာနိုင်ငံမှာ ဖြစ်သွားခဲ့တဲ့ ဒီမိုကရေစီအရေး တောင်းဆို ဆန္ဒပြမှုတွေနဲ့ အဲဒီရဲ့ နောက်ဆက်တွဲ ဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေးအခြေအနေတွေအရ ဒုက္ခသည်တွေကို နားလည်မှုနဲ့ အခုချိန်ထိ လက်ခံထားခဲ့တာ ဖြစ်ပါတယ်။

အစောပိုင်းမှာ နယူးဒေလီမြို့မှာရှိတဲ့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးက လစဉ် ထောက်ပံ့ကြေးပေးခဲ့ပေမယ့် လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကစပြီး အဲဒီ ထောက်ပံ့မှုတွေကို ရပ်ဆိုင်းခဲ့တာကြောင့် ဒုက္ခသည်တွေဟာ နယူးဒေလီမြို့ ပတ်ဝန်းကျင်မှာ ကျဘမ်းအလုပ်တွေကို လုပ်ကိုင် စားသောက်နေခဲ့ကြရတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG