သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလ အထူးအကြံပေးပုဂ္ဂိုလ် မြန်မာအတိုင်ပင်ခံနဲ့တွေ့ဆုံ


ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Christine Schraner Burgener ဟာ ဒီကနေ့ မနက်ပိုင်းမှာ နေပြည်တော်ကို ရောက်ရှိလာပြီး မနက် ၁၀နာရီမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခဲ့သလို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး၊ လွှတ်တော်ဥက္ကဌ တို့နဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ်ခရီးစဉ်မှာတော့ မြန်မာပြည်က လက်ရှိအခြေအနေတွေကို နိုင်ငံတကာအသိုင်းအဝိုင်းကို မှန်မှန်ကန်ကန်တင်ပြနိုင်မယ်လို့လည်း မြန်မာအစိုးရဘက် မျှော်လင့်ထားပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Christine Schraner Burgener လက်ရှိတာဝန်ကို ပြီးခဲ့တဲ့ ဧပြီလမှာ စတင်လက်ခံခဲ့တာပြီး မြန်မာပြည်ကို ပထမဆုံးလာရောက်တာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ်ဟာ ဒီကနေ့မနက်မှာ ရောက်ရှိလာကြောင်းကို နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်းက အခုလို ပြောပါတယ်။

“ မနက်က ရောက်ပါတယ်ခင်ဗျ။ နေပြည်တော်ကိုလေ။ ဒီနေ့ ၁၀နာရီမှာတော့ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ပါတယ်။ နေ့လည်မှာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးတို့၊ နောက်ပြီးတော့ ပြည်သူ့လွှတ်တော်ဥက္ကဌတို့နဲ့ သူ တွေ့ဖို့ ရှိပါတယ်။ အစိုးရအဖွဲ့ရုံး ဝန်ကြီးနဲ့တော့ တွေ့ပြီးပြီထင်တယ် ၁၁နာရီလောက်က။ ပြည်သူ့လွှတ်တေ်ာဥက္ကဌ တို့နဲ့လည်းတွေ့ဖို့ ရှိပါတယ်။ ပြီးတော့ ဒီ အမျိုးသမီးရေးရာဥက္ကဌ ဒေါက်တာ ဒေါ်သက်သက်ဇင်တို့နဲ့ တွေ့ဖို့ ရှိပါတယ်။ ညနေမှာတော့ ကျနော်တို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ကနေပြီးတော့ ညစာနဲ့ တည်ခင်းဖို့ ရှိပါတယ်။ ”

ဒီကနေ့မနက် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဆွေးနွေးတာနဲ့ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးဝန်ကြီးဌာနက ပြောခွင့်ရသူကို ဆက်သွယ်ခဲ့ပေမဲ့ မအားလပ်တာကြောင့် ဖုန်းပြန်လည်ဖြေဆိုနိုင်တာမရှိခဲ့ပါဘူး။

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ်ဟာ နေပြည်တော်မှာ ၁၅ရက်နေ့ အထိရှိနေမှာဖြစ်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ အစိုးရဝန်ကြီးဌာနအချို့အပြင်လွှတ်တော်ကရေးရာကော်မတီက တာဝန်ရှိသူတွေနဲ့တွေ့ ဆုံဖို့လျာထား ထားသလို နောက်ပိုင်းမှာတော့ ရန်ကုန်နဲ့ ရခိုင်ပြည်နယ်ကို သွားရောက်ဖို့ ရှိနေပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ရဲ့ ခရီးစဉ်မှာ မြန်မာနိုင်ငံရဲ့ အခြေအနေမှန်တွေ ကို နိုင်ငံတကာကို တင်ပြနိုင်မယ်လို့ မျှော်လင့်ကြောင်းလည်းဦးကျော်မိုးထွန်းက ပြောပါတယ်။

“ အဓိကကတော့ ကျနော်တို့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ဥစ္စာတွေမှာ အမှန်တရားတွေ ကို နိုင်ငံတကာက သိဖို့ အတွက်ပေ့ါနော် အဲဒါက အရေးကြီးတယ်လို့ ကျနော်တို့ ယူဆတယ်။ ပြီးတော့ သူကနေတဆင့်လည်း တကယ်အမှန်ဖြစ်နေတဲ့ ဥစ္စာတွေကို နိုင်ငံတကာ အသိုင်းအဝိုင်းကို အသိပေးပြောကြားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ”

ဘာသာပေါင်းစုံငြိမ်းချမ်းရေးအဖွဲ့က အမြူတေအဖွဲ့ဝင်လည်းဖြစ်၊ အစ္စလာမ် ဓမ္မဗိမာန် ဦးဆောင်ဆော်သြရေးမှူးဖြစ်သူ ဦးအေးလွင်ကတော့ ရခိုင်ပြည်နယ်က ဒုက္ခသည်တွေ အရေးနဲ့ ပတ်သက်ပြီး မြန်မာနဲ့ နိုင်ငံတကာအကြား မတူညီတဲ့ အမြင်သဘောထားတွေ ကို တစုံတရာ ညှိနှိုင်းနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

“ သဘောထားတွေကို ကျနော်တို့က မျက်နှာချင်းဆိုင်တွေ့ဆုံပြီးတော့ကာ ဖြစ်သင့်ဖြစ်ထိုက် တဲ့ အခြေအနေလေးတွေကို တင်ပြဆွေးနွေးမယ်ဆိုရင်တော့ နားလည်မှုက တည်ဆောက်နိုင်မယ်လို့ ကျနော် ထင်ပါတယ်။ ဒီအမျိုးသမီးကလည်း သူတွေ့တာပဲ သူပြောမှာပဲလေ။ ဘာကြောင့်လဲဆိုတော့ နဂိုတည်းကိုက ဘက်မလိုက်တဲ့ ပုဂ္ဂိုလ်ကို ရွေးပြီးတော့ သူတို့ တာဝန်ပေးထားတာကိုး၊ အဲတော့ အရှိ အရှိအတိုင်းပဲ သူမြင်တဲ့အရှိကို သူပြောမှာပဲလေ အဲလိုပဲ ကျနော်ခံယူပါတယ်။ ”

ဒီခရီးစဉ်နဲ့ပတ်သက်ပြီး ကုလသမဂ္ဂသတင်းထုတ်ပြန်ရာမှာ မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေးပုဂ္ဂိုလ် ခရစ္စတင်း ရှာရနာ ဘာဂျင်နာဟာ မြန်မာအစိုးရအာဏာပိုင်တွေအပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ လူမှုအသင်းအဖွဲ့တွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ သံတမန် အသိုင်းအဝိုင်းနဲ့ တွေ့ဆုံမှာဖြစ်ပြီး ရခိုင်ပြည်နယ် အရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးကိစ္စရပ်တွေကို ဆွေးနွေးဖို့ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG