ဟားခါး ထန်တလန် စစ်ကောင်စီစခန်း၃ခု CNA သိမ်း တပ်ရင်းမှုးတွေအပါ ၃၀ ကျ

ထန်တလန်မြို့မြင်ကွင်း − ယခင်သတင်းမှတ်တမ်း။

ချင်းပြည်နယ် ဟားခါးနဲ့ ထန်တလန် ကြားမှာ ရှိတဲ့ စစ်ကောင်စီ တပ်စခန်း ၃ခုကို ချင်းပြည်အစိုးရတပ်က သိမ်းယူလိုက်နိုင်တယ်လို့ ချင်းအမျိုးသားတပ်ဦး CNA ရဲ့ ပြောရေးဆိုခွင့်ရှိသူ က VOA ကို အတည်ပြုပါတယ်။ စခန်းသိမ်းတိုက်ပွဲတွေအတွင်း တပ်ရင်းမှုးတွေအပါအဝင် စစ်ကောင်စီဘက်က ၃၀ခန့်ကျဆုံးပြီး ၁၉ဦးကို အရှင်ဖမ်းဆီးခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဦး CNA က သတင်းထုတ်ပြန်ထားပါတယ်။ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

ချင်းပြည်နယ် ဟားခါးမြို့နဲ့ ထန်တလန်မြို့ကြားရှိ စစ်ကောင်စီတပ်စခန်းတွေကို ချင်းပြည်ကောင်စီပူးပေါင်းတပ်က စခန်းသိမ်းတိုက်ပွဲ ဖော်ဆောင်နေပြီး ချင်းပြည်အစိုးရပူးပေါင်းတပ်များက နိုဝင်ဘာလ ၂၂ ရက်က စတင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။ နိုဝင်ဘာလ ၂၂ရက်နေ့ကနေ စတင်ခဲ့ပြီး လက်ရှိမှာလည်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်ဖွယ်ရှိနေတယ်လို့ ချင်းအမျိုးသားတပ်ဦး CNA က ပြောပါတယ်။

ချင်းပြည်နယ် ဟားခါးနဲ့ ထန်တလန်ကြား စစ်ကောင်စီတပ်စခန်းတွေ သိမ်းယူခဲ့တဲ့အခြေအနေကို ချင်းအမျိုးသားတပ်ဦး CNA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက VOA ကို အခုလို ပြောပါတယ်။

“ အခုတလောက ကျနော်တို့ ဒီ အဓိက ဟားခါးနဲ့ ထန်တလန်ကြား စစ်ကောင်စီရဲ့ စခန်းငယ်တွေကို စစ်ဆင်ရေးဖော်ဆောင်တာပေါ့။နိုဝင်ဘာ ၂၂ရက်နေ့ကနေ ဒီနေ့ အထိပေါ့။ အဲဒီမှာ စခန်းငယ် ၃ခုကို ရရှိတာပေါ့နော်။ ”

ချင်းပြည်နယ် ဟားခါးနဲ့ ထန်တလန်ကြားက စခန်း ၃ခုကို သိမ်းပိုက်ချိန် စစ်ကောင်စီဘက်က တပ်ရင်းမှုး၂ဦး၊ အခြားအဆင့်အရာရှိ ၃ဦးနဲ့ ရဲအရာရှိ၂ဦး အပါအဝင် လူ၃၀ဦး ကျဆုံးပြီး ၁၉ဦးကို ဖမ်းဆီးရမိခဲ့သလို လက်နက်ကြီး၊ငယ် ၅၀ကျော်လည်း သိမ်းဆည်းမိခဲ့တဲ့အခြေအနေ ချင်းအမျိုးသားတပ်ဦး CNA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ဆက်ပြောပါတယ်။

“ အခု တပ်ရင်းမှုး ၂ဦးပေါ့နော်။ ၂၂၂ တပ်ရင်းမှုးရယ်၊ ၂၆၆ တပ်ရင်းမှုးရယ် ပြီးတော့ တပ်က အရာရှိက ၃ဦးရယ်၊ ရဲအရာရှိက ၂ဦးရယ်ပေါ့။ သူတို့ အပါအဝင် အားလုံး သူတို့ဘက်က ၃၀ ကျသွားတယ်ပေါ့နော်။ ၁၉ယောက် က အရှင်ဖမ်းမိသွားတယ်။ လက်နက်တွေ ဘာတွေကတော့ ၅၁လက်တော့ ရရှိတယ်ပေါ့။”

လက်ရှိမှာတော့ စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်သလို လက်နက်ကြီးပစ်ခတ်တာတွေ ရှိနေပြီး တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေကြောင်းလည်း ဆလိုင်းထက်နီက ပြောပါတယ်။

“ အခုလောလောဆည်ကတော့ တိုက်ပွဲက ဆက်ဖြစ်နေတဲ့ အနေအထားမှာပေါ့။ ဘာလို့ဆို ကျနော်တို့ဘက်က စစ်ဆင်ရေး နားရင်လည်း၊ မနားရင်လည်း ဂျက်ဖိုက်တာကတော့ တနေ့ကို ၃ကြိမ်၊ ၄ကြိမ် စသည့်ဖြင့်….. ဒီမနက်လည်း အဲသလို ကြဲတယ်ပေါ့နော်။ ဒီမနက်လည်း ၆နာရီမှာ ဂျက်ဖိုက်တာ လာတာရှိတယ်။ ပြီးတော့ လက်နက်ကြီးကလည်း တလစပ်ပစ်နေတဲ့အနေအထားမှာ ရှိနေပါတယ်။ တိုက်ပွဲကတော့ ဆက်လက်ပြီးတော့ ပြင်းထန်လာမယ့် အခြေအနေမှာပါပဲ။ ”

စစ်ကောင်စီဘက်က အကျအဆုံးစာရင်းကိုတော့ သီးခြားအတည်ပြုချက် မရသေးပါဘူး။ ချင်းပြည်နယ်အခြေစိုက် သတင်းမီဒီယာတွေမှာတော့ စစ်ကောင်စီတပ်သား ၁၉ဦးနဲ့ လက်နက်တွေ ဖမ်းဆီးရမိကြောင်း သတင်းတွေ ဖော်ပြပေမဲ့ အကျအဆုံးစာရင်းကိုတော့ ဖော်ပြထားတာ မတွေ့ရပါဘူး။ ချင်းပြည်နယ် တိုက်ပွဲသတင်းနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာမရှိပါဘူး။

နိုဝင်ဘာ ၉ ရက်နေ့ကတည်းက စတင်လိုက်တဲ့ ချင်းညီနောင်အဖွဲ့ (Chin Brotherhood)ရဲ့ ချင်းညီနောင်စစ်ဆင်ရေး (Operation CB)မှာ မင်းတပ်မြို့နဲ့ ဖလမ်းမြို့ မြို့ပေါ်က စစ်ကောင်စီစခန်းများကို တပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ချင်းပြည်နယ် မင်းတပ်နဲ့ ဖလမ်းဘက်တွေမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။