ကချင်ပြည်နယ်၊ ဖားကန့်က ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဒီကနေ့မနက် နန့်ယားကနေ ကာမိုင်းမြို့ဘက်ကို ထွက်ခွာလာစဉ် လမ်းခရီးကျေးရွာက အရပ်သားတွေကို စစ်ကြောင်းနဲ့အတူ အတင်းအကျပ် ခေါ်ဆောင်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီစစ်ကြောင်းဟာ ဖားကန့်နဲ့ နန့်ယားကြားမှာ KIA က တိုက်ခိုက်တာတွေရှိခဲ့ပြီး တိုက်ပွဲဖြစ်ပွားရာ လမ်းတလျောက်က ကျေးရွာ ၈ရွာလောက်က ပြည်သူတွေ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
ဖားကန့်က ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ လမ်းခရီးတလျောက် KIA ခေါ် ကချင်လွတ်မြောက်ရေး တပ်ဖွဲ့နဲ့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ခဲ့ပြီး တနင်္လာနေ့ညပိုင်းက နန့်ယားကို ရောက်ခဲ့တာပါ။
မေလ ၁၇ ရက်၊ ဒီကနေ့မနက်မှာတော့ နန့်ယားကနေ ကာမိုင်းဘက်ကို ဆက်လက်ထွက်ခွာရာမှာ ခင်ပေါင်ကျေးရွာက အရပ်သားတွေကို အတင်းအကျပ် ခေါ်ဆောင်တာတွေရှိကြောင်း ဒေသခံရွာသားတစ်ဦးက VOA ကို ပြောပါတယ်။
“တနင်္လာည၊ အဲဒါ နန့်ယားရောက်ပြီးတော့ မနေ့ည နားပြီးတော့ ဒီမနက်က ၄နာရီ စထွက်တယ်လို့ ပြောတာပဲ။ နန့်ယားအောက်ပေါ့နော်။ ခင်ပေါင်ကျေးရွာက အရပ်သားတွေကို တွေ့သမျှ အားလုံး ကြုံးသွားတယ်လို့ ပြောတာပဲ။ အဲဒီ ခင်ပေါင်ကျေးရွာက အမျိုးသမီးတွေရော၊ ကလေးတွေရော၊ ကလေးမအေတွေရော၊ ကလေး လသားအရွယ်တွေတောင် ပါတယ်လို့ ပြောတာပဲ။ မိခင်နဲ့ ကလေးပေါ့နော် သူတို့။ ဘိုးတော်၊ ဘွားတော် အများကြီးပါတယ်လို့တော့ ပြောတာပဲ။ လမ်းမကြီးအတိုင်း ဆင်းမယ်လို့တော့ ပြောနေတာ။ အခုက သတင်းက အတိအကျ မရတော့ဘူးတဲ့။”
ဖားကန့်−ကားမိုင်းလမ်း နန့်ယားမရောက်ခင်မှာ စစ်ကောင်စီတပ်နဲ့ KIA အကြား ပြီးခဲ့တဲ့ သောကြာနေ့က စပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်းနဲ့ လမ်းတလျှောက်က ကျေးရွာတွေကတော့ တိုက်ပွဲမဖြစ်ခင်ကတည်းက တိမ်းရှောင်ခဲ့ကြကြောင်း အခုလို ဆက်ပြောပါတယ်။
“တိုက်ပွဲဖြစ်တာ သောကြာနေ့ကတည်းပဲ။ ဂေါ်လူယန်ကျေးရွာနဲ့ တံတားညီနောင်ကျေးရွာ အနောက်ဖက်ပိုင်းပေါ့နော။ အဲဒီတစ်ကြောလုံး ဟုတ်တယ်။ တနင်္ဂနွေနဲ့ တနင်္လာက တစ်နေကုန်နီးပါး ဟုတ်တယ်။ အဲဒီတစ်ကြောမှာပဲ။ ဖြစ်လိုက်၊ ပြန်ငြိမ်သွားလိုက်နဲ့။ အဲဒါ သူတို့ စစ်ကြောင်းဆင်းပြီး ကြားမှာ တိုက်ပွဲမဖြစ်ခင်ကတည်းက ကပ်မှော်အထက်ပိုင်းက အားလုံး ရွာသားတွေ မရှိတော့ဘူးလေ။ လမ်းကြောက ရွာအားလုံးနီးပါး ရှောင်ရတာ ဟုတ်တယ်။”
မနေ့ညကလည်း စစ်ကောင်စီရဲ့ နန့်ယားတပ်စခန်းဘက်မှာ လက်နက်ကြီးနဲ့ အပြန်အလှန်ပစ်ခတ်တာတွေ ရှိကြောင်း ပြောပါတယ်။
အခြားဒေသခံတစ်ဦးကလည်း ခေါ်ဆောင်သွားတဲ့ လူဦးရေဟာ ၅၀ ကျော်လောက်ရှိနိုင်ကြောင်းနဲ့ လမ်းတကြောရွာတွေက တိမ်းရှောင်ရသူဟာလည်း ၈၀၀ ကျော်ခန့်ရှိကြောင်း ပြောပါတယ်။
“အခုက နန့်ယားကနေ ဆင်းသွားတာ။ ပြည်သူလူထုတွေကို ဒီ ခင်ပေါင်ဘက်၊ နန့်ယား ပတ်ဝန်းကျင်ကလူ ၅၀ကျော် ခေါ်ဆောင်ပြီးမှ ကာမိုင်းဘက်၊ လမ်းဘက် ဆင်းသွားတာပေါ့။ တိုက်ပွဲဖြစ်တဲ့အချိန်မှာ တောထဲမှာ ခိုပြီးတော့ ပုန်းနေကြတာပေါ့။ အဲဒါ ရှောင်တာရွာကတော့ ဒီ ကွမ်အိုင်ဇွပ်၊ တံတားညီနောင်၊ ဂေါ်လူယန်၊ ဆိုင်းဖရာ၊ ကပ်မှော်၊ မနော့၊ စပေါ်၊ ဒီဘက်ကလူတွေပဲ။ အားလုံးကတော့ ၈ရွာလောက်ပေ့ါ။”
ဒီကနေ့မှာတော့ စစ်ကောင်စီစစ်ကြောင်းက နန့်ယားကထွက်ခွာသွားပြီမို့ အနီးအနားမှာ တိမ်းရှောင်နေသူအချို့ နေရပ်ပြန်တာရှိပေမဲ့ အားလုံးတော့ မပြန်နိုင်သေးကြောင်းနဲ့ ရပ်ဝေး တိမ်းရှောင်နေသူတွေလည်း မလာကြသေးကြောင်း ပြောပါတယ်။
ဒေသခံတွေကတော့ ညနေပိုင်းအထိတော့ ဒီစစ်ကြောင်းဟာ နန့်ယားအနီးမှာရှိတဲ့ အွမ်ကထောင်ရွာမှာပဲ ရှိနေကြောင်းနဲ့ ဖမ်းဆီး ခေါ်ဆောင်လာတဲ့ ရွာသားတွေလည်း စစ်ကြောင်းနဲ့အတူ ရှိနေကြောင်း ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁၈ရက်နေ့ကလည်း ဖားကန့်ကို သွားတဲ့ စစ်ကောင်စီတပ်ဟာ ဆိုင်းဖရာရွာသူ၊ ရွာသား ၅၀လောက်ကို စစ်ကြောင်းနဲ့အတူ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ဖူးပါတယ်။ ဒီစစ်ကြောင်းကို KIA တပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်စဉ်မှာ ဆိုင်းဖရာရွာက အမျိုးသမီး ၅ဦးထိခိုက်ပြီး ၂ဦး သေဆုံးခဲ့ရပါတယ်။ လက်ရှိ ဖားကန့်ဒေသမှာဖြစ်ပွားတဲ့တိုက်ပွဲတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာတော့ မတွေ့ရပါဘူး။
Your browser doesn’t support HTML5