ကွန်ဂို ဒီမိုကရက်တစ် သမ္မတ နိုင်ငံမှာ ကြာသပတေးနေ့က ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိမ်း တပ်သားတွေ အတိုက်ခိုက်ခံရမှုမှာ သေဆုံးသူဟာ ၁၅ ဦိး ရှိသွားပြီလို့ ကုလသမဂ္ဂ ကပြောကြားလိုက်ပြီး ကုလသမဂ္ဂ အလံကို တနင်္လာနေ့မှာ ထက်ဝက်လွှင့်ထူပြီး သူတို့ ကို ဂုဏ်ပြုမယ်လို့ ပြောပါတယ်။
ငြိမ်းချမ်းရေထိမ်း တပ်သား အားလုံးဟာ တန်ဇီးနီးယားက ဖြစ်ပြီး သူတို့ဟာ ကွန်ဂိုက မတည်ငြိမ်တဲ့ မြောက်ပိုင်း Kivu ခရိုင်မှာ တာဝန် ထမ်းဆောင် နေကြတာ ဖြစ်ပါတယ်။ အဲဒီဒေသဟာ ADF ယူဂန်ဒါသူပုန်အဖွဲ့ ကျက်စားတဲ့ နေရာ ဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ ပြီးခဲ့တဲ့ လတုန်းကလည်း ကုလအဖွဲ့ကို တိုက်ခိုက်ခဲ့တတာ ဖြစ်ပြီး အခု ကြာသပတေး တိုက်ခိုက်မှုကိုလည်း သူတို့အဖွဲ့က လုပ်ဆောင်မယ်လို့ သံသယ ရှိကြောင်း ကုလသမဂ္ဂ အရာရှိတဦးက VOA ကို ပြောပါတယ်။
ငြိမ်းချမ်းရေးထိမ်း တပ်သား နောက်ထပ် အနည်းဆုံး ၂ ဦးပျောက်ဆုံးနေကြောင်းလည်း သတင်းတွေ ထွက်နေပါတယ်။ MONUSCO ကုလသမဂ္ဂ အဖွဲ့ကတော့ သူတို့အဖွဲ့နဲ့ ကွန်ဂိုတပ်တွေ ADF သူပုန်လို့ ယူဆရသူတွေနဲ့ ဖြစ်ပွါးတဲ့ တိုက်ပွဲမှာ ကွန်ဂိုစစ်သား အနည်းဆုံး ၅ ယောက်လည်း သေဆုံးခဲ့တယ်လို့ ပြောပါတယ်။
တန်ဇီးနီးယား သမ္မတ John Magufuli ကတော့ အခုလို အတိုက်ခိုက်ခံရတာအတွက် အံ့သြ တုန်လှုပ်ရကြောင်း ပြောပါတယ်။ ဒီတိုက်ခိုက်မှု ဖြစ်ပွါးကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့တဲ့ နေ့ဟာ တန်ဇီးနီးယား လွတ်လပ်ရေးနေ့ မကျင်းပခင် တရက်မှာ ဖြစ်နေကြောင်း သောကြာနေ့ တန်ဇီးနီးယား ပြည်သူတွေကို မိန့်ခွန်း ပြောကြားခဲ့တာပါ။
အမေရိကန် နိုင်ငံခြားရေးဌာန အာဖရိကရေးရာဗျူရိုက ထုတ်ပြန်တဲ့ ကြေညာချက် မှာတော့ အခုတိုက်ခိုက်မှုဟာ ကြောက်ရွံ့စရာ ကောင်းကြောင်း ထုတ်ပြန်ခဲ့ပြီး ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိမ်းအဖွဲ့၊ ကွန်ဂိုစစ်တပ်နဲ့ သေဆုံးခဲ့ရသူတွေရဲ့ မိသားစုဝင်တွေအတွက် လွန်စွာ ဝမ်းနည်းကြေကွဲရပါကြောင်း ပြောကြားခဲ့ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres ကတော့ ဒီတိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှု မြောက်ကြောင်းပြောကြားခဲ့ပါတယ်။
Your browser doesn’t support HTML5