ကရင်နီ ဖားဆောင်းမြို့မှာ တိုက်ပွဲဆက်ဖြစ်၊ အရပ်သားသေဆုံးမှုတွေရှိ

ဖားဆောင်းမြို့

၂၀၂၃ ခုနှစ်အတွင်း တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ကယားပြည်နယ်၊ ဒေသအခေါ် ကရင်နီဒေသ၊ ဖားဆောင်းမြို့ မှာ အခုချိန်ထိ ကြိုကြားကြိုကြား တိုက်ပွဲ ဆက်ဖြစ်နေတယ်လို့ ဒေသတွင်းက လူ့အခွင့်အရေးအခြေအနေတွေကို လေ့လာ စောင့်ကြည့်နေသူတွေက ဗွီအိုအေကို ပြောပါတယ်။ ပြီးခဲ့တဲ့ မတ် ၃ ရက် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတချို့ သေဆုံး ထိခိုက်ဒဏ်ရာရရှိသလို ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၁၂၀ လောက် ထိခိုက် ပျက်စီးမှုရှိနေပါတယ်။ တိုက်ပွဲကြောင့် မြို့ခံအများစုက အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာကို တိမ်းရှောင်နေပြီး လက်ရှိ မြို့ထဲမှာ လူရာချီ ပိတ်မိနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအကြောင်း ရန်ကုန်ပေးပို့တဲ့သတင်းကို အခြေခံပြီး အလိမ္မာ က တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၉ က စတင်ပြီး ဖားဆောင်းမြို့မှာ ကရင်နီ ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား ရက်ဆက် တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ နှစ်ဖက် ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ မရှိပေမယ့် ကြိုကြား ပစ်ခတ်မှုတွေ မတ်လ ၅ရက် မနေ့ကအထိ ဆက်ရှိနေတယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့တည်ထောင်သူ ကိုဗညားက ဗွီအိုအေကို ပြောပါတယ်။

“စစ်ရေးအရကတော့ ဆက်ပြီးတော့မှ ကွက်ကျားကွက်ကျားတော့ ဖြစ်တာပေါ့နော်။ ဒါပေမယ့် အကြီးအကျယ် ဝင်ရောက်တိုက်ခိုက်တာတော့ ရပ်သွားပြီးပေါ့နော်။ ဒါပေမယ့် ဆက်ပြီးတော့မှ ဖားဆောင်းမြို့ကို ထိန်းဆည်းနိုင်ဖို့အတွက်တော့ ဆက်လုပ်နေတာ ရှိပါတယ်။ ကျနော်တို့ကတော့ အသေးစိတ်က ပြောလို့မရတဲ့ဟာတွေ ရှိတာပေါ့။”

ဖားဆောင်းတိုက်ပွဲနဲ့ ပတ်သက်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ရဲ့ ဗဟိုပြန်ကြားရေးတာဝန်ခံ တာအယ်စိုး အခုလို ပြောပါတယ်။

“တိုက်ပွဲကတော့ ၅ရက် ၆ရက်လောက်တော့ ရှိပြီးပေါ့နော် ဖြစ်တာ။ အခြေအနေကတော့ ကျနော်တို့ KNDF ကလည်း ဒါ ဦးဆောင်ပြီးတော့ ပါဝင် တိုက်ခိုက်တာမျိုးမဟုတ်တဲ့ အတွက်ကြောင့် ကျနော်တို့ သတင်းအချက်အလက် အသေးစိတ်ကို မသိရဘူးပေါ့နော်။ လေကြောင်း တိုက်ခိုက်မှုတွေ ရှိတယ်၊ မီးလောင်ပျက်စီးတာတွေ ရှိတယ်လို့တော့ ကြားတယ်ဗျ၊ အသေးစိတ်ကိုတော့ ကျနော်တို့လည်း မပြောနိုင်ပါဘူး ခင်ဗျ ဟုတ်။”

ဖားဆောင်းမြို့ကို ထိန်းချုပ်နိုင်ဖို့ ကရင်နီပူးပေါင်းတပ်ဖွဲ့တွေက ကြိုးစားနေသလို စစ်ကောင်စီဘက်ကလည်း လေကြောင်းနဲ့ပါ အပြင်းအထန် ခုခံ တိုက်ခိုက်နေပါတယ်။ ဖားဆောင်းတိုက်ပွဲနဲ့ ပတ်သက်လို့ ဦးဆောင်တိုက်ခိုက်နေတဲ့ ကရင်နီပြည်တပ်မတော်(KA) နဲ့ ကရင်နီပြည် လူမျိုးပေါင်းစု ပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ) တို့ကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမယ့် မရခဲ့ပါဘူး။

ဖားဆောင်းစစ်ရေးအခြေအနေနဲ့ ပတ်သက်လို့ ကယားပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းဦးကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် စက်ပိတ်ထားပါတယ်။ ဒါနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကလည်း တစုံတရာ ထုတ်ပြန်တာမရှိသေးပါဘူး။

နှစ်ဖက် တိုက်ပွဲပြင်းထန်ပြီးတဲ့နောက် နေ့စဉ်ဆိုသလို စစ်ကောင်စီဘက်က လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်နေတာပါ။ ဒီတိုက်ခိုက်မှုကြောင့် အရပ်သား သေဆုံး ထိခိုက်ဒဏ်ရာရရှိသလို ဘုန်းကြီးကျောင်းတွေ၊ နေအိမ်တွေ ၁၂၀ လောက် မီးလောင်တာ ထိခိုက် ပျက်စီးမှုရှိတယ်လို့ ကိုဗညားခွန်အောင်က ခုလို ပြောပါတယ်။

“လေယာဉ်နဲ့ ဗုံးကြဲတော့လေ အိုးအိမ်တွေပေါ့နော် တော်တော်မီးလောင်သွားတယ်။ ၁၂၀ ဝန်ကျင်းပေါ့နော် အဲ့ဒီမီးလောင်တာ ထိခိုက်မှုကလည်း ကျနော်တို့ သိသလောက်ကတော့ တစ်ယောက်က ပွဲချင်းပြီးဆုံတာပေါ့နော်။ ကျန်တဲ့ ၁၅ယောက်ကနေ ၂၀ ဝန်းကျင်ကတော့ ထိခိုက်ဒဏ်ရာရမှုတွေ ရှိသလို အကြမ်းဖျဉ်း သိထားတာရှိပါတယ်။”

ဒေသတွင်းက တိုင်းရင်းသတင်းတွေမှာတော့ လေကြောင်းတိုက်ခိုက်မှုနဲ့ စက်သေနတ်ပစ်ခတ်မှုကြောင့် ဖားဆောင်းမြို့ ကွက်သစ်ရပ်ကွက်ထဲက စစ်ပြေးရှောင်တွေ စုနေထိုင်တဲ့ ဘုန်းကြီးကျောင်းမှာ အရပ်သား ၅ဦး သေဆုံးပြီ ၂၀ ဦး ဒဏ်ရာရရှိတယ်လို့ ဖော်ပြထားပါတယ်။

ဖားဆောင်းမြို့ဟာ အိမ်ခြေ ၃၀၀ ရှိပြီး လူဦးရေ ၃,၀၀၀ လောက် နေထိုင်တဲ့မြို့ ဖြစ်ပါတယ်။ ပြီးခဲ့ ၂၀၂၃ ခုနှစ်ထဲ ဖားဆောင်းမြို့နယ်နဲ့ မယ်စဲ့မြို့နယ်မှာ တိုက်ပွဲတွေဖြစ်ပွားလို့ အများစုက တိမ်းရှောက်နေကြပြီး မြို့ထဲမှာ လူ ၁,၀၀၀ ဝန်းကျင်သာ ကျန်ရှိနေတာပါ။ အခု မြို့ထဲမှာပါ တိုက်ပွဲဖြစ်ပွားလို့ ထပ်မံတိမ်ရှောင်နေကြပါတယ်။ ဒါပေမယ့် တိုက်ပွဲတွေကြားမှာ လူရာချီ မြို့ထဲမှာ ပိတ်မိနေဆဲဖြစ်တယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့တည်ထောင်သူ ကိုဗညား က ပြောပါတယ်။

“အခုကတော့ ၅၀၀ ဝန်းကျင်လောက်တော့ ထွက်လာနိုင်ပြီးပေါ့နော်၊ ဖြေးဖြေးနဲ့ ထွက်တာပေါ့နော်။ ဒါပေမယ့် တပ်နဲ့ နီးတဲ့ ဧရိယာကလူတွေက ထွက်မရဘဲ ဖြစ်နေသေးတယ်။ ကျနော်တို့ နည်းနည်းသိထားတာရှိ တာပေါ့နော်။ အဲ့တော့ ကျနော်ထင်တာကလေ လူရာဂဏန်းလောက် ကျန်ပါသေးတယ်။ သေချာတာတခုတော့ လူ ၁၀၀ ၊ ၂၀၀ ကျန်နိုင်ပါသေးတယ် ဟုတ်၊ မြို့တွင်းမှာလေ။”

စစ်ကောင်စီတပ်တွေဟာ အရင်သားနဲ့ ရဲဘော်တွေ မခွဲခြားဘဲ တိုက်ခိုက်လေ့ရှိတာမို့ တိုက်ပွဲကြား ပိတ်မိနေသူတွေအတွက် စိုးရိမ်ဖြစ်တယ်လို့ ကိုဗညားက ပြောပါတယ်။ အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာကို တိမ်းရှောင်လာတဲ့ မြို့အများစုက အဝတ်တစ်ထည် ကိုယ်တခုနဲ့ အသက်ဘေးလွတ်အောက် ထွက်ပြေးလာကြတာပါ။ သူတို့ကို ကရင်နီ နွေဦးတော်လှန်ရေး အင်အားစုတွေက နေရာချထားပေးပြီး အရေးပေါ် အကူအညီပေးထားတယ်လို့ ဆိုပါတယ်။

Your browser doesn’t support HTML5

ကရင်နီ ဖားဆောင်းမြို့မှာ တိုက်ပွဲဆက်ဖြစ်၊ အရပ်သားသေဆုံးမှုတွေရှိ