တရုတ်နယ်စပ် ဖြတ်ကျော်ခွင့်စာအုပ်ရဖို့ ကုန်ကျစရိတ်တွေတိုး

တရုတ်ပြည်ယူနန်ပြည်နယ်အနောက်ပိုင်း ရွှေလီမြို့က တရုတ်-မြန်မာ နယ်စပ်စစ်ဆေးရေးဂိတ် (ဇန်နဝါရီ ၁၄၊ ၂၀၂၃)

မြန်မာနိုင်ငံသားတွေကို ခေါ်ယူနေပေမဲ့ မြန်မာဘက်ကတော့ နယ်စပ်ဖြတ်ကျော်ခွင့်ကို ကန့်သတ်ချက်တွေနဲ့ ထုတ်ပေးနေတာကြောင့် မူဆယ်မြို့ပေါ်မှာ ထောင်နဲ့ချီတဲ့လူတွေ လနဲ့ချီပြီး စောင့်ဆိုင်းနေရပါတယ်။ နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်အနီကိုရဖို့ မြန်မာငွေ သိန်း ၄၀လောက်အထိ မြန်မာတာဝန်ရှိသူတွေက အဆင့်ဆင့် တောင်းခံနေတာပါ။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့ သတင်းကို အခြေခံပြီး မဆုမွန် ပြောပြမှာပါ။

အခု ၂၀၂၃ နှစ်ဆန်းပိုင်းကစပြီး တရုတ်က မူဆယ်နယ်စပ်ဂိတ်တွေကို ပြန်ဖွင့်ပေးလိုက်ပေမဲ့ မြန်မာ လူဝင်မှုကြီးကြပ်ရေး ဌာနကတော့ နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်ကို ရှမ်းပြည်နယ် မှတ်ပုံတင် ၁၃/နဲ့၊ မူဆယ်သန်းခေါင်စာရင်း ကိုင်ဆောင်ထားသူတွေကိုပဲ ဦးစားပေး ထုတ်ပေးနေတာပါ။ ဒါကြောင့် မူဆယ်မှာ နေထိုင်ကြောင်း သန်းခေါင်စာရင်း ပြောင်းရွှေ့တာတွေ၊ ထောက်ခံစာတွေလုပ်ဖို့ လူတယောက်ကို မြန်မာငွေ သိန်း ၄၀လောက်အထိ ပေးနေရပါတယ်။ တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်အနီကိုရဖို့ မူဆယ်မြို့ပေါ်မှာ စောင့်ဆိုင်းနေသူက ထောင်နဲ့ချီရှိလာကြောင်း ရွှေလီမြို့က အလုပ်အကိုင်ရှာဖွေရေး လုပ်ငန်းရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။

"တရုတ်ပြည်ဘက်မှာ လုပ်ငန်းက အရမ်းလိုအပ်နေတယ်ဗျ၊ တရုတ်လောပန်းတွေ တော်တော်များများကလည်း တအားကို အလုပ်တွေ ခေါ်နေတာပေါ့နော်။ အဓိကပြဿနာက မြန်မာပြည်ကနေ ဝင်လို့မရတာ တော်တော်ဖြစ်နေတာ။ (မူဆယ်) တည်းခိုခန်းတွေမှာ လူတွေတော်တော်များများ ရောက်နေတယ်။ တအားကြီးကို ပြည့်ကျပ်နေတာပေါ့။ ရန်ကုန်တို့၊ မြစ်ကြီးနား တခြားမျဉ်းစောင်းတွေ ၁၄/ တွေဆို မူဆယ် အိမ်ထောင်စုဇယားဝင်ပြီး အပြီးအစီး လုပ်ပြီးတော့မှ အထဲဝင်ရတာဖြစ်တဲ့ အတွက်ကြောင့်မို့ ပိုက်ဆံတွေ အဲဒီလောက်ပေးရတာ။"

သင်္ကြန်မတိုင်ခင်က မူဆယ်အိမ်ထောင်စုဇယား ပြနိုင်တဲ့သူတိုင်း နယ်စပ်ဖြတ်ကျော်ခွင့် ရနိုင်ပေမဲ့ အခုနောက်ပိုင်းမှာ ရပ်ကွက်၊ ကျေးရွာထောက်ခံချက်၊ ပိုင်ဆိုင်မှု အထောက်အထားတွေကိုပါ ပေးနေရတာပါ။ ဒါကြောင့် အနယ်နယ်အရပ်ရပ်က လာတဲ့သူတွေ အများအပြား သောင်တင်နေတာလို့ မူဆယ် နယ်စပ်ကုန်သွယ်ရေးက တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။

"ကျနော်တို့တောင်မှ၊ ဌာနဆိုင်ရာနဲ့ လက်ပွန်းတတီး နေရသူတောင်မှ ကျနော်တို့ တရုတ်ပြည်ထဲဝင်ဖို့ကို စာအုပ်လုပ်လို့မရဘူး ဖြစ်နေတယ်။ စာအုပ်တအုပ်ကို ၂၅(သိန်း)၊ ၃၀လောက်အထိ ဖြစ်သွားတယ်။ စျေးနှုန်းတွေက အဲလိုတွေတောင်းတယ်။ ကျန်တဲ့ ပြည်နယ်နဲ့တိုင်းက သူတွေလည်း အကုန် ဒုက္ခရောက်ကုန်တာ။ မူဆယ်တမြို့လုံးရဲ့ အတိုင်းအတာမှာ ထောင်ဂဏန်းရှိတယ်။ တချို့ဆို အိမ်အငှားတွေ အားချင်းလိုက်ရှာတယ်၊ မရတဲ့သူတွေက မရကြ၊ အိမ်ငှားစျေးတွေက ခါတိုင်း ၆သောင်းလောက် ရှိတဲ့ဟာ အခု ၈သောင်းလောက် ဖြစ်သွားတယ်။"

အခုနောက်ပိုင်းမှာ တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်တအုပ်ရဖို့ အဆင့်ဆင့်ပေးရတဲ့ငွေက သိန်း ၄၀လောက် ဖြစ်နေပြီလို့ မူဆယ် ဒေသခံတဦးက ပြောပါတယ်။

တရုတ်နယ်စပ်က ဖုန်းအားသွင်းကြိုးနဲ့ အပိုပစ္စည်း၊ အထည်ချုပ်၊ စားသောက်ကုန် စတဲ့ စက်ရုံတွေမှာလုပ်တဲ့ မြန်မာ အလုပ်သမားတွေက တလကို တရုတ်ယွမ်ငွေ ၁,၅၀၀ ကနေ ၂,၀၀၀ အထိ ရကြပါတယ်။ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ နေ့စားလုပ်တဲ့ သူတွေကတော့ တရက်ကို ယွမ် ၁၀၀ ကနေ ၃၀၀ အထိ ရပါတယ်။ တရုတ်ငွေ တယွမ်ကို မြန်မာကျပ်ငွေက ၃၀၀ ဝန်းကျင်ဖြစ်ပါတယ်။ ပြည်တွင်းမှာ အလုပ်အကိုင်တွေ ရှားပါလာတဲ့အတွက် တရုတ်နိုင်ငံအပါအဝင် အိမ်နီးချင်း ထိုင်းနိုင်ငံကို နယ်စပ်ကနေ ထွက်ခွာနေတဲ့ မြန်မာနိုင်ငံသားတွေဟာ တနေ့တခြား များပြားလာနေတာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

တရုတ်နယ်စပ် ဖြတ်ကျော်ခွင့်စာအုပ်ရဖို့ ကုန်ကျစရိတ်တွေတိုး