ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်းက စစ်ကောင်စီ တပ်စခန်း ၇ခုကို ဒီ၂ရက်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူးပေါင်းတပ်တွေက သိမ်းယူလိုက်ပါတယ်။ ဒီတပ်စခန်းတွေကတော့ မိုးမောက်မြို့နယ် မြောက်ပိုင်း မြစ်ကြီးနား- ဗန်းမော်လမ်းပေါ်က စခန်း ၄ ခုနဲ့ မိုးမောက်မြို့အရှေ့ပိုင်း မိုးမောက်-လွယ်ဂျယ်လမ်းပေါ်က စိန်လုံအနီးက စခန်း ၃ခုဖြစ်ပါတယ်။ ဒီနေ့မနက်အစောပိုင်းမှာ မချမ်းဘောမြို့က စစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းတပ်တွေက ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တာတွေ ရှိပေမဲ တိုက်ပွဲဖြစ်ပွားတော့မရှိပါဘူး။ ကချင်ပြည်နယ်အတွင်းက တင်းမာနေတဲ့ စစ်ရေး အခြေအနေကို ကိုစည်သူက တင်ပြထားပါတယ်။
ပုံမှန်အားဖြင့် မတ်လ ၂၇ရက် ၊ တပ်မတော်နေ့ နီးကပ်လာချိန်မှာ လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ တပ်စခန်းတွေကို မြန်မာစစ်တပ်က သိမ်းပိုက်လေ့ရှိပေမဲ့ ဒီနှစ်မှာတော့ စစ်ကောင်စီဘက်က တပ်စခန်း အတော်များများကို လက်လွှတ်နေရတာပါ။ ဒီလ ၂၆ရက်နေ့ မနက်ပိုင်းက မိုးမောက်မြို့နယ် မြောက်ပိုင်း မြစ်ကြီးနား- ဗန်းမော်လမ်းပေါ်က ကုန်းလော တပ်စခန်းကို သိမ်းယူခဲ့သလို ညနေပိုင်းမှာတော့ အဲဒီအနီးအနားက တပ်စခန်း ၃ခုကို ထပ်မံသိမ်းယူခဲ့ကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက ပြောပါတယ်။
“ မနေ့က ညနေပိုင်းမှာ မြို့သစ်ရယ်၊ စလောင်းကုန်းရယ်၊ နောက် မိုးမောက်နားက လုံဂျာဘွမ်ရယ် ၃ခု၊ ကုန်းလောနဲ့ ဆို ၄ခု မနေ့က ၄ခု သိမ်းတာဖြစ်ပါတယ်။ မိုးမောက်နဲ့ လိုင်ဇာ လမ်းတကြောပေါ့။ အဲဒီမှာကတော့ မရှိသလောက်တော့ဖြစ်ပြီ ဟုတ်တယ်။ ဒါပေမဲ့ အဲဒီ ပတ်ဝန်းကျင်မှာကတော့ ရှိပါတယ်။ ကျန်ပါသေးတယ်။ အများကြီး ကျန်ပါတယ်။”
ဒီကနေ့မှာတော့ မိုးမောက်မြို့နယ် အရှေ့ပိုင်း၊ မိုးမောက် - လွယ်ဂျယ်လမ်းရှိ စိန်လုံအနီးက တပ်စခန်း ၃ခုကို ထပ်မံသိမ်းယူနိုင်ခဲ့ကြောင်း အခုလို ဆက်ပြောပါတယ်။
“ ဒီနေ့ နေ့လည်ပိုင်းကနေ အချိန်ထိကတော့ အဲဒီ စိန်လုံပတ်ဝန်းကျင်ကပေါ့။ ယောယုံ၊ စိန်လုံပတ်ဝန်းကျင်က စခန်း ၃ခုလောက် သိမ်းလို့ ရတယ်ဆိုပြီးမှ သတင်းပေးလာတာရှိပါတယ်။ ကျနော်တို့ ကချင်အခေါ်နဲ့တော့ လော့မွန်လို့ ခေါ်တာပေါ့နော်။ လော့မွန်၊ ရှန်တိုင်၊ ဘန်ယောင် အဲဒီက စခန်း ၃ခုကိုတော့ သိမ်းပိုက်လို့ ရပြီတဲ့။ ကျနော်တို့ ဆီမှာ တရားဝင် အကြောင်းကြားလာတာရှိပါတယ်။ ”
ပြီးခဲ့ရက်ပိုင်းတွေက မံစီမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းအချို့ ဆုတ်ခွာခဲ့တာကြောင့် KIA ဘက်က သိမ်းယူတာတွေလည်း ရှိခဲ့ပါတယ်။ ဒီကနေ့မနက် အစောပိုင်းမှာတော့ ပူတာအိုခရိုင်၊ မချမ်းဘောမြို့ရှိ စစ်ကောင်စီတပ်စခန်းကိုလည်း KIA ပူးပေါင်းတပ်တွေက ပစ်ခတ်ခဲ့ကြောင်း ပူတာအိုဒေသခံတဦးက ပြောပါတယ်။
“ ဒီနေ့ မချမ်းဘောက ဒီနေ့ မနက် ၂နာရီလောက်ပေါ့နော် ။ KIA နဲ့ PDF အဖွဲ့ကနေ ရှော့တိုက်ဒုံး ၂ချက်ပေါ့နော်။ ၂ချက်ပစ်တာ သူတို့ကနေ ပြန်လှန်ပစ်တဲ့အပိုင်းတွေတော့ ရှိတယ်လို့ ပြောတယ်။”
ဒီပစ်ခတ်မှုဟာ မချမ်းဘောအခြေစိုက် ခလရ ၁၃၇ တပ်စခန်းကို ပစ်ခတ်တာဖြစ်ကြောင်း နဲ့ နောက်ပိုင်းမှာ တိုက်ပွဲ ထပ်မံဖြစ်တာမရှိကြောင်း မချမ်းဘော ဒေသခံတဦးက ပြောပါတယ်။ ဒီလ ၂၄ရက်နေ့က မချမ်းဘောမြို့နယ် အလန်းဂါးရွာအခြေစိုက် ခလရ ၁၃၇တပ်စခန်းကို စစ်ကောင်စီဘက်က ရုတ်သိမ်းခဲ့ပြီး ဆွမ်ပရာဘွမ်မြို့မှာတော့ တိုက်ပွဲပြင်းထန်နေတာ ၁၂ ရက်ခန့် ရှိနေပြီဖြစ်ပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် KIA ဟာ ဒီလ ၇ရက်နေ့က စတင်ပြီး သူတို့ ဌာနချုပ် လိုင်ဇာအနီး ဝိုင်းမော်နဲ့ မိုးမောက်မြို့နယ်က မြစ်ကြီးနား -ဗန်းမော်လမ်းတလျှောက်ရှိ စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။ ရက်ပေါင်း ၂၀ကျော်ကာလမှာ လိုင်ဇာအနီးက အရေးပါ တဲ့ စစ်စခန်းကြီးတွေအပါအဝင် စခန်းပေါင်း ၄၀လောက် သိမ်းယူထားကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
Your browser doesn’t support HTML5