ကချင်ပြည်နယ် ဖားကန့်မြို့နယ်က စစ်ကောင်စီ တပ်စခန်း နှစ်ခုကို ဒီနေ့ မနက်အစောပိုင်းမှာပဲ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA က တိုက်ခိုက်ခဲ့ပါတယ်။ KIA ဘက်က ကသိုင်းတောင် စခန်းကို သိမ်းယူခဲ့တဲ့အကြောင်း အတည်ပြု ပြောဆိုပေမဲ့ အခြေအနေ အသေးစိတ်ကိုတော့ ပြောဆိုတာမရှိပါဘူး။ ဖားကန့်မြို့နယ်က တိုက်ပွဲသတင်းကို ကိုငြိမ်းချမ်း က တင်ပြထားပါတယ်။
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာရှိတဲ့ KIA ဌာနချုပ် လိုင်ဇာအနီးမှာ စစ်ရေးတင်းမာနေချိန်မှာပဲ ဒီကနေ့မနက် ဖားကန့်မြို့နယ်မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။ မနက် ၅ နာရီကျော် အချိန်မှာ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး ဖားကန့်မြို့နယ်၊ နမ့်မှော်ရွာ အနီးကဘုရားတောင်ခေါ်
တပ်စခန်းနဲ့ နမ့်မှော်တပ်စခန်းမှာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတယောက် VOA ကို ပြောပါတယ်။
“(မနက်) ၅နာရီခွဲလောက်မှာက တာမခန်သွားတဲ့လမ်းက အဲဒီဘုရားတောင်မှာ ဖြစ်ကြတယ်။ အဲဒါပြီးတော့ ၆ နာရီခွဲ ၇ နာရီလောက်မှာကျတော့ ဒီဟိုဟာဘက်မှာ ပြန်ဖြစ်တာ။ နမ့်မှော်ဘက်။ ၉ နာရီခွဲ ၁၀ နာရီ မတ်တင်းလောက်ထိ တဒုန်းဒုန်း တဒိုင်းဒိုင်းနဲ့ ကျနော်တို့ ဒီ မမုံ၊ ဖားပြင်၊ စပေါ့၊ ကရင်ချောင် အဲဒီနားတဝိုက်တွေ အသံတွေ ကြားနေရတာပေ့ါ။ အဲဒီနား အနီးတဝိုက်တွေ လက်နက်ကြီးနဲ့ ပစ်တဲ့အသံတွေ၊ ကျနေတဲ့ အသံတွေပေ့ါ။”
အလားတူ နောက်ထပ် ဒေသခံတယောက်ကလည်း စစ်ကောင်စီတပ်စခန်း နှစ်နေရာကို KIA က တိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်း ပြောပါတယ်။
“နမ့်မှော် ၊ ကသိုင်းတောင်ထိပ်က ထိုင်ထားတဲ့ စခန်းရယ်၊ နမ့်မှော် စခန်းရယ် နှစ်ခုလို့ ပြောတယ်ဗျ။ သိမ်းသွားပြီလို့တော့ ပြောတယ်။ ကြားတာတော့ သူတို့ အဲဒီမှာ သိမ်းပြီးတော့ အရှင်လည်း မိတယ်တဲ့။ သေလည်း သေတယ်လို့ ပြောတယ်။ လက်နက်တွေလည်း တော်တော်ရတယ်လို့ ပြောတာ။”
KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ ကသိုင်းတောင်စခန်း သိမ်းယူတဲ့သတင်းကိုပဲ ဗွီအိုအေကို အခုလို အတည်ပြု ပြောဆိုပါတယ်။
“ဖားကန့်ဘက်မှာ ဒီမနက် ၅ နာရီ ကတည်းက တိုက်ပွဲဖြစ်တာ ရှိပါတယ်။ ကျနော်တို့ ကချင် အခေါ်အဝေါ်နဲ့တော့ ကဆင်ဘုမ်လို့ ခေါ်တဲ့နေရာမှာ ဖြစ်ပါတယ်။ အဲဒီဘက်မှာ ခေါ်တာကတော့ ကသိုင်းတောင်လို့လည်း ခေါ်ကြတာ။ အဲဒီမှာ စကစ က စခန်းထိုင်တဲ့နေရာကို ကျနော်တို့ တပ်မဟာ (၉)၊ တပ်ရင်း (၆) အဖွဲ့တွေပေါ့။ အဲဒီစခန်းကို လာသိမ်းတဲ့ တိုက်ပွဲဖြစ်ပါတယ်ခင်ဗျ။ စခန်းသိမ်းလို့ ရတယ်လို့ ပြောကြပါတယ်။ အခုထက်ထိကတော့ KIA တပ်ဖွဲ့တွေ အဲဒီနေရာမှာ နယ်မြေရှင်းလင်းရေးတွေ လုပ်ရင်းနဲ့ ထိုင်နေတယ်လို့ သတင်းရပါတယ်ခင်ဗျ။”
နမ့်မှော်စခန်းကို တိုက်ခိုက်တဲ့ သတင်းတော့ မရရှိသေးကြောင်းနဲ့ ဆယ်ဇင်းဘက်မှာလည်း တိုက်ပွဲဖြစ်တဲ့သတင်း ကြားသိရကြောင်းလည်း ပြောပါတယ်။ လက်ရှိ KIA ဌာချုပ် လိုင်ဇာအနီး နမ့်ဆန်ယန်ဘက်က စစ်ရေးအခြေအနေကိုတော့ ဗိုလ်မှူးကြီးနော်ဘူက အခုလို ပြောပါတယ်။
“နမ့်ဆန်ယန်ဘက်က အခြေအနေကတော့ ဗန်းမော်ဘက်က တက်လာတဲ့ စစ်ကြောင်းတွေ အားလုံးကတော့ မဒီးယန်၊ ခါရာ ဆိုတဲ့နေရာမှာ အားလုံး စုနေကြပါတယ်။ အခုအချိန်ကတော့ သွားရေးလာရေးတွေ အခက်အခဲတွေ ရှိတယ်ဆိုတော့ သူတို့လည်း အခြေအနေကို စောင့်ကြည့်တဲ့ သဘောမျိုးလား မသိဘူး။ အခုထိကတော့ သူတို့လည်း မြေပြင်ကနေ ဆက်ပြီးမှ ထိုးစစ် ဆင်တာတော့ မတွေ့ရဘူး။ ဒါပေမဲ့ နောက်ဆုတ်တဲ့ အခြေအနေတော့ မဟုတ်ဘူး။ အကုန်လုံး အဲဒီမှာပဲ စောင့်နေတဲ့ဟာကိုတော့ ကျနော်တို့ တွေ့ရပါတယ်။”
ဒီလ ၃ ရက်နေ့တုန်းကလည်း ဝိုင်းမော်မြို့နယ်၊ မလိယန် ရွာမှာရှိတဲ့ စစ်ကောင်စီစခန်းကို KIA က သွားရောက် သိမ်းယူခဲ့ပြီး ၄ ရက်နေ့မှာတော့ စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။
KIA ဌာချုပ် လိုင်ဇာအနီး နမ့်ဆန်ယန်ဘက်မှာ ဇူလိုင်လဆန်းပိုင်းတည်းက တိုက်ပွဲတွေ စတင်ခဲ့ရာကနေ နောက်ပိုင်းမှာ မြစ်ကြီးနား- ဗန်းမော် လမ်းတကြောမှာလည်း တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ပါတယ်။ အခုဆိုရင် နှစ်ဘက် စစ်ရေးတင်းမာမှု တလကျော် ကြာမြင့်လာနေပြီ ဖြစ်ပါတယ်။
Your browser doesn’t support HTML5