မြန်မာနဲ့ ထိစပ်နေတဲ့ နယ်စပ်ဂိတ်တွေမှာ ကုန်ကားနဲ့ လူဝင်ထွက်ခွင့်ကို တရုတ်ယူနန်ဘက်က တဆင့်ချင်း ဖြေလျှော့လာသလို ထိုင်းကလည်း အလားတူဖြေလျှော့တာတွေ လုပ်လာပါတယ်။ မြန်မာဖက်ကတော့ အရင်လို လူအများအပြား ကူးသန်းသွားလာလို့ မရသေးဘဲ၊ ဒေသခံမှတ်ပုံတင်ကိုင်ဆောင်သူတွေကိုပဲ ဖြတ်သန်းသွားလာခွင့်ပြုပါသေးတယ်။ ဒီအကြောင်း ရန်ကုန်သတင်းပေးပို့တာကို ဦးတင်မောင်သန်းက တင်ပြပေးပါမယ်။
ကချင်ပြည်နယ်က လွယ်ဂျယ် နယ်စပ်ဂိတ်ကနေ မြန်မာနိုင်ငံသားတွေကို ဒီနေ့ ဖေဖော်ဝါရီ ၂၀ရက်ကစပြီး ဝင်ထွက်ခွင့်ပေးသွားမယ်လို့ ယူနန်ပြည်နယ် လုံချွမ်းမြို့ နိုင်ငံခြားရေးရာဌာနက ကြေညာထားပါတယ်။
ဒါပေမဲ့ မြန်မာဘက်ကတော့ မူဆယ်နယ်စပ်ဂိတ်လိုပဲ ဦးစားပေး အစီစဉ်အတိုင်းပဲ စေလွှတ်ဖို့ရှိနေတာပါ။ ဆိုလိုတာကတော့ ဒေသခံမှတ်ပုံတင်ကိုင်ဆောင်သူတွေကိုပဲ နယ်စပ်ဖြတ်သန်းသွားလာခွင့်ပြုပါတယ်။ မူဆယ်ဂိတ်ဆိုရင် ရှမ်းမြောက်မှတ်ပုံတင်ကိုင်ဆောင်သူတွေကိုပဲ ခွင့်ပြုသလို၊ အခု ကချင်လွယ်ဂျယ်ဂိတ်ဆိုရင်လည်း ကချင်ဒေသခံတွေကိုပဲ မြန်မာဖက်က ဖြတ်သန်းခွင့်ပေးပါတယ်။
မူဆယ် ၁၀၅မိုင် ကုန်သွယ်ရေးဇုန်မှာ တရုတ်ပြည်ထဲကိုဝင်မဲ့ ကုန်ကားတွေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက ဒေသခံတွေကိုပဲ မြန်မာဘက်က နိုင်ငံကူးလက်မှတ်တွေကို ကနဦး ထုတ်ပေးနေတာပါ။မူဆယ်နယ်စပ်ဂိတ်ဖွင့်တာ တလနီးပါးကြာလာတဲ့အထိ မြန်မာဘက်က အပြောင်းအလဲ မလုပ်သေးကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း ကုန်သည်များအသင်းက ကုန်သည်တဦးကပြောပါတယ်။
" စာအုပ်ကလည်း လုပ်မပေးသေးဘူးပဲ၊ ကျနော်တို့ ၁၃/ ရှမ်းမြောက်တွေပဲ လုပ်ပေးသေးတာတော့ ကျနော်တို့ သိထားတယ်ဗျ။ ကျန်တဲ့ဒေသတွေ လုပ်မပေးသေးဘူး။ လုပ်မပေးသေးတဲ့အတွက် အဝင်အထွက် မရသေးဘူးလို့ပဲ သိထားပါတယ်ဗျ။ ဘာမှအပြောင်းအလဲ မရှိသေးဘူးဗျ။"
တရုတ်ဖက်က တခြား နယ်စပ်ဂိတ်တွေမှာ မြန်မာနိုင်ငံသားတွေကို ဝင်ထွက်ခွင့်ပြုပြီလို့ ကြေညာထားပေမဲ့၊ မြန်မာဘက်က ထူးထူးခြားခြား ဘာမှမတုံ့ပြန်သေးပါဘူး။
အလားတူ ထိုင်းနိုင်ငံကလည်း ကိုဗစ်ကြောင့် ၂၀၁၉ ကတည်းက ပိတ်ထားတဲ့ မြန်မာနဲ့နယ်စပ်က တာချီလိတ်- မယ်ဆိုင် ချစ်ကြည်ရေးတံတား အမှတ်(၁)ကို ဒီနေ့တနင်္လာနေ့မှာ ဖွင့်ပေးလိုက်ပါတယ်။
တာချီလိတ်နယ်စပ်ဂိတ်မှာလည်း လူအဝင်အထွက်ကို ဒေသခံတွေကိုပဲ မြန်မာဘက်က ဦးစားပေးစေလွှတ်ဖွယ် ရှိနေတာပါ။ ထိုင်းကတော့ ကိုဗစ်ကာကွယ်ဆေး ထိုးပြီးကြောင်း အထောက်အထားကလွဲလို့ တခြားကန့်သတ်ချက်တွေ မရှိကြောင်း တာချီလိတ်ကုန်သည်အသင်းက တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။
" ၂၀၁၉ ကတည်းက ပိတ်တာဆိုတော့ သုံးနှစ်လောက်ရှိပြီရှင့် အရင်တိုင်း ပုံမှန်သွားလာလို့ရအောင် ဒါက လူသွားလို့ရအောင် ပြန်ဖွင့်လိုက်တဲ့သဘောပါပဲ။ ပုံမှန်အတိုင်းကတော့ တံတား၂ကနေ ကုန်ပစ္စည်း သယ်ယူပို့ဆောင်နေတာတော့ ပုံမှန်အတိုင်းပဲ ရှိပါတယ်။"
တရုတ်နဲ့ ထိုင်းဟာ ကိုဗစ်ဖြေလျှော့မှုတွေနဲ့အတူ ကုန်စည်ကူးသန်းမှုတွေ၊ လူဝင်ထွက်ခွင့်တွေကို အခု ၂၀၂၃ နှစ်စမှာ တဖြည်းဖြည်း ခွင့်ပြုလာပါတယ်။ မြန်မာနဲ့ ဒီနှစ်နိုင်ငံကြားက ကုန်သွယ်မှုကလည်း အခုနှစ်စမှာ ပြန်တက်လာပြီး မြန်မာဘက်က ဆန် ပဲ ပြောင်း အပါအဝင် ရေထွက်ကုန်တွေကို ပြန်ပြီး တင်ပို့နေရတာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5
{Unicode}