မြန်မာ့နိုင်ငံရေးအကျပ်အတည်းနဲ့ လက်ရှိတရုတ်သဘောထား

ပြီးခဲ့တဲ့ဇွန်လကုန်မှာပြီးဆုံးခဲ့တဲ့ စစ်ဗိုလ်ချုပ်နဲ့ သမ္မတအငြိမ်းစားဦးသိန်းစိန်ရဲ့ တရုတ်ပြည်ခရီးစဉ်။ (စစ်ကောင်စီသတင်းပြန်ကြားရေး)

ပြီးခဲ့တဲ့ဇွန်လကုန်မှာပြီးဆုံးခဲ့တဲ့ စစ်ဗိုလ်ချုပ်နဲ့ သမ္မတအငြိမ်းစားဦးသိန်းစိန်ရဲ့ တရုတ်ပြည်ခရီးစဉ်ဟာ လက်ရှိ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ တရုတ်အစိုးရကြားဆက်ဆံရေးကို ထင်ဟပ်နေတယ်လို့ သုံးသပ်မှုတွေ ရှိနေချိန်မှာပဲ မြန်မာပြည်မှာ “တရုတ် ဆန့်ကျင့်ရေး လှုံ့ဆော်နေတာဟာ စစ်တပ်ပဲဆိုတာကို တရုတ်နိုင်ငံက ကောင်းကောင်သိထားတယ်” လို့ ဝါရင့် တရုတ်-မြန်မာအရေးကျွမ်းကျင်သူ ဒေါက်တာ လှကျော်ဇောက ဗွီအိုအေကို ပြောပါတယ်။ လက်ရှိတကျော့ပြန် စစ်ရေးအရှိန်မြင့်တက်နေတာအပေါ်မှာလည်း တရုတ်က သဘောထားတမျိုးဖြစ်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုငြိမ်းချမ်းအေးက အပြည့်အစုံ ဆက်လက်တင်ပြပေးထားပါတယ်။

အများပြည်သူမြင်ကွင်းမှာတွေ့ရနည်းတဲ့ အရင်စစ်အစိုးရခေတ် ဝန်ကြီးချုပ်ဟောင်းလည်းဖြစ်၊ စစ်တပ်က ရေးဆွဲတဲ့ ဖွဲ့စည်းပုံနဲ့အတူဖြစ်လာတဲ့ ၂၀၁၀ ခုနှစ် အရပ်သားတပိုင်းအစိုးရခေတ်မှာ သမ္မတလုပ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ဟာ တရုတ်ခရီးစဉ်နဲ့အတူ ရုတ်တရက်ပြန်ပေါ်လာတာက ထူးခြားချက်ဆိုပြီး လေ့လာသူတွေကြား စောင့်ကြည့်သုံးသပ်နေကြတာပါ။ တရုတ်အစိုးရက တရားဝင် သဘောအားဖြင့်တော့ ‘’ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅)ရပ် ချမှတ်ခဲ့တဲ့ နှစ်(၇၀) ပြည့်အထိမ်းအမှတ်အခမ်းအနား” တက်ဖို့ ဆိုပြီး ဦးသိန်းစိန်ကို ဖိတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါက လက်ရှိ မြန်မာနိုင်ငံက အဓိက မြို့ကြီးတွေ စစ်ဒေသတိုင်းမြို့တော်တွေအထိ ခံစစ်ဖြစ်လာနေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့အခြေအနေနဲ့ တိုင်းပြည်ရဲ့ဆိုးရွားလာနေတဲ့ လူမှု၊ စီးပွား၊ နိုင်ငံရေးအခြေအနေကြောင့် “စစ်ခေါင်းဆောင် အပြောင်းအလဲ” လုပ်ဖို့ အင်အားကြီး အိမ်နီးချင်းတရုတ်က အချက်ပြနေသလား ဆိုပြီး တရုတ်-မြန်မာအရေး စောင့်ကြည့်လေ့လာသူတချို့ကလည်း ပြောနေကြတာပါ။

တရုတ်ဟာ မြန်မာ့မြေပြင်အခြေအနေမှာ ဖြစ်ပေါ်ပြောင်းလဲမှုတွေအပေါ်မူတည်ပြီး မူဝါဒပြောင်းလဲ ကစားတတ်တာ အမှန်ဖြစ်ပေမယ့် အခု ဦးသိန်းစိန်တက်ခဲ့တဲ့အခမ်းအနားကတော့ နိုင်ငံတကာက ခေါင်းဆောင်ဟောင်းတွေကိုပဲ ရွေးချယ်ဖိတ်ခဲ့တာဖြစ်တယ်လို့ တရုတ်ပြည်အခြေစိုက် ဝါရင့် တရုတ်-မြန်မာနဲ့ နိုင်ငံရေး စောင့်ကြည့်လေ့လာသူ ဒေါက်တာလှကျော်ဇောက ဗွီအိုအေကို ပြောပါတယ်။

“အဲဒီပွဲကိုဖိတ်တာက အဲဒီလို နိုင်ငံအကြီးအကဲဟောင်းတွေချည်းဖိတ်တာ များတယ်။ ပြီးတော့ သူတို့က နာမည်နဲ့တပ်ဖိတ်တာလို့ ကျမကြားတယ်။ ဦးသိန်းစိန်ကိုလည်း နာမည်နဲ့သွားတပ်ဖိတ်တာ။ ဦးသိန်းစိန်က (ဗိုလ်ချုပ်မှူးကြီး) မင်းအောင်လှိုင်ဆီမှာ ခွင့်တောင်းပြီးမှ လက်ခံတာလို့ ကြားတယ်။ စဖိတ်ကတည်းက (ဗိုလ်ချုပ်မှူးကြီး) မင်းအောင်လှိုင်ကိုမဖိတ်ဘဲ ဦးသိန်းစိန်ကို ဖိတ်တာတော့မဟုတ်ဘူး။ သူတို့ရဲ့စီမံကိန်းကိုက အကြီးအကဲဟောင်းတွေကိုဖိတ်ပြီးတော့ ရှီကျင့်ဖျင်က သူ့ရဲ့ သံခင်းတမန်ခင်းဆိုင်ရာ အတွေးအခေါ် သစ်တွေကို တင်ပြတာပေါ့ဗျာ။”

ဦးသိန်းစိန်ရဲ့ခရီးစဉ်ကို နေပြည်တော်လေဆိပ်မှာ အသွား-အပြန် လိုက်ပို့နှုတ်ဆက် ကြိုဆိုကြတာမှာလည်း စစ်ကောင်စီ အဖွဲ့ဝင်တွေ၊ ဝန်ကြီးနဲ့ ဒုဝန်ကြီး အဆင့် တာဝန်ယူထားတဲ့ အဆင့်မြင့်အရာရှိကြီးတွေ ပါဝင်နေလို့ ဓာတ်ပုံနိုင်ငံရေးအရတော့ စစ်ကောင်စီဘက်က ဒီခရီးစဉ်ကို လိုလားကြောင်း ပြသလိုတယ်လို့ လေ့လာသူတွေက ထောက်ပြကြပါတယ်။

တရုတ်ဘက်က သဘောထားကိုကြည့်ရင်တော့ ဒီအခမ်းအနားမှာ ရှီကျင့်ဖျင့်က ဦးသိန်းစိန်ကို သူ့ထိုင်ခုံ ဘေးမှာ နေရာပေးထားသလို ခရီးစဉ်အတွင်းမှာ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကလည်း သီးသန့် တွေ့ဆုံခဲ့ပါတယ်။ ဒါဟာ စစ်အေးခေတ် ၁၉၆၀ ခုနှစ်များမှာ ကမ္ဘာ့နိုင်ငံရေးမှာ ဘက်မလိုက်လှုပ်ရှားမှုဆိုပြီး ဖြစ်လာမယ့် နိုင်ငံတကာမူဝါဒ တရပ် အခြေတည်ရာ ဘန်ဒေါင်းမူ (၅) ရပ်လို့ လူသိများတဲ့ ငြိမ်းချမ်းရေးစွာ အတူ ယှဉ်တွဲနေထိုင်ရေးမူတွေမှာ ဝန်ကြီးချုပ်ဦးနုခေတ် မြန်မာနိုင်ငံက အဓိကထောက်ခံပါဝင်ခဲ့တဲ့ သမိုင်းကြောင်းအရ မြန်မာကို ဒီအခမ်းအနားမှာ ရှေ့တန်းတင် ဂုဏ်ပြုတာလို့ ယူဆနိုင်ပေမယ့် တဘက်မှာလည်း မြန်မာ့အရေးကို တရုတ်က ဦးစားပေးဖြေရှင်းလိုနေတာကို ပြသရာရောက်တယ်လို့လည်း ယူဆစရာ ရှိပြန်ပါတယ်။ ဒေါက်တာ လှကျော်ဇောကတော ရှီကျင့်ဖျင်ရဲ့အခမ်းအနားမိန့်ခွန်းထဲမှာလည်း မြန်မာ့အပူမီးကို တည့်သွင်းပြောခဲ့တာကို ထောက်ပြပါတယ်။

“ဟိုင်ဂင် အပစ်အခတ်ရပ်စဲရေးလုပ်ပြီးကတည်းက သူတို့ပြောတဲ့အထဲမှာ ဒီလိုပါတယ်။ အပစ်အခတ်ရပ်စဲရုံနဲ့တော့ မပြီးဘူးတဲ့၊ အားလုံးက နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းမှ ပြီးမယ်တဲ့။ ဒါကြောင့်မလို့ ဗမာ့ပြည် နိုင်ငံရေးမှာ အရေးပါအရာရောက်တဲ့သူတွေ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲကြီးဖြစ်အောင် လုပ်ဖို့လိုတယ်ဆိုပြီးတော့ ဟိုင်ဂင်ဆွေးနွေးပွဲအပြီးမှာ သူတို့ခေါ်ခေါ်ပြီး ဆွေးနွေးပွဲတွေလုပ်တယ်၊ တဖွဲ့ချင်းလည်း လုပ်တယ်။ ဟိုနေ့က ရှီကျင့်ဖျင် မိန့်ခွန်းထဲမှာလည်းပါတယ်။ ကမ္ဘာ့ Hot Spots တွေဆိုပြီး ဥပမာပေးတဲ့ အထဲမှာ အာဖဂန်နစ္စတန်တို့ ဘာတို့နဲ့အတူ ဗမာပြည်ပါ ပါသွားတယ်နော်၊ လစ်ဗျားတို့၊ ဆီးရီးယားတို့နဲ့အတူ။ အဲ့တော့ အဲဒါတွေအားလုံးကို သူတို့က ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်အောင် ကြိုးစားနေပါတယ်လို့ ပြောတယ်။”

ဦးသိန်းစိန်ရဲ့ခရီးစဉ်ဟာ အဲဒီလုပ်ငန်းစဉ်ရဲ့အဆက် ဖြစ်နိုင်တယ်လို့ ဒေါက်တာလှကျော်ဇောက သုံးသပ်ပါတယ်။ [ဝမ်ယိရဲ့သတင်းစာရှင်းလင်းပွဲမှာလည်း ရှေ့နှစ်အတွက် တရုတ်ရဲ့ နိုင်ငံတကာရေးရာမူဝါဒတွေမှာလည်း ဗီတိုအာဏာရှိတဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံကြီးအနေနဲ့ ကမ္ဘာ့ပြဿနာတွေကို ဖြေရှင်းသွားမယ်လို့ ပြောသွားပါတယ်။ ကမ္ဘာနဲ့ချီလုပ်ကိုင်နေတဲ့ တရုတ်ရဲ့ခါးပတ်လမ်းစီမံကိန်းတွေဟာ မြန်မာပြည်မှာတော့ စစ်ပွဲနဲ့ပဋိပက္ခကြားမှာ ရှေ့မတိုးနိုင်ဖြစ်နေတာကြောင့် တရုတ်ဘက်က မြန်မာပြည်က စစ်တပ်အပါအဝင် အစုအဖွဲ့တွေ၊ ခေါင်းဆောင်တွေနဲ့တွေ့တိုင်း မြန်မာ့နိုင်ငံရေးအကြောင်းပြောဆိုပြီး ဖြေရှင်းဖို့ တိုက်တွန်းနေတဲ့သတင်းတွေကလည်း အာဏာသိမ်း ၃ နှစ် ကျော်အတွင်းမှာ ဆက်တိုက် တွေ့မြင်ခဲ့ရပါတယ်။]

တရုတ်ရဲ့ ဦးသိန်းစိန်နဲ့ ဝမ်ယိတွေ့ဆုံမှုထုတ်ပြန်ချက်ကိုကြည့်ရင်တော့ အခမ်းအနားနဲ့ ဆက်စပ်တဲ့ အကြောင်းတွေကိုပဲ ဝေဝေဆာဆာဖော်ပြထားပြီး လက်ရှိ မြန်မာ့ မျက်မှောက်အခြေအနေကို ထည့်သွင်းမထားပါဘူး။ ဒါပေမယ့် ခရီးစဉ်မတိုင်မီထုတ်ပြန်ချက်ထဲမှာတော့ ဇွန်လ ၂၆ ရက်က ဦးသိန်းစိန်နဲ့ တရုတ်သံအမတ် နေပြည်တော်မှာတွေ့ဆုံခဲ့ပြီး “မြန်မာနိုင်ငံအခြေအနေ၊ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်တွေကို အမြင်ချင်းဖလှယ်ခဲ့ကြတယ်” ဆိုပြီး “နိုင်ငံရေး” ကိစ္စဆွေးနွေးခဲ့ကြောင်း တရုတ်သံရုံးက ဇွန်လ ၂၇ ရက်နေ့မှာ တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။ စစ်ကောင်စီရဲ့ခရီးစဉ်အပြီး ထုတ်ပြန်ချက်ထဲမှာလည်း “မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေ” အမြင်ချင်း ဖလှယ်ခဲ့တယ်လို့ ဆိုထားပါတယ်။

ဒီလို တရားဝင်ထုတ်ပြန်ချက်တွေ တွေ့ရပြီး ဦးသိန်းစိန်ရဲ့တရုတ်ခရီးစဉ်ကိုခွင့်ပြုပေးခဲ့ပေမယ့် အာဏာသိမ်း စစ်ခေါင်းဆောင်ဟာ တရုတ်ရဲ့မြန်မာ့အရေးပါဝင်ပတ်သက်မှုတွေကိုတုံ့ပြန်ပုံက “ဟန်မပျက်” ဆိုတဲ့ အနေအထားပဲ ရှိပြီး သိပ်ပြီး လိုလားပုံမရဘူးလို့ ဒေါက်တာလှကျော်ဇောက သုံးသပ်ပါတယ်။

“စစ်တပ်နဲ့ပတ်သက်လို့ကတော့ တရုတ်ကလည်း ပြောတော့ ပြောတယ် ထင်တယ်။ ဒီတခေါက် (တရုတ် အထူးကိုယ်စားလှယ်) တိန့်ရွှီကျွင်း (Deng Xijun) သွားတာ ခါတိုင်းဆိုလို့ရှိရင် (ဗိုလ်ချုပ်မှူးကြီး) မင်းအောင်လှိုင်နဲ့တွေ့တယ်။ ဒီတခါ မတွေ့ဘူး။ အဲ့တော့ ဒါ စစ်တပ်ကလည်း တရုတ်ကို သတင်းစကားပေးတာ ဖြစ်ချင် ဖြစ်မယ်။ သူ မကျေနပ်ဘူးပေါ့ဗျာ။ တရုတ်ပြောတာတွေကို။”

တရုတ်ဘက်ကလည်း မြန်မာစစ်တပ် အပေါ် သဘောထားက အခုမှ ပြောင်းလဲတာ မဟုတ်ဘဲ ၂၀၁၁ ခုနှစ် ဦးသိန်းစိန် သမ္မတ လက်ထက် မြစ်ဆုံ စီမံကိန်း ရပ်တန့်လိုက်ရကတည်းကလို့ ဒေါက်တာ လှကျော်ဇောက ရှုမြင်ပါတယ်။

“တရုတ်အပေါ်မှာ မြန်မာပြည်သူတွေရဲ့ ခံစားမှုမကောင်းတာလည်း သူတို့သိတယ်။ ဗိုလ်ချုပ်မင်းအောင်လှိုင်နဲ့ ပတ်သက်လို့ အစောကြီးကတည်းက သူတို့ သိတယ်။ ဗိုလ်ချုပ်မင်းအောင်လှိုင်ကို ပြည်သူလူထုက အာဏာသိမ်းတာအတွက် တော်တော် စိတ်ဆိုးတယ်ဆိုတာ သူတို့ သိတယ်။ အစောပိုင်းက လှိုင်သာယာမှာ စက်ရုံတွေကို မီးရှို့တဲ့အခါမှာ တရုတ်တွေကို မုန်းလို့ ရှို့တာလို့ သူတို့တင်ပေမယ့် အဲဒီကတည်းက တရုတ်က ပညာရှင်တွေက ပြောနေတယ်။ တရုတ်ဆန့်ကျင်ရေး ဗမာပြည်မှာ လှုံ့ဆော်နေတာဟာ စစ်တပ်ပဲ ဖြစ်တယ်တဲ့၊ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူလူထုက သူတို့အပေါ်မှာ ဖြစ်လာတဲ့ မုန်းတီးမှုကို လှည့်ပေးလိုက်တာပေါ့၊ တရုတ်ဘက်ကို၊ ဒါကြောင့်လည်း တရုတ်ကလည်း တော်တော် သတိထားတယ်။”

ဟောင်ကောင်အခြေစိုက် တရုတ် နိုင်ငံခြားရေးရာ မူဝါဒ လေ့လာရေးအဖွဲ့တခုဖြစ်တဲ့ China US Focus မှာ ပါမောက္ခတဦးရဲ့ မြန်မာနဲ့ပတ်သက်လို့ ဇွန်လဆန်းက သုံးသပ်ချက်တခုထဲမှာလည်း အာဏာသိမ်း စစ်ခေါင်းဆောင်မှာ နောင် ဆက်ခံမယ့်သူ ရှင်းရှင်းလင်းလင်း သတ်မှတ်မထားတာကို ထောက်ပြထားပြီး တရုတ်အစိုးရအနေနဲ့ ဘက်ပေါင်းစုံနဲ့ ပိုထိတွေ့ဆက်ဆံဖို့၊ စစ်တပ်ခေါင်းဆောင်ပိုင်းကို လက်ရှိအခြေအနေက အိန္ဒိယသမုဒ္ဒရာနဲ့ အရှေ့တောင်အာရှဒေသနှစ်ခုလုံးရဲ့ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်နေတာကို ပြတ်ပြတ်သားသား သတင်းစကားပေးဖို့နဲ့ စစ်တပ်အတွင်း ဝေဖန်ပိုင်းခြားမှု၊ တွက်ချက်မှုတွေ အားကောင်းလာစေပြီး လက်နက်ကိုင် အတိုက်အခံတွေနဲ့ပတ်သက်တဲ့ နည်းဗျူဟာတွေကို ပြန်လည် သုံးသပ်ကာ ထွက်ပေါက်ရှာဖို့ တရုတ် အစိုးရအနေနဲ့ ပို ဖိအားပေးဖို့ လိုနေတယ်လို့ တိုက်တွန်းထားပါတယ်။

အခု တရုတ်ကို ခေါ်တွေ့ခဲ့တဲ့ ဦးသိန်းစိန်နဲ့ အာဏာသိမ်းပြီးကတည်းက တရုတ်က လုံးဝ ဖိတ်ကြားတာ မရှိသေးတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ရဲ့ ဆက်ဆံရေးကိုကြည့်ရင်တော့ ဦးသိန်းစိန်နဲ့ အပြိုင်ဖြစ်ခဲ့တဲ့ သူရဦးရွှေမန်းနဲ့ စစ်ခေါင်းဆောင်နဲ့ ဆက်ဆံရေးနဲ့ ယှဉ်ရင်ကောင်းမွန်တယ်လို့ လေ့လာသူတွေက ယူဆကြပါတယ်။ ဒါကြောင့် တရုတ်ဟာ ဦးသိန်းစိန်ရဲ့ ခရီးစဉ်ကတဆင့် စစ်ခေါင်းဆောင်ကို သတင်းစကားတွေ ပေးပို့လိုတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ကြတာတွေလည်း ရှိပါတယ်။ ဒေါက်တာလှကျော်ဇောကတော့ စစ်ခေါင်းဆောင်ဟာ သူ့အပေါ် လူထုနဲ့ တရုတ် အပါအဝင် နိုင်ငံတကာက ဘယ်လိုပဲ ရှုမြင်နေပေမယ့် အခုအချိန်အထိ သဘောထားတင်းမာနေဆဲပဲလို့ သုံးသပ်ပါတယ်။

“စစ်တပ်ဘက်က ကျမကြည့်နေတာ အခုအထိ သူတို့ လျှော့မယ့်ပုံမပေါ်ဘူး။ သူတို့ စိတ်ထဲမှာ ဒီလိုပဲ ခါတိုင်းလိုပဲ ဆက်ပြီးတော့ ဖိပြီးတော့ လုပ်သွားလို့ရှိရင် နိုင်လိမ့်မယ်လို့ တွက်နေတုန်းပဲဗျ။ ငြိမ်းချမ်းရေး စားပွဲကို ခေါ်တာသာခေါ်တာ ငြိမ်းချမ်းရေးစားပွဲမှာ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့အင်တာဗျူးမှာ ပြောသွားတာပဲ။ ဟိုက်ဂင် အစည်းအဝေးကြီးမှာတောင်မှ သူတို့က တကယ့်ကို မာနထောင်ထောင်လွှားလွှားနဲ့ ပြောတဲ့ပုံမျိုး။ သူတို့ဘက်က တရုတ်က ခေါ်လို့သာလာတာဖြစ်မယ်။ အခုလည်း တရုတ်ကို မျက်နှာအပျက်မခံချင်လို့သာ ဟန်မပျက်ကလေး လုပ်နေတာ။ သူတို့ဘက်က လျှော့မယ့်ပုံ မရှိဘူး။”

ဒါပေမယ့် တရုတ်ဘက်ကတော့ နိုင်ငံတကာအရေးမှာ အီရန်-ဆော်ဒီအာရေဗျ ညှိနှိုင်းပေးသလို၊ ဆူဒန် ဒါဖော အရေးကိစ္စလို အဖွဲ့ပေါင်းစုံနဲ့ ထိတွေ့ပြီး ဆက်လက် ညှိနှိုင်းဖို့ ကြိုးစားသွားမယ့် သဘောရှိတယ်လို့ ဒေါက်တာ လှကျော်ဇောက ယူဆထားပါတယ်။ ဒါကြောင့် တရုတ်ဘက်က စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံတိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် အကြောင်းကို ပြောဆိုတာတွေ ရှိတယ်လို့ သူက ထောက်ပြပါတယ်။

“တရုတ်ကသွားတဲ့ ခေါင်းဆောင်တိုင်းဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့ ပြောနေတာ။ အဲ့ဒါ အလကား မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးတို့ဘာတို့ စိတ်ပူလို့ ပြောနေတာ။ ဒါကြောင့်မလိုလည်း NUG က ထုတ်တာတောင်မှ တရုတ်ပြည်ကို ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားတလုံးပါတယ်။ ဒီကိစ္စမှာ။ ဟုတ်တယ်၊ တရုတ်က တွေ့ပါရစေလို့ပြောလည်း ပေးမတွေ့ဘူး၊ ဒါပေမယ့် တရုတ်ကသိတယ်၊ ပေးမတွေ့လည်း သူတို့ ဒေါ်အောင်ဆန်းစုကြည်ကို အလေးထားပါတယ်ဆိုတဲ့ သဘောပြောနေတာ၊ အဓိက ဗမာပြည်သူတွေရဲ့ အသည်းနှလုံး ဘယ်မှာရှိတယ်ဆိုတာ တရုတ်ကလည်း သိတယ်။”

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့NLD ပါတီနဲ့ လည်း ဆက်ဆံရေး ဆက်ထားရှိသလို ကြားကာလ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နဲ့လည်း ဆက်သွယ်ရေး လမ်းကြောင်းတွေ တရုတ်က ဖွင့်ထားတာကို ဒေါက်တာလှကျော်ဇောက ဥပမာ ပေးပါတယ်။

တပြိုင်တည်းမှာပဲ လက်ရှိ ဖြစ်ပေါ်နေတဲ့ လားရှိုး၊ မေမြို့နဲ့ မန္တလေး အထိ ရောက်လာပြီး နေပြည်တော်နဲ့ ပိုနီးစပ်လာတဲ့ လက်ရှိ တကျော့ပြန် စစ်ဆင်ရေးတွေ အရှိန်မြင့်တက်နေတာ အပေါ်မှာလည်း တရုတ်ရဲ့ သဘောထားက အခု တကြိမ် ပြောင်းလဲဖွယ် ရှိတယ်လို့ သုံးသပ်ပါတယ်။

“တရုတ်က ကျမသိထားတာပေါ့နော်။ သူတို့ နယ်စပ်တလျှောက်က သူတို့နိုင်ငံနဲ့ ကပ်နေတဲ့ဘက်မှာ သေနတ်သံမထွက်ရေးပဲ။ ကျမတို့ပြည်တွင်းမှာဖြစ်နေတဲ့ကိစ္စကိုတော့ သူက ပြောစရာရှိရင် နည်းနည်းပါးပါး သွယ်ဝိုက်စွာပဲ ပြောမယ်ထင်တယ်။ မြောက်ပိုင်းအဖွဲ့ကိုခေါ်ယူပြီးတော့ အပစ်အခတ်ရပ်စဲရေးအထိ ဖိအားပေးတာတို့ ဘာတို့တော့ လုပ်လိမ့်မယ်မထင်ဘူး။ အခုက ကိုယ့်တိုင်းပြည်အတွင်းမှာ ဖြစ်တဲ့ကိစ္စပဲ၊ သူက အလွန်ဆုံးပြောရင် ငြိမ်းချမ်းကြဖို့လောက် ပြောရင်ပြောမယ်၊ ဟို မြောက်ပိုင်းအဖွဲ့လောက်တော့ ထဲထဲဝင်ဝင် ပါလာနိုင်မယ်လို့ မထင်ဘူးပေါ့ဗျာ။ အခုလိုပဲ သံခင်းတမန်ခင်းအရ ဦးသိန်းစိန်ကိုဖိတ်တာမျိုး၊ နောက် သူတို့မှာ အမြဲတမ်း Seminar (ဆွေးနွေးပွဲ) တွေက အများကြီးရှိတာကိုးနော်၊ ရှေ့လျှောက် ဟိုလူ့ခေါ်၊ ဒီလူ့ခေါ် ဖိတ်ပြီး နားချတာ ပြောတာလောက်ပဲ ဖြစ်မယ် ထင်တယ်။”

တဘက်မှာလည်း မြန်မာ့အရေးကို တိုက်ရိုက်ကိုင်တွယ်ဖြေရှင်းဖို့ နိုင်ငံတကာက တာဝန်ပေးထားတဲ့ အာဆီယံအဖွဲ့ရဲ့ဥက္ကဋ္ဌဖြစ်လာမယ့် မလေးရှားက မြန်မာ့အကျပ်အတည်းကို တရုတ်နိုင်ငံနဲ့ပေါင်းပြီး အကောင်ဆုံးဖြေရှင်းနိုင်အောင် ကြိုးစားမယ်လို့ပြောထားတာကြောင့် တရုတ်ဟာ မြန်မာပြည်ငြိမ်းချမ်းရေး အတွက် ဆက်လက် ပါဝင်နေဦးမယ်လို့ ဒေါက်တာလှကျော်ဇောက သုံးသပ်ပါတယ်။

နိုင်ငံတကာက ပဋိပက္ခတွေကို သုတေသနပြုနေတဲ့ International Crisis Group (ICG) ရဲ့ ပြီးခဲ့တဲ့ မတ်လကထုတ်ပြန်ခဲ့တဲ့ တရုတ်-မြန်မာ ဆက်ဆံရေး စာတမ်းထဲမှာတော့ တရုတ်ဟာ စစ်ကောင်စီအပေါ် ကျေနပ်မှုမရှိတာကို ဆက်လက် ပြသမှာဖြစ်ပေမယ့် လုံးဝ ကျောခိုင်းသွားမှာမဟုတ်ဘူးလို့ သုံးသပ်ထားပါတယ်။ တရုတ်ဟာ ကျယ်ပြန့်တဲ့နိုင်ငံတကာမူဝါဒ ချဉ်းကပ်မှုအရ ဘက်ပေါင်းစုံနဲ့ထိတွေ့သွားမှာဖြစ်ပြီး မြန်မာပြည်မှာ ပထဝီနိုင်ငံရေးအရ ကမ္ဘာ့ပြိုင်ဘက်နိုင်ငံတွေ လွှမ်းမိုးလာမှာကို ဆက်ပြီး တားဆီးနေမှာ ဖြစ်ပြီး တရုတ်ဆန့်ကျင့်ရေးအင်အားစုလို့ ရှုမြင်ခံရတဲ့ တော်လှန်ရေးအင်အားစုတချို့ အာဏာရမှာကို မလိုလားသလို အနောက်နိုင်ငံတွေဘက်ယိမ်းတယ်လို့ တရုတ်ကမြင်ထားတဲ့ NUG နဲ့အစားထိုးဖို့နဲ့ စစ်ကောင်စီ လုံးလုံး ပြိုလဲမှာကိုမလိုလားဘူးလို့ ICG က ဆန်းစစ် သုံးသပ်ထားပါတယ်။

Your browser doesn’t support HTML5

မြန်မာ့နိုင်ငံရေးအကျပ်အတည်းနဲ့ လက်ရှိတရုတ်သဘောထား