ကုလအထူးအကြံပေး Christine Burgener ရခိုင်ပြည်နယ်ရောက်

မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener

အကြမ်းဖက် ပဋိပက္ခတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ် မောင်တောဒေသကို ဒီကနေ့ တနင်္လာနေ့မှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener သွားရောက် လေ့လာမှာဖြစ်ပါတယ်။

ရိုဟင်ဂျာမွတ်စလင် ဒုက္ခသည်တွေ သိန်းနဲ့ချီပြီးနေရပ်ရင်းကနေ တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ရတဲ့ ဖြစ်ရပ်ကို လာရောက်စုံစမ်းကြည့်ရှုတဲ့ Ms. Burgener ရဲ့ ရခိုင်ပြည်နယ်ခရီးစဉ် အကြောင်း မအင်ကြင်းနိုင်က ဆက်ပြီး တင်ပြမှာပါ။

မနေ့ တနင်္ဂနွေနေ့က စစ်တွေမြို့ကို ရောက်ရှိလာတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener ခရစ်တင်း ရှာရနာ ဘူဂနာ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု အစိုးရအဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒါအပြင် စစ်တွေမြို့နားက သက္ကယ်ပြင် မွတ်စလင် ဒုက္ခသည်စခန်းကို သွားရောက်ကြည့်ရှုခဲ့သလို ဒုက္ခသည်တွေနဲ့ တွေ့ဆုံ စကားပြောခဲ့ပါတယ်။

ဒုက္ခသည်တွေကတော့ စစ်တွေမြို့မှာရှိတဲ့ သူတို့နေရပ်အိမ်တွေကို ပြန်သွားလိုကြောင်းနဲ့ နိုင်ငံသားအဖြစ် အသိအမှတ်ပြုပေးဖို့ ကိစ္စကို တင်ပြခဲ့ကြတယ်လို့ဆိုပါတယ်။ ဒါအပြင် ရခိုင်ပြည်နယ်အရေးမှာ မြန်မာအစိုးရရဲ့ ဆောင်ရွက်ချက်တွေဟာ နှေးကွေးနေတဲ့အတွက် ရခိုင်ပြည်နယ်မှာ ရှိတဲ့ မွတ်စလင်အသိုင်းအဝိုင်းတခုလုံးရဲ့ အခြေအန ပိုမို ဆိုးရွားလာနေကြောင်းနဲ့ အခုလို ကုလသမဂ္ဂရဲ့ ပါဝင်ကူညီမှုကို လက်ခံကြိုဆိုကြောင်း စစ်တွေ မွတ်စလင် အောင်မင်္ဂလာရပ်ကွက် တာဝန်ရှိသူ ဦးအောင်ဝင်းက ဗွီအိုအေကို ပြောပါတယ်။

" ကုလသမဂ္ဂရဲ့ ပါဝင်မှုက ကောင်းပါတယ်။ မျှော်လင့်ချက်တွေလည်း ထားပါတယ်။ ဒါပေမယ့် မြန်မာအစိုးရရဲ့ ရခိုင်ပြဿနာအပေါ်မှာ ဖြေရှင်းဆောင်ရွက်မှုတွေက နှေးကွေးနေတာ ကို ကျနော်တို့အနေနဲ့ ခံစားနေရတာပေါ့နော် ။ ဘာဖြစ်လို့လဲဆိုတော့ ပြဿနာက အခုဆိုရင် ၆ နှစ်တောင်ရှိနေပြီ၊ ဘာမှဖြေရှင်း ဆောင်ရွက်နေတာ ဘာမှမတွေ့ရဘူး။ ဒီအတိုင်းပဲ လူတွေက အလုပ်အကိုင်မရှိ အပြင်ထွက်လို့မရ၊ နိုင်ငံသားဖြစ်ခွင့်မှာလည်း ဆောင်ရွက်ပေးပါတယ်ဆိုတာကလည်း ဘယ်လိုမှ ထိထိရောက်ရောက်မရှိဘူးပေါ့နော်။ လူတွေက တော်တော်လေးကို ဒုက္ခရောက်နေကြတယ်။"

၂၀၁၂ ခုနှစ်က စစ်တွေမှာ အကြမ်းဖက်ပဋိပက္ခဖြစ်ပြီးနောက်ပိုင်း အောင်မင်္ဂလာရပ်ကွက်မှာ နေထိုင်တဲ့ မွတ်စလင်တွေကို သွားလာခွင့် ကန့်သတ်ပိတ်ပင်ထားတာ ခြောက်နှစ် ကြာမြင့်ခဲ့ပါပြီ။

Christine Schraner Burgener နဲ့အဖွဲ့ဟာ မြေပုံမြို့က မွတ်စလင်ဒုက္ခသည်စခန်းကိုလည်း သွားရောက်လေ့လာခဲ့ပါတယ်။ တနင်္ဂနွေနေ့ညနေပိုင်းမှာ ANP ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်တွေနဲ့ Ms. Burgener တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ရောက်နေတဲ့ မွတ်စလင် ဒုက္ခသည်တွေ နေရပ်ပြန်ရေး ANP ရဲ့ သဘောထား ကို ကုလ အထူးကိုယ်စားလှယ်က အဓိက မေးမြန်းခဲ့ကြောင်း ANP အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ဗွီအိုအေကို အခုလိုပြောပါတယ်။

" ကျနော်တို့က တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကလို့ပြောတဲ့ လူဦးရေ ၈ သိန်းကျော်ရှိတယ်ဆိုတဲ့အချက်ကို ကျနော်တို့လက်မခံဘူး ဘာဖြစ်လို့လဲဆိုတော့ ဘင်္ဂါလီတွေနဲ့ ရခိုင်တွေနဲ့ အတူတူနေနေကြတဲ့ ၁၃ မြို့နယ် လူဦးရေအားလုံးက ၁ သန်းနီးပါးပဲရှိပါတယ်။ ဘူးသီးတောင်နဲ့ မောင်တောက လူဦးရေ ၇ သိန်းကျော်လောက်နေတယ် အဲဒီတော့ ဒီမြို့နယ်တွေကလူတွေ အကုန်လုံးထွက်သွားတာမဟုတ်ဘူး။ တဝက်လောက်က ဒီမှာ အေးအေးချမ်းချမ်းနေနေကြတဲ့အခြေအနေတွေ ၊ အဲဒီတော့ ဒီတဝက်လောက်ကျန်ခဲ့တဲ့လူဦးရေနဲ့ အကုန်လုံးထွက်သွားမှ ၇ သိန်းလောက်ဖြစ်မှာကို ၊ အကုန်လုံးထွက်မသွားပဲ တဝက်လောက်က နေနေကြတဲ့အခါ အဲဒီမှာ ဟိုရောက်နေတဲ့လူတွေက လူဦးရေ ၇ သိန်းဆိုတာက ကျန်တဲ့ မြို့နယ်တွေက ဘယ်မြို့နယ်တွေကမှ ထွက်မသွားဘူးလေ ။ အဲဒါကို ကျနော်တို့ ရခိုင်အမျိုးသားပါတီက အဲဒီလူဦးရေအရေအတွက်ကို လက်မခံဘူးဆိုတာကို အရင်ဆုံးကျနော်တို့ကပြောတယ်။"

ဒါအပြင် မြန်မာအစိုးရအနေနဲ့ ရခိုင်အရေးဖြေရှင်းရာမှာ ပြည်နယ်မှာ အင်အားအကြီးဆုံးပါတီကြီးဖြစ်တဲ့ ANP ကို အသိအမှတ်ပြု ဖိတ်ခေါ် ဆွေးနွေး ပါဝင်ခွင့်မပြုခဲ့တဲ့အတွက် ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အခက်အခဲတွေရှိနေကြောင်း ပြောပြခဲ့တယ်လို့ ဦးထွန်းအောင်ကျော်က ပြောပါတယ်။

"ကျနော်တို့ ရခိုင်လူမျိုးတွေကို ဘယ်တုန်းကမှ အစိုးရက ခေါ်ယူ ညှိနှိုင်းခြင်း ၊ တိုင်ပင်တာတွေ အသိပေးတာတွေ ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး။ အဲဒါကြောင့် ကျနော်တို့ထင်မြင်ချက်တွေကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်အနေနဲ့ မေးတဲ့အခါ ကျနော်တို့ အနေနဲ့ အကြံပြုချက်တွေကို ပေးရမယ့်အခြေအနေမှာ အခက်အခဲရှိတယ်ဆိုတဲ့အကြောင်း ကျနော်တို့ တင်ပြတယ်။"

UNHCR၊ UNDP စတဲ့ ကုလသမဂ္ဂအေဂျင်စီတွေနဲ့ မြန်မာအစိုးရကြား MoU နားလည်မှု စာချွန်လွှာရေးထိုးရာမှာလည်း ဘယ်လိုအချက်အလက်အသေးစိတ်ပါဝင်သလဲဆိုတာ မြန်မာ အစိုးရတာဝန်ရှိသူတွေဘက်က ဒေသခံ ရခိုင် ခေါင်းဆောင်တွေကို ရှင်းပြခြင်းမရှိဘူးလို့ Ms. Burgener ကို ဥပမာပေးပြောပြခဲ့တယ်လို့ ဦးထွန်းအောင်ကျော်က ဆိုပါတယ်။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက အသိအမှတ်ပြုခေါ်ဝေါ်ထားပေမယ့် မြန်မာအစိုးရနဲ့ တပ်မတော်ကတော့ ရိုဟင်ဂျာ လို့ တရားဝင် သုံးနှုန်းခေါ်ဝေါ်ခြင်းမရှိပါဘူး။

ရခိုင်ပြည်နယ်အစိုးရနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းပြောဆိုချက်အရ ဒီကနေ့ ရာသီဥတုအခြေအနေပေါ်မူတည်ပြီး Christine Schraner Burgener နဲ့ အဖွဲ့ဟာ မောင်တောခရီးစဉ်ကို ရဟတ်ယာဉ်နဲ့ သွားဖို့ စီစဉ်ထားကြောင်းနဲ့ နှစ်နိုင်ငံ နယ်နိမိတ် စည်းကြား နယ်မြေမှာ ရောက်နေတဲ့ မွတ်စလင် ဒုက္ခသည်တွေနဲ့လည်း တွေ့ဆုံဖို့ရှိတယ်လို့ ဆိုပါတယ်။ အလားတူ အစိုးရအာဏာပိုင်တွေရဲ့ အစီအစဉ်နဲ့ ဟိန္ဒူ မိသားစုတချို့အပါအဝင် ပြန်ဝင်လာတဲ့ မွတ်စလင်ဒုက္ခသည်တချို့နဲ့လည်း Ms. Burgener က သူရဲ့ မောင်တောခရီးစဉ်အတွင်း တွေ့ဆုံမှာ ဖြစ်ပါတယ်။

ဇွန်လ ၁၂ ရက်နေ့က စတင်ခဲ့တဲ့ Ms. Burgener ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကို နေပြည်တော်မှာ သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဧပြီလ ၂၆ ရက်နေ့က ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ်အသစ်အဖြစ် ခန့်အပ်ခံရတဲ့ Christine Schraner Burgener ဟာသူ့ကိုအပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်အရ သူ့ရဲ့ ခရီးစဉ်အတွင်းမှာ မြန်မာအာဏာပိုင်တွေ အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ လူမှုရေးအသင်းအဖွဲ့တွေ၊ ဘာသာရေးခေါင်းဆောင်တွေ ၊အပြင် သံတမန်ရေးအသိုင်းအဝိုင်းရဲ့ အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံဖို့ရှိပါတယ်။ မြန်မာနိုင်ငံခရီးစဉ်အပြီးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ အခြားဒေသတွင်း နိုင်ငံတွေကို Ms. Burgener ကခရီးဆက်မှာဖြစ်ပါတယ်။

Your browser doesn’t support HTML5

ကုလအထူးအကြံပေး Christine Burgener ရခိုင်ပြည်နယ်ရောက်