သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကူအညီကတိကဝတ်များ ရိုဟင်ဂျာဒုက္ခသည်တွေ အပြည့်မရ


ဘင်္ဂလားဒေရှ့်မှာ ခိုလှုံနေကြတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက အကူအညီတွေ တိုးမြှင့်ပေးကြဖို့ နိုင်ငံတကာ အခွင့်အရေးလှုပ်ရှားမှု အဖွဲ့ကြီး Amnesty International က ဒီကနေ့ ကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့မှာ တိုက်တွန်းလိုက်ပါတယ်။ ဘင်္ဂလားဒေရှ့်နိုင်ငံက မုတ်သုံရာသီဒဏ်ကို ခံနေကြရတဲ့ ရိုဟင်ဂျာတွေ အတွက် အရေးပေါ် အကူအညီတွေ လိုအပ်နေသလို ရေရှည် အတွက်လည်း အကူအညီတွေ လိုတယ်လို့ AI အဖွဲ့ကြီးက ထောက်ပြလိုက်တာပါ။ မသိင်္ဂ ီထိုက် ဆက်သွယ်မေးမြန်းထားပါတယ်။

ဘင်္ဂလားဒေရှ့် နိုင်ငံ ကောဇ်ဘဇားက ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေမှာ ခိုလှုံနေကြသူ ၉ သိန်းကျော် အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက အကူအညီတွေ အရေးပေါ် တိုးမြှင့်ပေးကြဖို့ နိုင်ငံတကာ အခွင့်အရေး လှုပ်ရှားမှု အဖွဲ့ကြီး Amnesty International က ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေမှာ အများစုက ရွံ့မြေပေါ်မှာ ဝါးနဲ့ဆောက်ပြီး တာပေါ်လင်စ အမိုးအကာနဲ့ ယာယီတဲအိမ်တွေက အများစု ဖြစ်ပါတယ်။ ဒုက္ခသည် စခန်းတွေ အတွင်းမှာ ဘင်္ဂလားဒေရှ့် အစိုးရက အဆောက်အအုံကြီးတွေ ထပ်ပြီး ဆောက်လုပ်ခွင့်လည်း တားမြစ်ထားတာပါ။ ဒါကြောင့် မိုးသည်းထန်ပြီး မုန်တိုင်းတွေ များလေ့ရှိတဲ့ အခု မုတ်သုံရာသီတွင်း ဒုက္ခသည်တွေ အတွက် ဒီထက်ပိုပြီး ဘေးကင်းစေမယ့် အဆောက်အအုံတွေ အပါအဝင် အရေးပေါ် အကူအညီတွေ လိုအပ်နေတာလို့ AI အဖွဲ့ကြီးက ထောက်ပြထားတာပါ။ ဒီအရေးပေါ် အကူအညီတွေ အပြင် အမျိုးသမီးနဲ့ ကလေးက ၈၀ ရာခိုင်နှုန်း ရှိနေတဲ့ ဒုက္ခသည် စခန်းတွင်းမှာ အကာအကွယ်ပေးရေးလည်း အရေးတကြီးလိုအပ်တယ်လို့ AI အဖွဲ့ကြီးရဲ့ တောင်အာရှဆိုင်ရာ ဒုတိယ ညွှန်ကြားရေးမှူး Omar Waraich က ဗွီအိုအေကို ပြောပါတယ်။

“ ဘေးကင်းပြီး ခိုင်ခံ့တဲ့ အဆောက်အအုံတွေကတော့ တကယ်လိုအပ်နေတာပါ။ ဒုက္ခသည်တွေရဲ့ ၈၀ ရာခိုင်နှုန်းက အမျိုးသမီးတွေနဲ့ ကလေးတွေ ဖြစ်ပြီး အထူး အကာအကွယ်ပေးဖို့လိုအပ်နေသူတွေပါ။ သူတို့ကို အကာအကွယ်ပေးဖို့ လိုအပ်သလို သူတို့ရဲ့ လုံခြုံရေး အတွက်လည်း လိုအပ်ပါတယ်။ ရိုဟင်ဂျာတွေ အနေနဲ့ ဒုက္ခသည် စခန်းတွေမှာ ကြာရှည်ဦးမယ့် အခြေအနေ ရှိတာကြောင့် ကျောင်းတွေ လိုအပ်မှာ ဖြစ်သလို အလုပ် လုပ်ကိုင်ခွင့်ရဖို့လည်း လိုအပ်လာမှာ ဖြစ်ပါတယ်။ ”

မြန်မာနိုင်ငံတွင်းမှာ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို လက်မခံသလို နိုင်ငံတွင်း လွတ်လပ်စွာ သွားလာခွင့်လည်း မရှိတဲ့ ဒီလူတွေက ဘင်္ဂလားဒေရှ့်နိုင်ငံတွင်းမှာလည်း လွတ်လပ်စွာ သွားလာခွင့်မရှိပါဘူး။ ဘင်္ဂလားဒေရှ့်နိုင်ငံရဲ့ ပြင်းထန်တဲ့ မုတ်သုံရာသီ စခဲ့ပြီး သတင်း ၅ ပတ် အတွင်း ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေမှာ မြေပြိုမှု ၁၃၃ ကြိမ်အတွင်း တဲအိမ်ပေါင်း ၃ ထောင် ပျက်စီးခဲ့ရပြီး လူပေါင်း ၂ သောင်း ၈ ထောင် ထိခိုက်ခဲ့ရပြီး ဖြစ်ကြောင်း ကုလသမဂ္ဂက ပြောဆိုထားတာပါ။ ရိုဟင်ဂျာ ဒုက္ခသည်တွေ အတွက် ကုလသမဂ္ဂက ရန်ပုံငွေ ဒေါ်လာ သန်း ၉၀၀ ကျော် ပန်ကြားထားပေမယ်လို့လည်း ရိုဟင်ဂျာတွေနဲ့ သူတို့ကို လက်ခံထားတဲ့ ဘင်္ဂလားဒေရှ့် ဒေသခံ အသိုင်းအဝိုင်း အတွက် အကူအညီတွေက မလုံမလောက် ဖြစ်နေဆဲလို့လည်း AI အဖွဲ့ကြီးက ပြောဆိုပါတယ်။ AI အဖွဲ့ကြီးရဲ့ တောင်အာရှဆိုင်ရာ ဒုတိယ ညွှန်ကြားရေးမှူး Omar Waraich က ရိုဟင်ဂျာတွေ အတွက် ရေရှည်မှာပါ အကူအညီတွေ လိုအပ်နေတယ်လို့လည်း ထောက်ပြပါတယ်။

“ လွန်ခဲ့တဲ့ သတင်း ၂ ပတ်လောက်တုန်းက ကျနော် ဒုက္ခသည် စခန်းကို ရောက်ခဲ့ပါတယ်။ ဌာနေပြန်ချင်တဲ့ ရိုဟင်ဂျာတွေ အများကြီး ရှိပါတယ်။ အမြန်ဆုံး ရွာပြန်ပြီး ဘဝကို ပြန်စလိုနေကြပါတယ်။ ဒါပေမယ့်လည်း ဌာနေပြန်ဖို့ ပြင်ဆင်ဆောင်ရွက်တောတွေ မတွေ့ရသေးပါဘူး။ ကျနော်တို့ တွေ့ရတာကတော့ ကုလသမဂ္ဂက မြန်မာအစိုးရနဲ့ ဆွေးနွေးနေသလို မြန်မာနဲ့ ဘင်္ဂလားဒေရှ့် အစိုးရနဲ့လည်း ဆောင်ရွက်နေပါတယ်။ဒါပေမယ့်လည်း ချက်ချင်းလက်ငင်းကြီး ပြေလည်သွားမသွားနိုင်ပါဘူး။ ဒီဒုက္ခသည်တွေကို ရေရှည် ထောက်ပံ့ ကူညီဖို့ လိုအပ်နေဦးမှာပါ။”

ရိုဟင်ဂျာတွေ ဌာနေပြန်ရေး အတွက် ဘင်္ဂလားဒေရှ့်နဲ့ မြန်မာ အစိုးရတို့ သဘောတူထားသလို အခုနောက်ဆုံး ကုလသမဂ္ဂဘက်ကပါ ပါဝင်ဆောင်ရွက်ဖို့ သဘောတူထားတာပါ။ ဒါပေမယ့်လည်း ရိုဟင်ဂျာတွေ ဌာနေပြန်ရေးကတော့ အခုအချိန်ထိတော့ အလုပ်မဖြစ်သေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG