သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာဒုက္ခသည်များနေ့ ရိုဟင်ဂျာတွေဆန္ဒပြ


ဒီကနေ့ကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့မှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကလည်း အခြေခံ အခွင့်အရေးတွေ ရရှိရေး တောင်းဆိုဆန္ဒပြကြပါတယ်။

Cox's Bazar မြို့မှာရှိတဲ့ Kutupalong ဒုက္ခသည်စခန်းမှာ နိုင်ငံသား အခွင့်အရေး အပါအဝင် အခြေခံလူ့အခွင့်အရေးတွေ ရရှိဖို့ ဒုက္ခသည်တွေ တောင်းဆိုဆန္ဒပြခဲ့ကြတာပါ။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့နှစ်ထဲ ကြုံခဲ့ရတဲ့ ပဋိပက္ခတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားကြတဲ့သူ အများစုကိုတော့ မြန်မာအာဏာပိုင်တွေက နိုင်ငံသား စိစစ်ခံဖို့ သက်သေခံကဒ်ပြားတွေ ထုတ်ပေးနေပေမဲ့၊ အစီအစဉ်ဟာ လုံလောက်မှု မရှိဘူးဆိုပြီး ဒုက္ခသည်တွေက လက်မခံဘဲ ဆန့်ကျင်နေကြတာ ဖြစ်ပါတယ်။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အမည်ကို တရားဝင် အသိအမှတ်ပြု လက်ခံမထားသလို၊ မကြာသေးခင်တုန်းကလည်း မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတာ မရှိတဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်ကို ပြောဆိုခဲ့တာပါ။

ဒုက္ခသည်စခန်းတွင်းက ဆန္ဒပြသူတွေကတော့ ကုလသမဂ္ဂက ၇ သိန်းကျော်လောက် အထိ ရှိနေတယ်လို့ ခန့်မှန်းထားတဲ့ ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေအတွက် နိုင်ငံတကာက ကာကွယ်စောင့်ရှောက်မှုပေးဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။

ကမ္ဘာ့ဒုက္ခသည်များနေ့အဖြစ် ထုတ်ပြန်ခဲ့တဲ့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Filippo Grandi ရဲ့ ကြေညာချက်မှာတော့ ကမ္ဘာတဝန်းက ဒုက္ခသည်ပြဿနာကို နိုင်ငံတကာ အတိုင်းအတာနဲ့ ဝိုင်းဝန်းပူးပေါင်း ဖြေရှင်းကြဖို့ တိုက်တွန်းခဲ့တာပါ။ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) ရဲ့အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတဝန်းက ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးကြရတဲ့ ဒုက္ခသည် အရေအတွက်ဟာ စံချိန်ချိုးလောက်အောင် ဖြစ်ခဲ့ရကြောင်း ဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာတလွှား နေရပ်စွန့်ခွာ ထွက်ပြေးရသူပေါင်းဟာ ၆၈ သန်းခွဲအထိ ရှိခဲ့ပြီး၊ အများဆုံးဖြစ်ခဲ့တဲ့ ၅ နိုင်ငံအနက် မြန်မာနိုင်ငံလည်း တနိုင်ငံအဖြစ် ပါဝင်ကြောင်းလည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG