ယူကရိန်းနဲ့ ရုရှားအကြား တိုက်ရိုက်တွေ့နိုင်မယ့်အခြေအနေ ဖန်တီးဖို့ တရုတ်သမ္မတ တိုက်တွန်း

တရုတ်နိုင်ငံ ပေကျင်းမြို့တော်က Diaoyutai အစိုးရဧည့်ဂေဟာတွေ့ဆုံနေတဲ့ တရုတ်သမ္မတ ရှီကျင့်ပင် (ယာ)နဲ့ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန် (ဝဲ) (ဇူလိုင် ၈၊ ၂၀၂၄)

ယူကရိန်းနဲ့ ရုရှားကြားမှာ စေ့စပ်ညှိနှိုင်းမှုတွေ လုပ်နိုင်တဲ့ အခြေအနေတွေကို နိုင်ငံတကာအသိုက်အဝန်း အနေနဲ့ ဖန်တီးပေးဖို့ လိုတယ်လို့ တရုတ်သမ္မတရှီကျင့်ပင် (Xi Jinping) က ဒီနေ့ပဲ ပြောလိုက်ပါတယ်။ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန် (Viktor Orban) ရဲ့ တရုတ်ခရီးစဉ်အတွင်း သမ္မတရှီကျင့်ပင်က အဲဒီလို ပြောလိုက်တာပါ။

တချိန်ထဲမှာဘဲ ယူကရိန်းနိုင်ငံ မြို့တော်ကိဗ် (Kyiv) မှာရှိတဲ့ ကလေးဆေးရုံတခုကို ရုရှားက ဒီကနေ့ ဇူလိုင်လ ၈ ရက်နေ့မှာ ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၂၀ သေဆုံးခဲ့ပါတယ်။ ယူကရိန်းသမ္မတ ဗလော်ဒိုမာ ဇလန်းစကီး (Volodymyr Zelenskyy)ကတော့ ကယ်ဆယ်ရေးသမားတွေက အပျက်အစီးတွေကြားထဲမှာ အသက်ရှင်ကျန်သူတွေကို ရှာဖွေကယ်ဆယ်နေကြောင်းနဲ့ အသေအပျောက်စာရင်း အတိအကျ မသိရသေးဘူးလို့ ပြောပါတယ်။

အခြားဖတ်ရှုစရာ

ဟန်ဂေရီဝန်ကြီးချုပ် မော်စကိုသွားမှု EU နဲ့သက်ဆိုင်မှု မရှိယူကရိန်းစစ်ဟာ ဥရောပအတွက်အရေးကြီးဆုံးဟု ဟန်ဂေရီဝန်ကြီးချုပ် ကြေညာ

ရုရှားအနေနဲ့ သူ့ရဲ့ ဒုံးကျည်တွေ ဘယ်နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတယ်ဆိုတာ မသိဘူးလို ငြင်းဆိုလို့ မရသလို၊ အပြစ်မဲ့ပြည်သူတွေ၊ ကလေးငယ်တွေကို တိုက်ခိုက်ခဲ့တဲ့ ဒီလုပ်ရပ်ကို တာဝန်ယူရမှာဖြစ်တယ်လို့လည်း သမ္မတ Zelenskyy က ပြောပါတယ်။ တကမ္ဘာလုံးအနေနဲ့လည်း ရုရှားရဲ့ လုပ်ရပ်ကိုနှုတ်ဆိတ် မနေသင့်ဘူးလို့လည်း သူကပြောပါတယ်။

ယူကရိန်းရဲ့ ဒေသအချို့မှာဖြစ်ခဲ့တဲ့ တိုက်ခိုက်ခံရမှုတွေမှာတော့ အနည်းဆုံး လူ ၇ ဦးသေဆုံးပြီး အဆောက်အဦအချို့ ပျက်စီးသွားတယ်လို့ ပြောပါတယ်။ စစ်အုပ်ချုပ်ရေးအကြီးအကဲ Oleksandr Vilkul ကလည်း သမ္မတဇလန်းစကီးရဲ့ ဇာတိမြို့ဖြစ်တဲ့ Kryvyi Rih မြို့ တိုက်ခိုက်ခံရမှုမှာ လူ ၁၀ ဦးထက်မနည်းသေဆုံးပြီး ၃၁ ဦးဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။

Your browser doesn’t support HTML5

ယူကရိန်းနဲ့ ရုရှားအကြား တိုက်ရိုက်တွေ့နိုင်မယ့်အခြေအနေ ဖန်တီးဖို့ တရုတ်သမ္မတ တိုက်တွန်း