အမေရိကန်နဲ့ တရုတ်နိုင်ငံက စေ့စပ်ညှိနှိုင်းသူတွေရဲ့ နောက်ဆုံးအကြိမ် ဆွေးနွေးမှု တွေ ရှန်ဟိုင်းမြို့မှာ ဒီကနေ့ အဆုံးသတ်ခဲ့ပြီး၊ အမေရိကန်မှာ စက်တင်ဘာလထဲ ဆက်လက် ဆွေးနွေးဖို့ သဘောတူလိုက်ကြပါတယ်။
ဆွေးနွေးသူတွေဘက်က တစုံတရာ မှတ်ချက်ပေး ပြောဆိုတာ မရှိပေမဲ့လည်း တရုတ်အစိုးရရဲ့ ဆင်ဟွာသတင်းဌာနကတော့ ဆွေးနွေးမှုတွေဟာ ပွင့်လင်းပြီး၊ ပြည့်စုံမှုနဲ့ အပြုသဘောဆောင်ကြောင်း ပြောဆိုခဲ့တာပါ။ တရုတ်နိုင်ငံရဲ့ ပြည်တွင်းလိုအပ်ချက်အရ အမေရိကန် လယ်ယာ ထွက်ကုန်တွေကို တိုးမြှင့်ဝယ်ယူရေးကိစ္စ ဆွေးနွေး ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
အမေရိကန်နဲ့ တရုတ် ကိုယ်စားလှယ်တွေ မနေ့တုန်းက အလုပ်သဘော ညစာ စားခဲ့ကြသလို၊ ဒီနေ့ နေ့တဝက်လောက်ကိုလည်း ဆွေးနွေး ညှိနှိုင်းခဲ့ကြပြီး နောက်မှာတော့ အမေရိကန် ကိုယ်စားလှယ်တွေ နေရပ်ပြန်ဖို့ လေဆိပ်ကို သွားခဲ့ကြတာပါ။ ရှန်ဟိုင်းမြို့မှာ အမေရိကန် ကိုယ်စားလှယ်တွေ အင်္ဂါနေ့က ရောက်လာချိန်မှာပဲ အမေရိကန်သမ္မတ Donald Trump ၂၀၂၀ ပြည့်ရွေးကောက်ပွဲ နောက်ပိုင်း ကုန်သွယ်ရေး ဆွေးနွေးညှိနှိုင်းမှုတွေနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံကို သတိပေးပြောဆိုခဲ့ပါတယ်။ အချိန်နှောင်းမှရမယ့် သဘောတူညီချက်ဟာ မြန်မြန်ဆန်ဆန်ရမယ့် သဘောတူညီချက်လောက် ကောင်းနိုင်မှာ မဟုတ်ဘူးလို့လည်း ပြောခဲ့တာပါ။
သမ္မတ ရွေးကောက်ပွဲမှာ နောက်တကြိမ် ပြန်အနိုင်ရခဲ့မယ်ဆိုရင် ဆွေးနွေးညှိနှိုင်းဖို့ ပိုပြီးခက်ခဲလာနိုင်သလို၊ သဘောတူညီမှု လုံးဝမရတဲ့အထိ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့လည်း Twitter လူမှုကွန်ရက်ကနေ သတိပေးခဲ့ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Hua Chunying ကတော့ အမေရိကန်အနေနဲ့ အခုလို အချိန်မှာ အမြင့်ဆုံးဖိအားပေးဖို့ မဲဆွယ်ပွဲတွေမှာ ပြောဆိုတာဟာ အဓိပ္ပါယ် မရှိတဲ့အကြောင်း ဒီကနေ့ ဘေဂျင်းမြို့တော်က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။
Your browser doesn’t support HTML5